[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တဲ့သတင်းကြောင့် သူ့အနေနဲ့ အင်မတန် ဒေါသထွက်၊ ယူကျုံးမရဖြစ်ရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကပြောကြားပါတယ်။ စစ်ကောင်စီရဲ့ အခုလို ရက်စက်တဲ့လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံတွေက အချိုးအကွေ့တခုအဖြစ်မှတ်ယူပြီး မြန်မာနိုင်ငံပြဿနာကို တုံ့ပြန်သင့်ပြီလို့ အထူးသံတမန် Tom Andrews ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ကွပ်မျက်ခံရသူ ၄ ယောက်လုံးကို စစ်ခုံရုံးမှာ စစ်ဆေး အမိန့်ချခဲ့ပြီး အယူခံဝင်ခွင့် မရခဲ့တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ သူကထောက်ပြပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ခိုင်မာတဲ့ဆောင်ရွက်မှုတွေလုပ် လာဖို့ စစ်အစိုးရက ဘာထပ်လုပ်ပြရဦးမှာလဲလု့ိလည်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကသူ့ထုတ်ပြန်ချက်မှာ မေးခွန်းထုတ်ထားပါတယ်။
သူတို့ရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကျင့်သုံးတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေ ယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်လိုက်တဲ့အပေါ် ပြစ်တင် ရှုတ်ချတယ်လို့ အမေရိကန်သံရုံးကလည်း ထုတ်ပြန်ပါတယ်။ သူတို့ကို ဆုံးရှုံးရတဲ့အတွက် မြန်မာပြည်သူတွေနဲ့တူ ပူဆွေးသောကရောက်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူ ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခကို ဖွဲ့စည်းပုံ မူဘောင်တွေထဲကသာ အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Zhao Lijian ကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးအနေနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ရှေ့ရှုပြီး ဖြေရှင်းသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံ မူဘောင်တွေအတွင်းကနေ သဘောထားကွဲမှုတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံက အမြဲတိုက်တွန်းနေတယ်လို့ နိုင်ငံခြားရေးဌာနာ ပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။
ဒီမိုကရေစီရေးလိုလားသူ ၄ ယောက်ကို ကွပ်မျက်လိုက်တဲ့အပေါ် ဂျပန်နိုင်ငံက အပြစ်တင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာပါလို့ ဂျပန်နိုင်ငံက တစိုက်မတ်မတ် တောင်းဆိုနေတာနဲ့ ဆန့်ကျင်နေတယ်လို့ ဂျပန် Cabinet အဖွဲ့ဒုတိယအတွင်းဝန်ချုပ် Yoshihiko Isozaki ကပြောကြားခဲ့တာပါ။ အခုလိုလုပ် လိုက်တဲ့အတွက် ပြည်သူတွေရဲ့ သဘောထားအမြင်တွေ ပိုပြီးအစွန်းရောက်သွားစေနိုင်သလို နိုင်ငံတကာမှာ မြန်မာဟာ ပိုပြီး အထီးကျန်သွားလိမ့်မယ်လို့လည်း သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ရသူအားလုံးရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ဂျပန်နိုင်ငံက အထူးဝမ်းနည်း စိတ်မကောင်းဖြစ်ကြောင်းလည်း ဂျပန် Cabinet အဖွဲ့ ဒုတိယအတွင်းဝန်ချုပ် Yoshihiko Isozaki ကပြောကြားခဲ့ပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်တာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တခုအနေနဲ့ သမိုင်းတွင်မယ့် တရားဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တခုသာဖြစ်တယ်လို့ NUG အစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း တုံ့ပြန်ခဲ့ပါတယ်။ အခုသတင်းကြောင့် ပြည်သူတွေ၊ မျိုးဆက်သစ်တွေ၊ ကျောင်းသားသမဂ္ဂတွေအနေနဲ့ သွေးဆူပြီး ဒေါနဲ့ မတုံ့ပြန်ကြဘဲ ဒီဒေါသတွေကို အင်အားအဖြစ်သုံးပြီး စနစ်တကျ တုံ့ပြန်ဖို့လည်း ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းခဲ့ပါတယ်။
သေဒဏ်ကျခံရမယ့် အကျဉ်းသား ၄ ယောက်ကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ခဲ့တယ်လို့ ဒီနေ တနင်္လာနေ့ထုတ် စစ်ကောင်စီသတင်းစာတွေထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
================
[[Unicode]]