သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်အောက် ငြိမ်ဝပ်ပိပြားရေး အခြေအနေ


Myanmar
Myanmar
တိုက်ရိုက် လင့်ခ်

စစ်ကောင်စီ အာဏာသိမ်းယူပြီး (၃) လ ကျော်လာသည့်တိုင်အောင် မြန်မာနိုင်ငံမှာ ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပေဒေစိုးမိုးရေး ပျက်ပြားနေဆဲ၊ အုပ်ချုပ်ရေးယန္တရား ယိုယွင်းနေဆဲဖြစ်ပေမယ့်၊ စစ်ကောင်စီကတော့ နှစ်ရှည်အုပ်ချုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့် က ပြောပါတယ်၊ အသေးစိတ်ကို တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလာတာ (၃) လ ကျော်လာခဲ့ပါပြီ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ ငြိမ်ဝပ်ပိပြားမှု အခြေအနေက ပုံမှန်ရောက်သွားပြီလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တချို့ကလဲပြောတယ် ဆန္ဒပြမှုတွေဟာ ရန်ကုန်မြို့တို့မှာ ဒီလောက်ပြင်းပြင်းထန်ထန် မရှိတော့ဘူးလို့ ပြောနေကြပါတယ်။ ပထမဦးဆုံး ယေဘုယျအခြေအနေကို သုံးသပ်ပေးပါ။

ဖြေ ။ ။ ဒီလိုရှိတယ် နှိပ်ကွပ်မှုတွေ၊ ဖိနှိပ်မှုတွေကတော့ အရမ်းပြင်းထန်တယ်။ ကျနော်တို့ဆိုရင် လမ်းသွားရင်တောင် တယ်လီဖုန်းတောင် ယူမသွားရဲဘူး။ အထူးသဖြင့် လူငယ်တွေ။ တယ်လီဖုန်း တွေ့တာနဲ့ အဲဒီတယ်လီဖုန်းကို ပေးဆိုပြီးတော့ - အထူးသဖြင့် taxi နဲ့ ကိုယ်ပိုင်ကားစီးတဲ့လူတွေ၊ ဘတ်စ်ကားစီးတဲ့ လူတွေကိုတော့ လုပ်တာသိပ်မရှိဘူး။ အဲဒီလိုစစ်လိုက်လို့ တယ်လီဖုန်း ဖွင့်ပြလို့ သူတို့မကြိုက်တာတွေ ပါသွားရင် အဲဒီတယ်လီဖုန်းကို သိမ်းလိုက်တယ်။ နံပတ်နှစ်ကတော့ အရေးယူမယ်ပြောတယ်။ နံပတ်သုံးကတော့ ပိုက်ဆံတောင်းတယ်။ အဲဒီဟာတွေ ဖြစ်နေတဲ့အခါမှာ လူတွေက တော်တော်သွားရလာရတာကအစ အဲဒီလောက်ကို ဖိနှိပ်တာ။ ညပိုင်းဆိုလဲ ဘာမှမပြောဘဲနဲ့ ဝင်လာတယ်။ သူတို့ခန့်ထားတဲ့ ရဝတနဲ့ ဝင်လာတယ်။ ညဘက်လဲ မလုံခြုံဘူး။ အဲဒီလို ဖြစ်တဲ့အခါမှာ ယေဘုယျအခြေအနေအရ ငြိမ်သက်သလို ရှိပေမယ့် လူထုကတော့ မကျေဘူးပေါ့။ ရက်စက်လွန်အားကြီးတော့။ တနေ့ကပဲ သာကေတမှာ သူတို့ခန့်ထားတဲ့ ရဝတအုပ်ချုပ်ရေးမှူးကို လူ (၃) ယောက်က ဝင်လာပြီး ဓါးနဲ့ထိုးသတ်သွားတယ်။ အဲဒီလိုဟာမျိုးတွေက ရန်ကုန်မှာ မီးရှို့တာတွေ၊ ရိုက်တာတွေ အဲဒီလိုတွေ target က ပြောင်းသွားပြီ။

တဘက်မှာလဲ လူငယ်တွေက လစ်ရင်လစ်သလို ဆန္ဒပြပွဲတွေကတော့ ရှိနေတယ်။ ငြိမ်သက်သွားပြီဆိုတာတော့ လုံးဝမဟုတ်ဘူး။

မေး ။ ။ အခုဖမ်းဆီးအရေးယူခံထားရတဲ့ လူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ကိန်းဂဏန်းကတော့ သူတို့က လျှော့ပြောတယ်။ AAPP က ပြောတာ မှားတယ်ပေါ့။ ဒါပေမဲ့ ကျနော်သိချင်တာက ဖမ်းဆီးခံထားရလူတွေကို ဘယ်လိုရုံးတင်မလဲ။ အရပ်ဘက်တရားရုံးလား။ စစ်ခုံရုံးလား။ ကျနော် ပထမနားလည်ထားတာက ရန်ကုန်က မြို့နယ် (၆) ခုနဲ့ မန္တလေးက မြို့နယ် (၆) ခုကိုပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တယ်လို့ ကြားပါတယ်။ အခု တနိုင်ငံလုံးကို သူတို့ပြုမှုလုပ်ဆောင်နေတာက စစ်အုပ်ချုပ်ရေးပုံစံမျိုးများ ဖြစ်နေမလား။ အဲဒါကို ဥပဒေကြောင်းအရ ခွဲခြားမြင်မိပါသလဲ။

ဖြေ ။ ။ အဲဒါက သာမန်လူတွေအနေနဲ့တော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက အားလုံးကို စစ်အုပ်ချုပ်ရေးပုံစံ လုပ်နေတာ။ ရန်ကုန်မှာတော့ ၅၀၅ တွေနဲ့ လူသတ်မှုတွေကို ထောင်ထဲမှာပဲစစ်တယ်။ တရားလိုကိုပဲ အကျဉ်းနည်းနဲ့ စစ်ပြီးတော့ အပြစ်ဒဏ်ပေးတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ စစ်အုပ်ချုပ်ရေး ထုတ်ထားလို့။ ဒါပေမဲ့ မာရှယ်လော စစ်အုပ်ချုပ် မထုတ်ထားတဲ့ဟာတွေလဲ အဲဒီလိုပဲ လုပ်တာပဲ။ ထောင်ထဲမှာပဲ အကျဉ်းနည်းနဲ့စစ်တယ် ခုခံချေပခွင့်တွေလည်း သိပ်မရကြဘူး။ ဒီနေ့ပဲ Facebook မှာ တင်လိုက်ပြီးပြီ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥပဒေကို ပြင်ဆင်မှုပြဌာန်းပြီးတော့ ဥပဒေအထောက်အကူ ပြုသူများအဖွဲ့ကို ပေးအပ်ထားတဲ့ အာဏာတွေကို၊ လုပ်ပိုင်ခွင့်တွေကို အားလုံးရုတ်သိမ်းလိုက်တယ်။ ရှေ့နေတွေဟာ ဥပဒေအထောက်အကူပြုရေးအဖွဲ့ရဲ့ ဥပဒေကိုကိုင်ပြီးတော့ ဘာမှပြည်သူတွေကို ကူညီလို့မရလောက်အောင် ပိတ်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ဒီ (၁) နှစ်အတွင်းမှာပဲ ရွေးကောက်ပွဲ လုပ်ပေးပြီးတော့ နိုင်တဲ့လူကို အာဏာအပ်ပါမယ်ဆိုတဲ့ ဥပဒေဟာ ဥပဒေတွေကို အသေးစိတ် လိုက်ပြင်နေပြီးတော့ ပြည်သူကို ပေးထားတဲ့ အခွင့်အရေးတွေကို လိုက်ရုတ်သိမ်းနေတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူတို့က (၅) နှစ်အထက်ကို အနည်းဆုံး (၅) နှစ်အထက် အုပ်ချုပ်တော့မယ်ဆိုတာကို ပြင်ပြီးတော့ လုပ်နေပြီဆိုတာကို အဲဒါကို ကျနော်တို့က အတိအကျ တွေ့နေရပြီ။

မေး ။ ။ ပထမတခုက သူတို့တက်လာခါစတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတာက (၁) နှစ်အတွင်းမှာ ရွေးကောက်ပွဲ ပြန်ပြီး လုပ်ပေးမယ်။ နိုင်တဲ့ပါတီကို အာဏာလွှဲမယ်ဆိုပြီးတော့ လမ်းပြမြေပုံ (၅) ချက်ဆိုပြီးတော့ ပြောပါတယ်။ နောက်မကြာသေးခင်က သူတို့ရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ (၂) နှစ်ဆိုပြီးတော့ ပြန်ပြောတာ တွေ့ရပါတယ်ဆိုတော့ အခု ဦးကြီးမြင့်က (၅) နှစ်လောက် ဖြစ်မယ်လို့ ဘာကြောင့် ခန့်မှန်းပါလဲ။

ဖြေ ။ ။ သူတို့လုပ်ကိုင်နေတာက ဥပဒေကို လိုက်ပြီးပြင်နေတယ်။ ပြည်သူကို ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေး ဥပဒေတွေကို လိုက်ပြီးတော့ ရုတ်သိမ်းနေတယ်၊ ပယ်ဖျက်နေတယ်။ ဥပမာ ဧည့်စာရင်းတွေ တိုင်ခိုင်းတာတွေ၊ အိမ်တွေကို ရှာဖွေပုံစံမပြဘဲနဲ့ စစ်လို့ရတယ့်ဟာမျိုးတွေ၊ အဲဒီလို မတရားလုပ်တာကို တရားစွဲခွင့် ရှိတယ်ဆိုတဲ့ ဥပဒေကို ရုတ်သိမ်းတာတွေ။ အဲဒါတွေကို ကြည့်လိုက်ခြင်းအားဖြင့် သူတို့ဟာ NLD ပါတီကို ဖျက်ပစ်မယ်။ အခုလဲ သူတို့တော်တော်လေး စုဆောင်းထားပြီ။ NLD ပါတီကို တစ်က မဲခိုးတယ်ဆိုတဲ့ ပုဒ်မ။ နောက်တခုက NLD ပါတီက အကြမ်းဖက်တွေနဲ့ ဆက်သွယ်တယ်၊ လက်နက်ကိုင်တယ်ဆိုပြီးတော့ အဲဒီလိုပုဒ်မတွေ ဆွဲပြီးတော့ NLD ပါတီကို ဖျက်ပြီးတော့ ကျန်တဲ့ သူတို့နဲ့ စိတ်တူကိုယ်တူ လုပ်ထားတဲ့ပါတီတွေ အနိုင်ရအောင် လုပ်ပြီးတော့ သူက သမ္မတ လုပ်မှာပဲ။ မြင်သာနေတာပဲ PR စနစ်ကိုလည်း ကျင့်သုံးအုံးမှာ။ အဲဒီလိုသွားပြီးနောက်က သူပဲ သမ္မတလုပ်ပြီးတော့ ဆက်သွားအုံးမှာ။ ဒါကြောင့်မို့ (၅) နှစ်ကို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောချင်ဖြစ်ပါတယ်။ အထောက်အထားနဲ့တော့ မဟုတ်ပါဘူး။

မေး ။ ။ PR စနစ်ကို သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲဒီ PR စနစ်ကိုသွားရင် တိုင်းရင်းသားတချို့က ပိုပြီးနှစ်သက်ကြလိမ့်မယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ တချို့ပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ဖော်ထုတ်ပြီးတော့ ပြောခဲ့ကြတာလဲ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လူအများစုက လက်မခံနိုင်စရာအကြောင်း ရှိလာမလား။

ဖြေ ။ ။ NLD က တခဲနက် တအားနိုင်ထားတဲ့အခါမှာ လူတွေက ပြောဆိုခွင့်တွေကို ကျန်တဲ့ပါတီတွေက ပိတ်သလို ဖြစ်သွားတဲ့အခါမှာ ဒီလို PR စနစ်များ ကောင်းမလားဆိုပြီး ဆွေးနွေးကြတာပါ။ ဒါပေမဲ့ အခုစစ်အာဏာရှင်စနစ်က ဦးစီးပြီးတော့ PR စနစ်ကို လုပ်မယ်ဆိုတာကတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကပဲ ဒီရွေးကောက်ပွဲကို အနိုင်ယူပြီးတော့ သူတို့က အုပ်ချုပ်မှာ။ နောက်တခုက တချို့နေရာတွေမှာဆိုရင် ခြောက်လန့်ပြီးတော့ ရွေးကောက်ပွဲတွေ မဝင်ရဲအောင် လုပ်တာတွေ။ နောက်တခါ လုံခြုံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ။ စစ်တပ်လိုလားတဲ့ ပါတီတွေပဲ နိုင်ကြမှာပဲ။

မေး ။ ။ CDM လုပ်ကြတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ အဲဒီဝန်ထမ်းတွေကို အရေးယူတယ်၊ ဖမ်းတယ်ဆိုတာလဲ ကြားမိပါတယ်။ တကယ်တော့ CDM လုပ်ဖို့ လှုံဆော်တဲ့ လူတွေကို ဖမ်းတယ်ဆိုတာကတော့ ဥပဒေနဲ့ ညီညွှတ်ကောင်း ညီညွှတ်မယ်လို့ ကျနော် စဉ်းစားမိပါတယ်။ ဒါပေမဲ့ CDM လုပ်တယ်လူတွေကို ဖမ်းတယ်လို့လည်း ကြားရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ တကယ့်ကို အနိုင်ကျင့်သလို ဖြစ်သွားပြီ။ လူတွေကို ကိုယ့်ဘာသာကိုယ် ဆန္ဒပြပြီးတော့ နေတာဟာကို ကိုယ့်အိမ်ထဲကိုယ် မနေရဲတော့ဘဲ၊ အားလုံးထွက်ပြေးနေရတယ်။ အဲဒီအထဲမှာ ကျနော်တို့လည်းပါတယ်။ ထွက်ပြေးနေရတဲ့အခါကြတော့ လူတွေကတော့ ဒါက မတရားဘူး၊ ခင်များပြောသလိုပဲ လှုံဆော်တဲ့လူတွေကို ဖမ်းဆီးတယ်ဆိုတာ တမျိုးလေ။ ဘာမှလဲ မလုပ်ဘဲနဲ့ CDM လုပ်ပြီးတော့ မသွားဘဲနေတာကို ၅၀၅ နဲ့ ဖမ်းပြီးတော့။ နောက်တခုက CDM လုပ်တဲ့လူတွေကို ပြန်ဝင်လို့ရှိရင် လက်ခံမယ်၊ ၅၀၅ တွေလည်း ဖြုတ်ပေးမယ်ဆိုပြီးတော့ တဘက်ကလဲ တချို့ဌာနတွေက အဲဒီလိုတွေ လုပ်နေတယ်။

မေး ။ ။ အဲဒီလို CDM လုပ်ပြီး ပြန်ဝင်တဲ့ ဝန်ထမ်းတွေကို ပြစ်ဒဏ်တွေ လျှော့ပေးမယ်ဆိုပြီးတော့ ပြောနေတော့၊ အခုအခါမှာ ဝန်ထမ်းတွေ ဘယ်လောက်အထိများ အလုပ်ပြန်ဝင်ပြီးတော့ သူတို့လုပ်ငန်းတွေ ကောင်းကောင်းလည်ပတ်နေပြီလို့ ပြောနိုင်ပါသလဲ။

ဖြေ ။ ။ အဲဒါကလဲ အမျိုးမျိုးပဲ။ တကယ့်လက်တွေ့မှာ သူတို့က နှုတ်ပြောလောက်ပဲ ဖြစ်ပြီးတော့၊ အဲဒီလို ဝင်လုပ်နေတဲ့ လူတွေလည်း ရှိတယ်။ လာတော့မှ ဆီဖမ်းပြီးတော့ ၅၀၅ ဖွင့်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် အခု စစ်အစိုးရရဲ့ ပြောဆိုချက်တွေက တနေရာ တဗိုလ်တမင်း၊ တနေရာမှာ ဝန်ကြီးဌာနက တမျိုးနဲ့ အဲဒီလိုတွေ လုပ်နေတာတွေ ရှိတယ်။ အဲဒါက မူသေမဟုတ်သေးဘူး။ အမျိုးမျိုး စမ်းသပ်နေတာပဲ ရှိတယ်။

မေး ။ ။ အဲဒီတော့ ရုံးဝန်ထမ်းတွေအပြင် CDM လုပ်နေတဲ့အထဲမှာ အရေးကြီးဆုံးကတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေလို့ ထင်ပါတယ်။ နောက် ဘဏ်ဝန်ထမ်းတွေ။ စီးပွားရေးလုပ်ငန်းတွေအတွက်။ အဲဒီ ပညာရေး၊ ကျန်းမာရေးဘက်မှာ ဝန်ထမ်းတွေ အပြည့်အဝ အလုပ်ပြန်မဆင်းကြသေးသမျှ ဒီအခြေအနေက ဘယ်လိုနေပါသလဲ။ အတော်လေးကို ကျဆင်းဆုတ်ယုတ်သွားမယ့် အခြေအနေ ရှိလား။

ဖြေ ။ ။ အဲဒါကတော့ အသေအချာပေါ့။ ကျန်းမာရေးဘက်မှာဆိုလဲ အခု တရားဝင် တရားစွဲထားတာ သူတို့ကြေညာတာပင် ဆရာဝန် သုံးရာကျော်သွားပြီ။ တရားဝင်ကြေညာတာ၊ တခြားဟာတွေက တပြည်လုံးပဲ။ ဆေးရုံးအုပ်တွေ၊ ကျောင်းအုပ်တွေ၊ အဲဒီလို လူအကြီးတွေကအစပါတာ။ အငယ်တွေကတော့ အကုန်ပေါ့။ အဲဒါတွေကြောင့်မို့ ဗမာပြည်က ငြိမ်သွားပြီဆိုတာတို့၊ ဒါကတော့ အေးချမ်းပုံမှန် ဖြစ်သွားပြီဆိုတာ လုံးဝမဟုတ်ဘူး။ CDM ကတော့ ဆက်လက်အားကောင်းနေဆဲပဲ။ ဆက်လက်တိုက်ပွဲဝင်နေဆဲလို့ ကျနော်တို့ကတော့ မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဦးကြီးမြင့်ကတော့ သူတို့က (၅) နှစ်လောက် အာဏာယူလိမ့်မယ်လို့ ခန့်မှန်းတယ်။ အခုလောလောဆယ်မှာ အဲဒီအခြေအနေကို ထိန်းနိုင်ပြီလား။ သူတို့မှာ (၅) နှစ်တာ ဆက်လက်အုပ်ချုပ်သွားနိုင်တဲ့ အခြေအနေမျိုး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားမှု၊ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်အောင် လုပ်နိုင်ပြီလား။ လုပ်နိုင်မယ့် အလားအလာကော တွေ့ရပြီလား။ (၅) နှစ်လုံး ဒီလိုပဲ သွားနေမလား။ ဦးကြီးမြင့် ဘယ်လိုခန့်မှန်းပါလဲ။

ဖြေ ။ ။ (၅) နှစ်မပြောနဲ့ (၅) လ ဖြစ်ဖို့တောင် တော်တော်ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့ အတွေ့အကြုံပေါင်း မြောက်မြားစွာရယ်၊ စစ်တပ်ရဲ့အကျင့်ရယ်။ ခေတ်ပေါင်းများစွာ ခေတ်အဆက်ဆက် ကတိမတည်တာတွေကို ပေါင်းစပ်ပြီးတော့ အနည်းဆုံး (၅) နှစ်အထက် အုပ်ချုပ်ဖို့ ပြင်ဆင်နေတယ်။ ဥပဒေတွေလည်း ပြင်နေတယ်။ အဲဒီလို အတိအကျ ပြောပါတယ်။ ပြောနိုင်တယ်။


==Unicode==




တဘကျမှာလဲ လူငယျတှကေ လဈရငျလဈသလို ဆန်ဒပွပှဲတှကေတော့ ရှိနတေယျ။ ငွိမျသကျသှားပွီဆိုတာတော့ လုံးဝမဟုတျဘူး။















XS
SM
MD
LG