ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားတပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်တွေထောက်ပံ့ကူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ကယုံကြည်ထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက ပြောလိုက်ပါတယ်။
တရုတ်ကသာ တကယ်လုပ်ခဲ့မယ်ဆိုရင်တော့ အင်မတန်မှအန္တရာယ်များပြီး အမျှော်အမြင်မဲ့ရာရောက်လိမ့်မယ်လို့လည်း CIA ညွှန်ကြားရေးမှူးချုပ် William Burns က အမေရိကန်ရုပ်သံ CBS က တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။ တရုတ်နိုင်ငံက ဒီလိုမလုပ်ဘူးလို့ အလေးအနက် မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
ရုရှားကို စစ်လက်နက်အကူအညီပေးမှာကို တနင်္ဂနွေနေ့က အပြင်းအထန်သတိပေးပြောဆိုခဲ့တဲ့အထဲမှာ CIA အကြီးအကဲအပြင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan လည်း ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ လက်နက်တွေပေးပို့တဲ့ အထောက်အထားမျိုးတော့ အခုအထိ မတွေ့ရသေးဘူးလို့လည်း CIA အကြီးအကဲနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ၂ ယောက်စလုံးက ပြောကြပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက် ချတာမျိုး၊ ဒါမှမဟုတ် လက်တွေ့ ကူညီထောက်ပံ့တာမျိုး မတွေ့ရသေးကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Sullivan က CNN ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။
တရုတ်ဟာ အဝေးထိန်း ဒရုန်းတွေ၊ ကျည်ဆံတွေ ထောက်ပံ့ဖို့ စဉ်းစားနေတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး Wall Street Journal က ရေးသားခဲ့ပေမဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေကတော့ မမှန်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ ကျူးကျော်စစ် ၁ နှစ်ကျော်ကြာလာပေမဲ့ ရုရှားသမ္မတ Vladimir Putin ကတော့ ငြိမ်းချမ်းရေးအတွက် အလေးအနက် စကားပြောမယ့်အရိပ်အယောင် မတွေ့ရဘူးလို့လည်း CIA အကြီးအကဲက ပြောပါတယ်။
Your browser doesn’t support HTML5
===============
{{Unicode}}