သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခမဲ့ အင်္ဂလိပ်စာသင်တန်း အစီအစဉ်


English Access Microscholarship Program Director Nant Esther
English Access Microscholarship Program Director Nant Esther

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာတော့ အမေရိကန်အစိုးရရဲ့ မြန်မာ့ပညာရေးပံ့ပိုးမှု အစီအစဉ်တခုအဖြစ် အခမဲ့သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာတခုထဲ မဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလဲ သိမြင်အောင် သင်ကြားပေးနေပါတယ်လို့ ဒီအစီအစဉ်ရဲ့ ဒါရိုက်တာ Nant Esther က ပြောလိုက်ပါတယ်၊ သင်တန်းသားတွေရဲ့ ကိုယ်ပိုင်အရည်အသွေး မြင့်မာလာစေဖို့၊ နိုင်ငံသားတယောက်ရဲ့ တာဝန်တွေကို သိရှိနားလည်စေဖို့လည်း လေ့ကျင့်ပျိုးထောင်ပေးနေတယ်လို့ English Access Microscholarship Program ဒါရိုက်တာက ဆိုပါတယ်၊ မြန်မာနိုင်ငံ နေရာစုံသွားပြီး အရည်အချင်းမြှင့် အစီအစဉ်တွေနဲ့ သင်တန်းတွေပေးခဲ့လို့ အမေရိကန်အစိုးရ ချီးမြှင့်တဲ့ Gold Star Award ဆုကို ရရှိထားတဲ့ ဆရာမ နန့်အက်စ်သာကို ပုသိမ်မြို့ အင်္ဂလိပ်စာ အခမဲ့သင်တန်းကျောင်းမှာ ရန်ကုန် VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာပါ။


ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာမရှင်။ ဆရာမ အခုလိုလာပြီးတော့ ကျမတို့ကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဆရာမ Nant Esther ။ ။ မင်္ဂလာပါ။ ကျမလည်း ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ နားလည်ထားသလောက် ဆရာမက ၂၀၁၁ တုန်းက အမေရိကန်အစိုးရက ချီးမြှင့်တဲ့ Gold Star Award လို့ခေါ်တဲ့ ဆုကို လက်ခံရရှိထားတယ်လို့ သိရပါတယ်။ ဒါက အနှစ် (၅၀) အတွင်းမှာ ပထမဦးဆုံး မြန်မာအမျိုးသမီးတယောက်အနေနဲ့ ဆွတ်ခူးခဲ့တဲ့ဆုလို့ သိရပါတယ်။ အဲဒီဆုကို ဘယ်လိုအတွက်ကြောင့်များ ချီးမြှင့်ခြင်း ခံခဲ့ရပါသလဲရှင့်။

ဆရာမ Nant Esther ။ ။ တကယ်တော့ အမေရိကန်အစိုးရအနေနဲ့ နှစ်တိုင်းနှစ်တိုင်းလို International Leadership Program ခေါ်တဲ့ နိုင်ငံတကာဧည်သည်တော် အစီအစဉ် အမြဲတမ်း ရှိပါတယ်။ အဲဒီ အစီအစဉ်မှာ နှစ်တိုင်း ပို့တယ်။ တနှစ်ကို လူတော်တော်များများလေး ပို့ပါတယ်။ ကဏ္ဍအသီးသီးကနေ၊ နယ်မြေအသီးသီးကနေ ခေါင်းဆောင်တွေလို့ ထင်ရတဲ့လူတွေကို ပို့ပေးပါတယ်။ ပြီးတော့ ဟိုမှာ ခေါင်းဆောင်သင်တန်းလေးတွေ ပို့ချပြီးတော့ လိုက်ပြီးတော့ လည်ပတ်ခိုင်းတာ၊ လေ့လာကြည့်ရှုခိုင်းတာတွေ ရှိပါတယ်။ ကျမကိုလဲ ၂၀၀၁ ခုနှစ်တုန်းက နေရာပေါင်း (၇) နေရာလောက်ကို (၁) လနီးပါး ပို့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက (၄၁) Institutions ကိုတောင် သွားခဲ့ရပါတယ်။ ပြည်နယ်လည်း (၇) ခုလောက် သွားခဲ့ရတယ်။ သွားခဲ့ပြီးတော့ ရလာတဲ့ရလဒ်ပေါ်မှာ၊ ရလာတဲ့ အတွေ့အကြုံတွေ၊ တွေ့ရတဲ့ Professionals, Researchers, Professors တွေ အားလုံးနဲ့ တွေ့ခဲ့ရတယ်။ တွေ့ခဲ့ရတဲ့အပြင် ဌာနအသီးသီးမှာလဲ လုပ်ဆောင်တဲ့လူတွေကလည်း ကျမရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး တွေ့ခဲ့ရတယ်။ တွေ့ခဲ့ရတဲ့အပေါ် မူတည်ပြီးတော့ ကျမတို့ ဘာတွေရလာလဲ။ ရလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ နေရာအသီးသီးမှာ ဥပမာ လူငယ်အစီအစဉ်တွေ သွားတွေ့ခဲ့တယ်။ Committee Program တွေ Dakota သွားတွေ့ခဲ့တယ်။ အဲဒီမှာ ဘာထူးထူးခြားခြား တွေ့ခဲ့ရသလဲဆိုရင် Teenage Parents တွေကို သူတို့ ဘယ်လိုလုပ်ပြီး ကူညီပေးသလဲ။ ဆယ်ကျော်သက်ရွယ် မိခင်တွေ၊ လူငယ်လေးတွေကို သူတို့အနေနဲ့ Teenage prevention ဘယ်လို တားဆီးသလဲ။ အကယ်လို့ တားဆီးတဲ့ကြားက ဖြစ်လာတဲ့ မိဘဆယ်ကျော်သက်တွေကိုလဲ ဘယ်လို ကူညီပေးလဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ကူညီပေးတာတို့။ အဲဒီ အစီအစဉ်လေးက ကျမအတွက် အတော် ထူးထူးခြားခြား ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တော့ ဒီအစီအစဉ်ကိုကြည့်ပြီး ပြန်လာတော့ အထူးသဖြင့် ဆရာ၊ ဆရာမတွေရဲ့ Program တွေမှာလဲ ဝင်ပါခဲ့ရတော့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေရဲ့ Curriculum တွေကို ကြည့်ပြီးပြန်ရောက်ခဲ့တယ်။ ပြန်ရောက်တော့ အမေရိကန်သံရုံးကနေ အမေရိကန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ရှိတယ်။ အဲဒီ အဖွဲ့အစီအစဉ်နဲ့ ပူးပေါင်းလိုက်ပြီးတော့ သူတို့ဆီကရတဲ့ Small Grants တွေနဲ့ ကျမလည်း တတ်နိုင်သလောက် လိုက်လုပ်ခဲ့တယ်။ လူငယ်တွေ အစီအစဉ်တွေမှာ လုပ်ခဲ့တယ်။ Media Workshop တွေ။ ကျမရဲ့ သူငယ်ချင်း အမေရိကက ပြန်လာခဲ့တဲ့ ဒေါက်တာမသီတာတို့၊ စာရေးဆရာမ မြနှောင်းညို တို့နဲ့ ပူးပေါင်းပြီးတော့ Writers Workshop တွေလည်း လုပ်ပေးတယ်။ သတင်းစာနယ်ဇင်းအကြောင်းတွေလည်း လုပ်ပေးတယ်။ ရုပ်ရှင်တွေလည်း ဒါရိုက်တာ မောင်မျိုးမင်းတို့ကိုလည်း ကူညီလုပ်ပေးခဲ့တယ်။ ကျမ ရလာတဲ့ အတွေ့အကြုံပေါ် မူတည်ပြီး လုပ်ပေးတယ်။ အခုနပြောတဲ့ ဆယ်ကျော်သက်ရွယ် မိဘတွေနဲ့ ပတ်သက်တဲ့ Manual ဆိုတဲ့ လက်စွဲစာအုပ်ကိုလည်း ဗမာလိုပြန်လိုက်တယ်။ ပြန်ပြီးတော့ ထုတ်ပေးခဲ့တယ်။ ဒါပေမဲ့ အတိုင်းအတာအရ အကြီးအကျယ် မရောက်သွားခဲ့ပေမယ့် ကျမ ပြုလုပ်နိုင်ခဲ့တယ်။ တခါတလေ နယ်တွေဖြစ်တဲ့ သီပေါ၊ လားရှိုး၊ ကယားပြည်နယ်တွေကို သွားတယ်။ ပြည်နယ်ပေါင်းစုံလည်း ရောက်ခဲ့ပြီးပြီ။ ရောက်ပြီးတော့ အဲဒီက ဆရာ၊ ဆရာမတွေကို (၃) ရက် Workshop – Development ဆရာ၊ ဆရာမ အရည်အချင်းမြှင့်သင်တန်း program တွေ လိုက်လုပ်ပေးခဲ့တယ်။ လူငယ်တွေကြားမှာလည်း လုပ်ပေးတယ်။ ဆရာ၊ ဆရာမတွေကြားမှာလည်း လုပ်ပေးတယ်။ ဆယ်ကျော်သက်ရွယ် မိဘတွေကြားမှာလည်း လုပ်ပေးတယ်။ နှစ်ပေါင်း (၅၀) ဖြစ်တာက ၂၀၁၁ မှာ ဖြစ်နေတယ်။ ၂၀၁၁ မှာ သူတို့ရဲ့ US အမေရိကန်အစိုးရကတော့ နှစ် (၅၀) မှာ တခါလောက်တော့ သူတို့ လွှတ်ထားတဲ့ နိုင်ငံတကာခေါင်းဆောင်မှု အစီအစဉ်နဲ့ ဧည်သည်တော်အစီအစဉ်၊ ခေါင်းဆောင်မှု အစီအစဉ်ထဲမှာ သွားပြီးတဲ့လူတွေထဲက ထူးခြားတဲ့လူ။ ထူးထူးခြားခြား နိုင်ငံအတွက် လုပ်နိုင်တဲ့လူတွေကို ရွေးချယ်ပြီးတော့ ပြန်ပြီးခေါ်မယ်ဆိုပြီးတော့ စီစဉ်ပါတယ်။ စီစဉ်ပြီးတော့ တနိုင်ငံ (၂) ယောက်နှုန်း နိုင်ငံပေါင်း တစ်ရာကျော်တယ်လို့ ဆိုပါတယ်။ ဇုန် (၆) ဇုန် ခွဲထားပါတယ်။ တနိုင်ငံကို (၂) ယောက်နှုန်းနဲ့ ပထမ ရွေးတယ်။ ပြီးတော့မှ နောက်ဆုံးပိတ်မှာ (၁၈) ယောက် ရွေးလိုက်ပါတယ်။ (၁၈) ယောက်ထဲမှာ ကျမကတော့ အာရှပစ္စီဖိတ်ဇုန်ထဲက နိုင်ငံအများကြီးထဲက ရမယ်ဆိုတာတော့ လုံးဝမမျှော်လင့်ရဲပါဘူး။ ဒါပေမဲ့ ကျမ ရသွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးတယောက်အနေနဲ့ ရလို့ ကျမ အရမ်းဂုဏ်ယူမိသလို၊ အာရှပစ္စီဖိတ်ဇုန်ကိုယ်စား (၃) ယောက်ထဲက (၁) ယောက်။ မိန်းခလေး (၁၈) ယောက်ထဲမှာ မိန်းခလေးက (၆) တွဲပါတယ်။ အဲဒီအတွက်ကိုလဲ ကျမ အများကြီး ဂုဏ်ယူပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမလည်း ဂုဏ်ယူပါတယ်။ အဲဒီလို ကြားရတဲ့အတွက်။ ဆရာမ ဒီလိုမျိုး လုပ်နိုင်ကိုင်နိုင်အောင် ဆရာမရဲ့ လုပ်သက်အတွေ့အကြုံ နည်းနည်းလေး ပြောပြလို့ ရမလားရှင့်။

ဆရာမ Nant Esther ။ ။ ကျမက တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာလည်း လုပ်ခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ လုပ်ခဲ့သလို၊ လုပ်သားကောလိပ် အင်္ဂလိပ်စာဌာနမှာ လုပ်ဖူးတယ်။ ပြီးတော့ Diplomatic School လို့ခေါ်တဲ့ သံတမန်ကျောင်းမှာလည်း သံတမန်သားသမီးတွေကိုလည်း သင်ခဲ့ဖူးတယ်။ ပြီးတော့ ယိုးဒယားနိုင်ငံ ဖားယက်တက္ကသိုလ်မှာလည်း အင်္ဂလိပ်စာဌာနမှာ အင်္ဂလိပ်စာသင်ဖူးတယ်။ အဲဒီတော့ ကျမရဲ့ အင်္ဂလိပ်စာ လုပ်သက်ကို ပြောရမယ်ဆိုရင် နှစ်ပေါင်း (၃၀) တော့ ကျော်ပါပြီ။ ကျမ စာကြီးပဲ သင်တာမဟုတ်ဘဲနဲ့ ကျမရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်စွမ်းလို့ ရနိုင်သလောက် ကျမ ဖြည့်စွမ်းကြိုးစားလုပ်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် ဘာ project တွေ လုပ်နေပါသလဲရှင့်။ ကျမ ကြားတာကတော့ USAID နဲ့ ပူးတွဲပြီးတော့ သင်တန်းတွေ ပေးနေတယ်လို့ ကြားလို့ပါရှင့်။

Nant Esther ။ ။ အခုလောလောဆယ်မှာတော့ ကျမတို့ အမေရိကန်အစိုးရရဲ့ လူငယ်စွမ်းအားမြှင့်တင်ရေး အစီအစဉ်ထဲက တခုဖြစ်တဲ့ အင်္ဂလိပ်စာ ပညာဓန (၂) နှစ် သင်တန်းကို ပုသိမ်မှာ ဒါက ဧရာဝတီတိုင်းမှာ ပထမဦးဆုံးအကြိမ် လုပ်ခြင်းဖြစ်ပါတယ်။ လုပ်တဲ့အခါ သူတို့က ဖြစ်နိုင်ရင် နယ်ခံလူကိုတော့ လိုချင်တာပေါ့။ ဒါပေမဲ့ သူတို့က ဘယ်လို ပြန်စဉ်းစားသလဲဆိုတော့ ဒီ Project က ကြီးတယ်။ (၂) နှစ်ဖြစ်တယ်။ စာသင်တဲ့ အတွေ့အကြုံ ရှိရမယ့်အပြင် အမေရိကန်ရဲ့ Culture ယဉ်ကျေးမှု၊ စနစ်တွေကို တော်တော်ကြီး ခြုံငုံပြီး နားလည်ပြီးသား လူတယောက် ဖြစ်ရမယ်။ အတွေ့အကြုံရှိပြီးသား လူဖြစ်ရမယ်လို့ ယူဆတဲ့အတွက် တကယ်တော့ ကျမက ရန်ကုန်မှာ နေနေပါတယ်။ ဒါပေမဲ့ ကျမကို ကရင်အမျိုးသမီးတဦးလည်း ဖြစ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်ဆိုတာလည်း ကရင်အများစု နေတယ်ဆိုပြီးတော့ ကျမကို အကူအညီတောင်းပါတယ်။ ဒီမှာ Project Director လာလုပ်ပေးပါလို့ ပြောတဲ့အတွက်ကြောင့် ဒီနေရာလေးမှာ ခလေးကျောင်းသူကျောင်းသား (၅၀) ကို အင်္ဂလိပ်စာ သင်ပေးနေပါတယ်။ ဒီ အင်္ဂလိပ်စာသင်တန်းက (၂) နှစ် ဖြစ်ပါတယ်။ တပတ်မှာ (၁) ရက်ပဲ သင်ရပါတယ်။ (၁) ရက်ကို (၄) နာရီပဲ သင်ရပါတယ်။ ဒီ (၂) နှစ် သင်တန်းကို Project Director အဖြစ် ဦးဆောင်ပြီး လုပ်နေရပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘယ်လို ကျောင်းသူကျောင်းသားတွေကို ရွေးပါလဲရှင့်။

ဆရာမ Nant Esther ။ ။ ကျောင်းသူကျောင်းသားတွေကတော့ သူတို့ရဲ့ သတ်မှတ်ချက်ကတော့ (၁၃) နှစ်ကနေ (၁၉) နှစ်လို့ ပြောပါတယ်။ ကျမအနေနဲ့တော့ ကျမ နယ်မြေအခြေအနေအရ လိုအပ်ချက်ကို ကြည့်လိုက်တဲ့အခါမှာ တက္ကသိုလ်ကျောင်းသားကိုပဲ ဦးစားပေးပြီးတော့ (၁၆) နှစ် (၁၉) နှစ်ကြားကို တက္ကသိုလ် ကျောင်းသားတွေကိုပဲ ရွေးချယ်ပါတယ်။ ရွေးချယ်တဲ့အခါမှာ ယောကျ်ားလေး အယောက် (၂၀)၊ မိန်းခလေး အယောက် (၂၀) ကို ရွေးရပါတယ်။ ဒါ့အပြင် အရန်အဖြစ် ဒီထဲက ကျောင်းသားတချို့ အခက်အခဲဖြစ်လို့ ထွက်သွားခဲ့ရင်ဆိုတဲ့ အနေနဲ့ အရန်အဖြစ် ယောကျ်ားလေး (၅) ယောက်၊ မိန်းခလေး (၅) ယောက်ကို ထပ်ပြီးရွေးချယ်ထားတဲ့အတွက်ကြောင့် စုစုပေါင်း (၅၀) ကို သင်ကြားနေရပါတယ်။ ကျမတို့မှာ team ရှိပါတယ်။ တခြားဆရာမတွေလည်း ပါဝင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဒီသင်တန်းကျောင်းသားတွေက ဆရာမပေးတဲ့ သင်တန်း (၂) နှစ် ပြီးသွားတဲ့အခါမှာ သူတို့အတွက် Goal ရည်မှန်းချက် ဒီသင်ထားတဲ့ အင်္ဂလိပ် စကားပြော၊ အင်္ဂလိပ်စာ အရေးအသားနဲ့ ဘယ်နေရာတွေမှာ apply လုပ်ဖို့ ရှိပါသလဲ။

ဆရာမ Nant Esther ။ ။ သူတို့ စကတည်းက ဒီ program ရဲ့ goal ဦးတည်ချက်က ဘာလဲဆိုတော့ ဒီ ခလေးတွေကို (၂) နှစ် သင်တန်းပြီးသွားရင် ဒီခလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချ ရှိသွားမယ်။ အင်္ဂလိပ်စာကို လုံးဝမကြောက်တော့ဘူး။ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ (၂) နှစ် ပြီးတဲ့အခါမှာ လက်မှတ်ရမယ်။ အဲဒီ ပြီးမြောက်ကြောင်းလက်မှတ်က US သံအမတ်ကြီးက Sign ထိုးထားမှာပါ။ ဒီလက်မှတ်လေးနဲ့ဆိုရင် ဒီခလေးတွေက (၂) နှစ်ပြီးတဲ့အခါမှာ ဒီစာရွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရကောင်းရမယ်။ ရဖို့တော့များတယ်။ ဒါ့အပြင် အမေရိကကို သွားမယ်ဆိုရင်လဲ ဒီလက်မှတ် ရထားတဲ့အတွက်ကြောင့် လျှောက်လို့ရနိုင်ပါတယ်။ နောက်တခုက ဒီအစီအစဉ်က စာကြီးပဲသင်တဲ့ အစီအစဉ်မဟုတ်ဘူး။ ဘာလဲဆိုတော့ အမေရိကန်ရဲ့ ယဉ်ကျေးမှုအစီအစဉ် ဖြစ်တယ်။ Critical thinking skill လို့ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေလည်း သင်ပေးတယ်။ နောက်တခုက ကိုယ့်ကိုယ်ကို Self confidence ယုံကြည်စိတ်ရှိအောင်။ ပြီးတော့ Empowerment အစီအစဉ်တွေလည်းပါတယ်။ နောက်တခုက ခလေးတွေရဲ့ community development သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဖွံ့ဖြိုးမှုတွေ၊ Local, global issues တွေ။ ဥပမာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေ စိန်ခေါ်ချက်တွေ ရှိနေလဲ။ တကမ္ဘာလုံးက ဘာတွေ စိန်ခေါ်ချက်တွေ ရှိနေလဲ။ ဒါတွေကိုလည်း ကျမ သင်တယ်။ ပြီးတော့ နိုင်ငံသားတယောက်ရဲ့ တာဝန်ဝတ္တရားတွေက ဘာတွေလဲ။ Civic responsibilities ဒါတွေလဲ ကျမတို့ သင်ပေးရတယ်။ ပြီးတော့ ခလေးတွေကို ဘာသင်လဲဆိုတော့ ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့ လိုအပ်ချက်တွေကို မြင်တတ်ဖို့၊ ပါဝင်ပူးပေါင်းတတ်ဖို့ အဲဒါတွေကို ကျမတို့က လက်တွေ့သင်ကြားပေးတယ်။ နောက်တခုက ပထမနှစ်မှာ ကျမတို့က အင်္ဂလိပ်စာ ဆရာ၊ ဆရာမသင်တန်း သူတို့ကို ပေးပြီးတော့ နွေရာသီမှာ သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အင်္ဂလိပ်စာ လိုအပ်နေတဲ့ ခလေးတွေကို ဥပမာ နွေရာသီ ဗုဒ္ဓဘာသာသင်တန်းတို့ ဘာတို့ရှိပါလိမ့်မယ်။ အဲဒီမှာ ဒီခလေးတွေကို လွှတ်ပြီးတော့ သူတို့ ပါဝင်ရမယ်။ ဒါက သူတို့ရဲ့ တာဝန်။ လိုအပ်ချက်တွေ ဘာတွေရှိသလဲဆိုတာ သိသွားမယ်။ ဒုတိယနှစ်မှာ NGOs, INGOs တွေမှာ volunteers တွေ လွှတ်ထားပါမယ်။ တပတ်မှာ (၄) နာရီလောက်တော့ လုပ်ပေးရမယ်။ အဲဒီအခါကြရင် NGOs, INGOs တွေရဲ့ Civil Society တွေ ဒီအဖွဲ့အစည်းတွေမှာ ပါဝင်ရောယှက်ခြင်းအားဖြင့် ဒီ (၂) နှစ် သင်တန်းပြီးရင် အင်္ဂလိပ်စာသာမက၊ တကယ်ကို ကိုယ့်ကိုယ်ကို တန်းဖိုးရှိပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ တကယ့်ကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အရာတွေကို ဝိုင်းဝန်းကူညီတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်အောင် ကျမ ရည်ရွယ်ထားတယ်လို့ ယူဆထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တော်တော်ကောင်းတဲ့ ရည်ရွယ်ချက်ပါ ဆရာမ။ အဲဒီတော့ ဆရာမ အခုလောလောဆယ် သင်တာ ဘယ်နှစ်လလောက် ကြာသွားပါပြီလဲ။

ဆရာမ Nant Esther ။ ။ ကျမတို့ နိုဝင်ဘာလကမှ စသင်တာပါ။ အခုမှ (၃) လ နီးပါးလောက်ပဲ ရှိပါသေးတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျောင်းသားတွေရဲ့ အခြေအနေက ဆရာမ သင်ပေးတဲ့ဟာကို လိုက်နိုင်တဲ့ အခြေအနေ ရှိပါသလားရှင့်။

ဆရာမ Nant Esther ။ ။ ဟုတ်ကဲ့ပါ ကျမတို့က သူတို့ကို စကတည်းက (၁) လ အပြည့်မှာ TOEFL စာမေးပွဲတစုံနဲ့ စစ်လိုက်ပါတယ်။ စစ်ပြီးတော့ ခလေးတွေကို နှစ်ပိုင်းခွဲ၊ နှစ်တန်းခွဲလိုက်ပြီးတော့ တော်တဲ့လူနဲ့ အားနည်းတဲ့လူ ခွဲလိုက်ပြီးတော့ အားနည်းတဲ့သူတွေကို ပိုပြီးတော့ ဖိဖိစီးစီး ပိုသင်ပေးလိုက်တယ်။ Activities, Games တွေ ပုံစံအမျိုးမျိုး Methods အမျိုးမျိုးနဲ့ သင်တော့ သူတို့ပျော်ကြတယ်။ ပျော်ကြတဲ့အပြင် ကျမတို့က Enhancement activities တွေ သူတို့ရဲ့ အရည်အချင်းကို စွမ်းအားမြှင့်နိုင်အောင် activities တွေ လုပ်ရတယ်။ လုပ်ရတဲ့အခါမှာ ခရစ်စမတ်မှာ ခလေးတွေကို ဘယ်ကိုသွားခိုင်းသလဲဆိုရင် ခရစ်စမတ်ရဲ့ အနှစ်သာရက ဘာလဲဆိုတော့ ချစ်ချင်းမေတ္တာ ဝေမျှခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုလုပ်လဲ။ ခလေးတွေကို မုန့်ဖိုးလေးတွေ ကောက်ပြီးတော့ တကယ့်ကို ဆင်းရဲလှတဲ့ ကျူးကျော်တဲတွေရှိတဲ့ ဥမ္မာဒန္တီ (၁၃) ရပ်ကွက်ကို သွားကြတယ်။ ခလေးတွေကိုယ်တိုင် သွားပြီးတော့ ခလေးတွေကိုယ်တိုင် နို့ဆန်ပြုတ်တွေ ကျွေးတယ်။ တကယ့်ကို ဆင်းရဲချင်းဆိုတာ ဘာလဲဆိုတာကို သူတို့မျက်မြင် ပေးတွေ့ခဲ့တယ်။ မင်းတို့ ဘာလုပ်နိုင်လဲ။ အသွားနဲ့အပြန် မတူတော့ဘူး။ သွားတုန်းကတော့ တမျိုးပေါ့။ ပြန်လာတော့ သူတို့တွေအားလုံး ငါတို့ ဘာလုပ်ပေးနိုင်မလဲ။ ဒီခလေးတွေကို လက်သည်းပဲညှပ်ပေးလို့ ရရင်ရမယ်။ တကိုယ်ရည် သန့်ရှင်းရေး ဘယ်လို သင်ပေးရမလဲ။ နွေရာသီကျရင် အင်္ဂလိပ်စာလေး သင်ပေးမလဲ။ မခိုးမဝှက်အောင် ဘယ်လို သင်ပေးမလဲ။ စာရိတ္တပညာရေးကို သူတို့တဖြည်းဖြည်း သိလာကြတယ်။ အဲဒါ တခုပေါ့။ နောက်တခုက ဧပြီလမှာဆိုရင် Environment Day ပတ်ဝန်းကျင်ဆိုင်ရာနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ချောင်းသာကို သွားပြီးတော့ Anti-plastic campaign စည်းကမ်းမရှိ ပစ်ထားတဲ့ ပလက်စတစ်အိတ်တွေကို လိုက်ကောက်တယ်။ အဲဒီမှာ ဟောပြောတယ်။ စာရွက်တွေ ဝေမယ်။ ခလေးတွေကိုယ်တိုင် ဘာတွေ လိုအပ်နေသလဲ။ ပတ်ဝန်းကျင် ဘယ်လို ညစ်ညမ်းအောင် Pollution တွေကို သူတို့ကိုယ်တိုင် သိတဲ့အခါ စာလည်းတိုးတက်လာတယ် တပြိုင်တည်း၊ တဖြည်းဖြည်းနဲ့ တာဝန်ယူတတ်တဲ့ စိတ်ကလေးတွေ တဖြည်းဖြည်းမြှင့်လာအောင် တပြိုင်တည်းသင်ပေးတော့ သူတို့ကို ကြည့်ရတာတော့ အားရတယ်။ သူတို့မိဘတွေဆီက ပြန်ကြားရတာတော့ သူတို့ခလေးတွေကို ဒီလို သင်ပေးတဲ့အတွက်ကြောင့် အရမ်းဂုဏ်ယူတယ်လို့ ပြောပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာပညာရေးလောကအနေနဲ့လည်း အတုယူစရာကောင်းတဲ့ စနစ်တခုပါ။ မြန်မာပညာရေးလောကကတော့ နှုတ်တိုက်ကျက်တဲ့ ကြက်တူးရွေး စာအံတဲ့ခေတ်ပေါ့။ စာအံတဲ့စနစ် ဖြစ်နေတာပေါ့။ အဲဒီ စနစ်မျိုး မဟုတ်ဘဲနဲ့ ဒီ ကျောင်းသူကျောင်းသားတွေကို ပင်ကိုယ်အရည်အချင်း မြှင့်တင်ပေးနိုင်တဲ့ သင်တန်းတခုလို့ ကျမ ယုံကြည်ပါတယ်ရှင့်။

XS
SM
MD
LG