[[Zawgyi/Unicode]]
အရှေ့တောင်အာရှ ခရီးစဉ် အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antonly Blinken ဂျပန်နိုင်ငံကို ဒီနေ့ ကိုယ်တိုင်သွားရောက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံခဲ့ရမှုအပေါ် ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဂျပန် ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံခံခဲ့ ရတဲ့အတွက် ဝမ်းနည်းကြေကွဲတဲ့အကြောင်း၊ ဂျပန်ပြည်သူတွေနဲ့ ထပ်တူ ခံစားရပါကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဝန်ကြီးချုပ် Blinken က ပြောဆိုပါတယ်။ အာရှဒေသခရီးစဉ်အတွင်း ထိုင်းနိုင်ငံကိုရောက်ခဲ့ချိန်မှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း တွေ ဖြေရှင်းရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ဝန်ကြီး Blinken တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက် ရှိဖို့နဲ့ ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဖိအားပေးရေး တိုက်တွန်းခဲ့သလို အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကိုကူညီရေး ထိုင်းနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ပြောဆိုသွားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ကူညီတဲ့တချိန်တည်းမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအပေါ် ပြတ်ပြတ်သားသား ထောက်ပြဝေဖန်ဖို့ တာဝန်ရှိတယ်လို့လည်း ဝန်ကြီး Bliken က ပြောဆိုသွားပါတယ်။ တချိန်တည်းမှာ သီရိလင်္ကာ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်းလည်း ပြောဆိုပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းရေး လွှတ်တော်က ကြားဝင်ပြီး နိုင်ငံရေးအရ ဘက်မလိုက်ဘဲ တာဝန်ယူဖို့ လည်း ဝန်ကြီး Blinken က ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]