[[Zawgyi/Unicode]]
ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင်း ဒီရက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင် နုတ်ထွက်သွားကြပါတယ်။ အခုလို ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်မှုဟာ ဒေသခံပြည်သူတွေအတွက် အခက်အခဲရှိသလို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုလည်း ပျက်ပြားစေတယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။ ရန်ကုန်ကနေ ပေးပို့တဲ့သတင်းကု ကိုစံကျော်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား နှုတ်အားဖြင့် အပစ်ရပ်လိုက်ကြတယ်ဆိုပေမဲ့ ရခိုင်မြောက်ပိုင်းက ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာတွေ အရေအတွက်တိုးလာပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ရသေ့တောင်မြို့နယ်တောင်းပိုင်း ဂူတောင်အုပ်စုက အုပ်ချုပ်ရေးမှူး ၂၀ နီးပါး နုတ်ထွက်ခဲ့ကြတယ်လို့ နုတ်ထွက်လိုက်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။
“ ဒါက ဂူတောင်နယ်မြေမှာရှိတဲ့ ၁၉ အုပ်စုက တခါတည်း တရက်တည်းမှာ နုတ်ထွက်တာပါ။ ၂၆ ရက်နေ့က နုတ်ထွက်တာပါ။”
ရခိုင်မြောက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ဆောင်ရွက်ရတာ ခက်ခဲလာသလို အသက်အန္တရာယ်နဲ့ ဘဝလုံခြုံမှုမရှိတာကြောင့် အခုလိုနုတ်ထွက်ရတာဖြစ်တယ်လို့လည်း နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတဦး ကပြောပါတယ်။
“ နုတ်ထွက်တာက တခြားတော့မဟုတ်ပါဘူး။ ဒီမှာက နှစ်ဘက်ကြားမှာ နေရတာ ကြပ်တည်းလာတာနဲ့ ရွာသူရွာသားတွေကလည်း အလိုမရှိတော့ဘူးလေ။ စစ်ကောင်စီကို အလိုမရှိ- အဲလို ဆိုပြီးတော့ နုတ်ထွက်ရတာ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လိုက်တာ၊ နောင်ရေးကိုလည်း စိုးရိမ်တယ်။ နှစ်ဘက် တိုက်ပွဲတွေ ဘာတွေ ပြန်ဖြစ်လို့ရှိရင် အခက်အခဲဖြစ်လာမှာကို စိုးရိမ်လို့ နုတ်ထွက်ရတာပါ။”
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလအကုန်ပိုင်းကလည်း ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော် တာဝန်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေ မကြာခဏရှိတဲ့ ဒေသတွင်း အုပ်ချုပ်ရေးမှူးလုပ်ရတာ လုံခြုံမှုမရှိတာကြောင့် ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်သွားကြတာလို့ ပြောပါတယ်။
အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတာကြောင့် ဒေသခံပြည်သူတွေအတွက် အခက်ကြုံရတယ်လို့လည်း ရခိုင်အရေးသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။
“ ဒီလိုနုတ်ထွက်လိုက်တဲ့ အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်က ကြားမှာ ကွက်လပ်ဖြစ်သွားတောပေါ့၊ စစ်ကောင်စီကြားနဲ့ ပြည်သူတွေကြားမှာ အဆက်အသွယ်ပြတ်သွားတာပေါ့။ ဆိုလိုတာက ဒေသဖွံ့ဖြိုးရေးတွေရှိမယ်။ ဒေသမှာစီမံကိန်းတွေအတွက် အချက်အလက် ကောက်တာတွေရှိမယ်၊ နောက် အထောက်အပံ့တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအထောက်အပံ့တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့ရှိမယ်၊ တဘက်က အကူအညီရနိုင်တဲ့ဟာမျိုးပေါ့။ ပြီးတော့ ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ဆေးလာတဲ့ ထောက်ခံချက်တွေ၊ အုပ်ချုပ်ရေးမှူးတွေထောက်ချက်ခံတွေ မပေးနိုင်တဲ့အခါ ဒေသလိုအပ်ချက်တွေကတော့ ကွင်းဆက်ပြတ်သွားတာပေါ့၊ အဲလိုဘက်မှာတော့ ပြည်သူတွေအတွက် အခွင့်အရေးနစ်နာတယ်လို့ ပြောလို့ ရပါတယ်။”
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပျက်သွားတဲ့နေရာတွေမှာ ရခိုင်လက်ကိုင် AA အဖွဲ့ရဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပိုပြီးတော့ အရေးပါလာနိုင်တယ်လို့လည်း ဦးဖေသန်းကသုံးသပ်ပါတယ်။
“ နောက်တချက်ကတော့ ကျနော်တို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ပျက်သွား တာပေါ့၊ ဒါတဘက် ပြည်သူနစ်နာသလို တဘက်က သူတို့ရဲ့အုပ်ချုပ်မှုအောက်က ပြည်သူတွေလွတ်မြောက်သွားတယ်လို့ ပြောလို့ရတာပေါ့၊ ဘာလို့လဲဆိုတော့ အခုစစ်ကောင်စီကလည်း ပြည်သူတွေကို သိပ်ပြီးတော့ အလေးထားတာမဟုတ်ဘူး။ ပြဿနာဖြစ်လာရင် ပြည်သူကိုပဲ ပြဿနာရှာတယ်။ ဒါက ကျနော်တို့ လက်ရှိကြုံနေရတဲ့ ကိစ္စပေါ့။”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်လအတွင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ရခိုင်ဒေသခံ ၃၀၀ ကျော်ကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၀၀ ကျော်လောက်ပဲ ပြန်လွှတ်ပေးသေးတယ်လို့ AA ဘက်က ပြောထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နှုတ်ကတိနဲ့ အပစ်ရပ်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာရေး၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသည်ယူရေးပိုင်းတွေမှာ အခက်ကြုံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]