[[Zawgyi/Unicode]]
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး တိုးချ တပ်စွဲထားသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်ဆိုပြီး မြောက်ဦး ဒေသခံတွေက ပြောပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ လက်နက်ပဋိပက္ခကြောင့် အသိအမှတ်ပြုခံရရေး အဟန့်အတားဖြစ်မှာကို မြောက်ဦးဒေသခံတွေ စိုးရိမ်နေပါတယ်။ ဒီသတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းတော်ရာကုန်းအနီးမှာ မနေ့က မိုင်းပေါက်ကွဲခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောက်ဦးမြို့တွင်းကို စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ မြောက်ဦးဒေသခံတဦးက VOA ကို ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက မြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေသလို မိုင်းရှင်းမယ်ဆိုပြီး ဈေးတွေကိုလည်း ပိတ်ထားရတယ်လို့ မြောက်ဦးဒေသခံက ပြောပါတယ်။
“လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲမဖြစ်ဘဲ တိုက်ပွဲအတုတွေလုပ်ပြီး မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ၊ စက်သေနတ်တွေနဲ့ ပစ်တာမျိုးတွေ ရှိတာပေါ့နော်၊ ဒီအပေါ်မှာလည်း မြို့ခံတွေ အကုန်လုံးက စိုးရိမ်ထိတ်လန့်နေကြတယ်၊ လမ်းသွားလမ်းလာတွေလည်း နည်းသွားတယ်။”
ဒါ့အပြင် မနေ့ နေ့လယ်ပိုင်းကလည်း မြောက်ဦးမြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ရှေးဟောင်းသမိုင်းဝင် နန်းတော်ရာကုန်းအနီးမှာ မိုင်းပေါက်ကွဲခဲ့ပါတယ်။ မြို့လယ်ခေါင်မှာ မိုင်းပေါက်ကွဲတာဟာ ဒေသခံတွေကိုခြိမ်းခြောက်တဲ့လုပ်ရပ်လို့လည်း မြောက်ဦး ဒေသခံတဦးက ပြောပါတယ်။
“ရခိုင်တို့ရဲ့အထင်ကရ နန်းရာကုန်းမှာ မိုင်းပေါက်တာရှိတယ်။ မိုင်းပေါက်တယ်ဆို တာကကလည်း ဘယ်သူမှလာထောင်တာမျိုးမဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့ မိုင်းကို သူတို့ဖောက်ခွဲတာလို့မျက်မြင်တွေက ပြောကြပါတယ်။ နန်းတော်ရာကုန်းဆိုတာ မြောက်ဦးရဲ့ မြို့အလယ်တည့်တည့်မှာရှိတယ်။ ဈေးနဲ့လည်း သိပ်မဝေးဘူး။ ဒါက ပြည်သူကို အကြောင်းမဲ့သက်သက် ခြိမ်းခြောက်တာဖြစ်တယ်။ ပြီးတော့ နန်းတော်ရာကုန်းဆိုတာ ရှေးဟောင်းသမိုင်းဝင် နေရာတခုလည်းဖြစ်တယ်၊ ဒီနေရာမှ တပ်စခန်းချပြီး မိုင်းဖောက်တယ်ဆိုတာကတော့ မလုပ်သင့်ဘူး။ ဘယ်သူမှ မနှစ်သက်ဘူး။”
စစ်ကောင်စီတပ်သားတွေဟာ မြောက်ဦးမြို့ပေါ်က နေရာငါးခုလောက်မှာ စခန်းချနေထိုင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှေးဟောင်းအမွေအနှစ် နယ်မြေဖြစ်တဲ့ မြောက်ဦးကို UNESCO ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ နေရာတွေမှာ တပ်စွဲတာတွေ၊ စခန်းချနေထိုင်တာတွေ မလုပ်သင့်ဘူးလို့လည်း မြောက်ဦးဒေသခံတဦးက ပြောပါတယ်။
“အဓိကတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့နော်၊ ဒီသာသနိက အဆောက်အအုံတို၊့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပတ်သက်တဲ့နေရာတွေမှာ စခန်းချတာတွေ၊ ဘန်ကာတွေတည်ဆောက်တာတွေ၊ မြောင်းတွေ ဘာတွေ တူးပြီးတော့ ကာဗာတွေ တည်ဆောက်တာတို့ အဲဒါတွေက ရှေးဟောင်းအမွေအနှစ်တွေကို ထိခိုက်ပါတယ်၊ အဲဒါကတော့ ဘယ်အဖွဲ့အစည်းမဆို မလုပ်သင့်ဘူးဗျာ။”
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နက်နေတဲ့ မြောက်ဦးမြို့မှာ ဆက်ပြီးတော့ ပစ်ခတ်မှုတွေရှိနေမယ်၊ မငြိမ်မသက်မှုတွေ ရှိနေမယ်ဆိုရင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်အဖြစ် သတ်မှတ်ခံရဖို့ ခက်ခဲနေအုံးမယ်လို့ မြင်တဲ့အကြောင်း အမည်မဖော်လိုတဲ့ မြောက်ဦးဒေသခံတဦး ကပြောပါတယ်။
“ကမ္ဘာ့အမွေအနှစ်ထဲကိုဝင်ဖို့အတွက် ယူနက်စကိုကနေပြီးတော့ ပထမဆုံးအနေနဲ့ မြေပြင်မှာ ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လေ့လာဖို့ ကိစ္စတခုရှိမယ်။ နောက်တခုက ICOMOS အဖွဲ့ကနေပြီးတော့ တိုက်ရိုက်လာပြီးတော့ မြေပြင်အခြေအနေကို ကွင်းဆင်းမယ့် ကိစ္စတွေလည်းရှိတယ်။ အခုလို မြောက်ဦးနဲ့ ပတ်သက်ပြီး မငြိမ်မသက်ဖြစ်နေတယ်၊ မိုင်းတွေ ပေါက်နေတယ်၊ အမြောက်ကြီး အမြောက်ငယ်တွေ ကျနေတယ်ဆိုလို့ရှိရင် ဘယ်လိုမှ ICOMOS အဖွဲ့ကလည်း လာနိုင်မှာ မဟုတ်ဘူး။ အဲလိုမလာနိုင်ရင် ကျနော်တို့ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်မယ့် မျှော်လင့်ချက်တွေဟာ လုံးပါးပါးသွားပါလိမ့်မယ်။”
တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လက်နက်ကြီးတွေနဲ့ စခန်းတွေချ တပ်စွဲထားတဲ့အကြောင်း ရခိုင်လက် နက်ကိုင် AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြို့ရွာ လူနေအိမ်တွေ၊ သမိုင်းဝင်စေတီပထိုးတွေ၊ ရှေးဟောင်းအမွေအနှစ်ရှိရာ နေရာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှေးဟောင်းစေတီပုထိုးတွေနဲ့ ထင်ရှားတဲ့ မြောက်ဦးဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တင်သွင်းထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မြောက်ဦးမြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပြီး တပ်စွဲထားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5
=================
[[Unicode]]