လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်-မော်လမြိုင် ရထားလိုင်း ရပ်ဆိုင်းထား

Myanmar Daily Life

[[Zawgyi/Unicode]]

စစ်ရေးပဋိပက္ခတွေရှိနေတဲ့ မွန်နဲ့ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက် အခဲရှိလာပါတယ်။ ကုန်ကားတွေနဲ့ ခရီးသည်ယာဉ်လိုင်းတွေ သတိထားသွားလာနေကြရသလို ရထားခရီးစဉ်တချို့ကို ကန့်သတ်လျှော့ချလိုက်ပါတယ်။ ရန်ကုန်ကမေးမြန်း ပေးပို့လာတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက KNU ရဲ့ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ ရထားတစီး မိုင်းထိပြီးတဲ့နောက် မြန်မာ့မီးရထားဌာနက ရန်ကုန်-မော်လမြိုင် ညရထားခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ခရီးစဉ်လျှော့ချလိုက်ရတာဖြစ်ကြောင်း မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" မထွက်ဖြစ်ဘူး။ လောလောဆယ် တစင်းပဲထွက်တယ်။ ပြီးတော့ Curfew တွေကလည်း ရှိတယ်လေ။ လမ်းကြောင်းသာယာရင်တော့ ထွက်မှာပါ။ လမ်းကြောင်း သာယာမှုမရှိဘူး၊ ခရီးသည် စီးနင်းမှုကလည်း စထွက်တဲ့ဘူတာလောက်ပဲ စီးတယ်။ လမ်းဘူတာတွေက ကာဖျူးရှိတဲ့အတွက် စီးနင်းမှု အားနည်းတဲ့အတွက် ကျနော်တို့က ခဏယာယီ ဖျက်သိမ်းထားတာပါ။"

လုံခြုံရေးအခြေအနေကြောင့် လက်ရှိမှာ ရထားခရီးစဉ်တွေက ရန်ကုန်ကနေ မန္တလေး၊ ပြည်၊ မော်လမြိုင် ဒီခရီးစဉ်လောက်ပဲ ပြေးဆွဲနိုင်တော့တာပါ။ မွန်ပြည်နယ် ကျိုက်ထို၊ သထုံနဲ့ ပေါင်မြို့နယ်ထဲမှာ KNU/ KNLA၊ BPLA၊ ABSDF၊ PDF စတဲ့အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲတွေ ရှိနေပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရဲ့ အာရှလမ်းမကြီးပေါ်က တံတားတစင်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲခံရပြီး တံတားအောက် လမ်းလွှဲကနေ သွားလာရကြောင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလမ်းပေါ်မှာ မကြာခဏဆိုသလို ပစ်ခတ် မှုတွေ ရှိနေတာကြောင့် အခြေအနေကြည့်ပြီး သွားလာနေရဆဲဖြစ်ကြောင်း သူကပြောပါတယ်။

" ကျနော်တို့ တောင်ပေါ်တံတားကတော့ ကျိုးနေတယ်လေ၊ မြဝတီကတော့။ အောက်က ယာယီလမ်းလုပ်ထားတယ်၊ ယာယီလမ်းက သွားရတော့ 4wheel တွေလောက်တော့ အဆင်ပြေတာပေါ့၊ တူးဝှီးကြတော့ နည်နည်းရပ်တာပေါ့။ ဒီ ဒုံသနိတို့ ဘာတို့ကြတော့ နည်းနည်း ပစ်တဲ့ခဏလေးတော့ ခဏတန်းစီရတာပေါ့၊ ကားတော့ တန်းသွားတာပေါ့။"

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က KNU ထိန်းချုပ် နယ်မြေတွေမှာ မြန်မာစစ်တပ်နဲ့ KNU/KNLA တို့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေရာတွေမှာ မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အသုံးပြုမှုတွေရှိနေပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားတွေ ထိခိုက်သေဆုံးနေကြောင်း ဒေသခံတွေကို ကိုးကားပြီး သတင်းတွေက ရေးသား ဖော်ပြကြပါတယ်။

Your browser doesn’t support HTML5

လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်-မော်လမြိုင် ရထားလိုင်း ရပ်ဆိုင်းထား.mp3

=================

[[Unicode]]







