ပြင်ဦးလွင်ရေကြီးမှု နေအိမ်နဲ့ စိုက်ခင်းအများအပြား ပျက်စီး

ပြင်ဦးလွင် ရေကြီးနေ (ဇူလိုင် ၃၁ ၊ ၂၀၂၂ )


[[Zawgyi/Unicode]]

မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တွေအပြင် စိုက်ခင်းတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။ အခုလို ရေကြီးရေလျှံတာဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအားနည်းတဲ့အတွက်ကြောင့်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ တခြားဒေသတွေအတွက် မြစ်ရေ သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၃၁ ရက်က မိုးရွာသွန်းတာကြောင့် မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ ဂဲလောင်းချောင်း တောင်ကျချောင်းရေကြောင့် မြို့ရဲ့ နေရာတော်တော်များများ ရေကြီးရေလျှံခဲ့ပါတယ်။

သြဂုတ်လ ၃၁ ရက် ရေပြန်ကျသွားပြီးနောက်မှာ တောင်ကျရေကြောင့် နေအိမ်တွေပျက်စီး ဆုံးရှုံးခဲ့ရသလို စိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတဦးက အခုလိုပြောပါတယ်။

“အဓိက က ဂဲလောင်းချောင်း ဘေးဝဲယာပေါ့နော်။ ဂဲလောင်းချောင်းဘေး ဘယ် ညာ ဝဲယာတွေက ပိုခံရတာပေါ့နော်။ အဓိက က အိမ်တွေမြေကျွံတာ၊ အိမ်ကျွံသွားတာတွေတော့ရှိတယ်။ တချို့က အုတ်တံတိုင်းတွေပြိုတယ်။ တချို့ကလည်း အိမ်တခြမ်းပြိုတာတွေလည်းရှိတယ်ပေါ့နော်။ အိမ်ထဲကို အကုန်ဝင်ထားတော့ ပျက်စီးဆုံးရှုံးမှုက အိမ်ထဲက ရေခဲသေတ္တာ မြုပ်တာတို့ဘာတို့ ဘီရိုတို့၊ မုန့်တွေတို့၊ဆန်အိတ်တွေတို့၊ တချို့မြောင်းဘေးမှာဖွင့်ထားတဲ့ မုန့်ဆိုင်တွေ၊ ဆန်ဆိုင်တွေဆိုရင် ဆန်အိတ်တွေအကုန် ရေမြုပ်သွားတယ်။ မုန့်တွေအကုန်လုံးရေတွေမြုပ်တယ်ပေါ့။ မြောက်ဘက်မှာက အဓိက စိုက်ခင်းတွေရှိတာကို စိုက်ခင်းတွေက မနေ့ ကတော့ အကုန်ရေလွှမ်းတယ်ပေါ့။ ဒီနေ့တော့ ရေကပြန်ကျသွားတယ်။ ကျသွားတဲ့အချိန်မှာ တချို့ စိုက်ခင်းတွေက သုံးလို့မရတော့ဘူး။ အရင်ကတော့ ဖြစ်ဖူးတယ်။ ဒီလောက်အခြေအနေအထိတော့ မဆိုးဘူး။ ဟိုးအရင်ကဖြစ်ဖူးတယ်။ ဒီလောက်တော့မဆိုးဘူး။ ဂဲလောင်းချောင်းရေလျှံတယ်ပေါ့။ လက်ရှိ မနေ့ကလိုဖြစ်တဲ့အတိုင်းအတာ ထိတော့မရောက်ဖူးဘူး။”

ဂဲလောင်းချောင်းဟာ ကန်တော်လေးကနေ စတင်ကာ ပြင်ဦးလွင်မြို့ကို တောင် ကနေ မြောက်ဘက်အတိုင်း ဖြတ်သန်းစီးဆင်းပြီး အဲ့ကနေမှတဆင့် ပိတ်ချင်းမြောင်ရှိ ဓာတ်တော်ချိုင့်ရေတံခွန်ကို စီးဆင်းသွားတာလည်း ဖြစ်ပါတယ်။

အခုလို ဂဲလောင်းချောင်း ဆိုးဆိုးရွားရွားရေလျှံတာဟာ သစ်ပင်ခုတ်ထွင်းတာတွေအပြင် မြေနီထုတ်ယူမှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ပြင်ဦးလွင်ဒေသခံတဦးက အခုလို သုံးသပ်ပါတယ်။

“သစ်တောကလည်း မရှိသလောက်နီးနီးဖြစ်နေပြီ။ သစ်ပင်ထိန်းကျောင်းမှု၊ သဘာဝ ထိန်းကျောင်းမှုကလည်းမရှိ။ နောက်ပြီးမြေနီပေါ့- မြေနီဆိုတာ သံကျောက်ပေါ့။ ဘိလပ်မြေသုံးတဲ့နေရာတွေမှာ သုံးတာလေ။ သူက ၂ စားပေါ့။ အညံ့ကဆိုရင် ဘိလပ်မြေမှာသုံးတယ်။ အကောင်းကဆိုရင် သံကျောက်တွေမှာ သုံးတာပေါ့။ သံနေရာမှာ သုံးတာပေါ့။ အဲ့ကောင်တွေက နေ့စဉ်နဲ့အမျှ ထုတ်တာကြောင့်လည်းပါတယ်။ ခုနကလို သစ်တောတွေကို ထိန်းသိမ်းမှုမရှိတော့ တောင်ကတုံးတွေဖြစ် မြို့ပြတွေ ဖော်ဆောင်တဲ့နေရာမှာ ရေဆိုးရေမြောင်းတွေ မလုပ်တဲ့အပိုင်းတွေပေါ့။”

ရေကြီးရေလျှံတာနဲ့ပတ်သက်လို့ ပြည်တော်သာရပ်ကွက် ရပ်ကွက်ကြီး ၉၊ ရပ်ကွက်ကြီး ၁၈ နဲ့ ဆင်လမ်းကျေးရွာရှိ မြေနိမ့်ပိုင်းတွေကို ရေကြီးရေလျှံခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စု ၁,၀၈၈ စုကို ရေဘေးသင့်ရာကို ပြောင်းရွှေ့ကယ်ဆယ်ပေးထားရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နောက် ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတို့ ၂ ပေကနေ ၄ ပေအထိ မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်၊ ဒုဌဝတီမြစ်နဲ့ မဒေါက်မြစ်ရေတို့လည်း မြင့်တက်လာနိုင်ကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တဲ့အတွက် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ မိုးပိုရွာနိုင်ကြောင်းလည်း သြဂုတ် လ ၁ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ပြင်ဦးလွင် ရေကြီးမှု နေအိမ်နဲ့ စိုက်ခင်းအများအပြား ပျက်စီး.mp3

==================


[[Unicode]]












