ရွေးကောက်ပွဲနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ ရခိုင်အရေး  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ရွေးကောက်ပွဲမဲပေးနေသူ မဲဆန္ဒရှင်တဦး။ (ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရခိုင်ပါတီတွေ အနိုင်ရခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွက် အရေးပါတဲ့တာဝန်တွေကို အများစုအနိုင်ရပါတီတွေကပဲ ယူခဲ့တာမို့ လာမယ့်ရွေးကောက်ပွဲအတွက်လည်း မျှော်လင့်ချက်မထားနိုင်ဘူးလို့ ရခိုင်အရေးလေ့လာသူတွေက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်ချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေပါတယ်။ ဒီလာမယ့် ရွေးကောက်ပွဲတွေကနေရော ရခိုင်အကြပ်အတည်းကို ဖြေရှင်းနိုင်မှာပါလား။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ရွေးကောက်ပွဲရလာဒ်တွေထွက်ခဲ့ပြီးနောက် စစ်တပ်ကအာဏာသိမ်းလိုက်တာမို့ ရွေးကောက်ပွဲအနိုင်ရပါတီတွေအနေနဲ့ ရွေးကောက်ပွဲကတိတွေကို ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း မရှိခဲ့ပါဘူး။ အခုလက်ရှိမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောထားပါတယ်။ ဘယ်တော့အတိအကျလဲဆိုတာ မသိရသေးပေမယ့် အဲဒီရွေးကောက်ပွဲကနေ ရခိုင်ပြည်နယ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား သိပ်မထားနိုင်ဘူးလို့ ရခိုင်အရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက ရခိုင်ပါတီတွေ အပြတ်အသတ် အနိုင်ရခဲ့တာတောင်မှ ပြည်နယ်အစိုးရဖွဲ့ခွင့်မရခဲ့သလို ရခိုင်ဖွဲ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ခဲ့တာကြောင့် အခုစစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ အသစ်ဟာလည်း ဘာအခွင့်အလမ်းမှရှိမှာမဟုတ်ဘူးလို့ ရခိုင်အရေး ကျွမ်းကျင်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောပါတယ်။

“ကျနော်တို့ ရွေးကောက်ပွဲ ၂ ကြိမ် ၃ ကြိမ်ဖြတ်သန်းခဲ့ဖူးပါပြီ။ ရွေးကောက်ပွဲ အောင်ပွဲကိုလည်း ရခိုင်ပါတီတွေ ရခဲ့တယ်၊ နိုင်လည်းနိုင်ခဲ့တယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးလက်ထက်မှာရော NLD လက်ထက်မှာရော အများဆုံးနိုင်တဲ့ ရခိုင်ပါတီတွေ အထူးသဖြင့် ANP ပေါ့။ ဘာမှ အစိုးရအဖွဲ့မှာ ဝင်ရောက်လုပ်ကိုင်ခွင့်တို့၊ ဝန်ကြီးချုပ်နေရာတို့ဘာမှ မရခဲ့ဘူး။ သူတို့ပါတီကပဲ ဝန်ကြီးချုပ်တွေ လုပ်သွားတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရကျင်းပမယ့်ရွေးကောက်ပွဲက အပြတ်အသတ်နိုင်ရင်တောင်မှ သူတို့ပေးမယ့် အခွင့်အရေးက သိပ်မရှိဘူး၊ မျှော်လင့်နိုင်ဘူး။”

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေနဲ့ ရခိုင်ပြည်နယ်နိုင်ငံရေးအတွက် အကျိုးအမြတ်တစုံတရာမရှိနိုင်ဘူးလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည် ကလည်းပြောပါတယ်။

“ ဒီရွေးကောက်ပွဲတွေကတော့ အရင်တုန်းကလည်း ၂ ကြိမ်လုပ်ခဲ့တယ်ပေါ့နော်၊ ၂၀၀၈ အောက်က ရွေးကောက်ပွဲက နိုင်ငံရေးအရ ဘာအခွင့်အလမ်းမှမရှိဘူးဆိုတာ ကုန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြထားပြီးဖြစ်တယ်။ အခုကလည်း စစ်ကောင်စီက သူ့နိုင်ငံရေး ထွက်ပေါက်ပေါ့နော်၊ အရိုးရှင်းပြောရရင်တော့ အခု စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် သမ္မတဖြစ်ရေးကိုရည်ရွယ်ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို တွေ့နေရတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက လက်ရှိ ရခိုင်ပြည်နယ်အခြေအနေ နိုင်ငံရေးအရဖြေရှင်းဖို့ ကြိုးစားတာမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲလုပ်ပြီးတော့ ရခိုင်ပြည်နယ်က သူတို့ကို ထောက်ခံတဲ့ ပါတီတချို့နဲ့ ရွေးကောက်ပွဲလုပ်သွားတယ်ဆိုတာကတော့ ရခိုင်ပြည်သူတွေအတွက် ဘာအကျိုးမှမရှိသူလို ရခိုင်နိုင်ငံရေးအရလည်း အကျိုးအမြတ် ဘာမှ ရှိတယ် လို့မမြင်ဘူးဟုတ်။”

ရခိုင်ပြည်နယ်မှာ မြို့ပေါ် ရပ်ကွက်တချို့ကလွဲရင် ကျေးလက်ဒေသအများစုဟာ ရခိုင်လက် နက်ကိုင် AA အဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသလို ဒေသခံပြည်သူတွေဟာလည်း ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို ပိုပြီးတော့ထောက်ခံနေကြပုံရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပဋိပက္ခတွေဟာ ပါတီတွေနဲ့ နိုင်ငံရေးသမားတွေ ဖြေရှင်းလို့ မရနိုင်တော့တဲ့ အခြေအနေမှာရှိနေပြီး နောင်ကျင်းပမယ့် ရွေးကောက်ပွဲပြည်သူတွေ စိတ်ဝင်စားတာမတွေ့ရဘူးလို့လည်း ရခိုင်အရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည်သူပြောပါတယ်။

“လက်ရှိရခိုင်ပြည်နယ်ပဋိပက္ခကို ရခိုင်နိုင်ငံရေး ပါတီတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေ ဘယ်လိုမှဝင်ပြီးတော့ စေ့စပ်ဖြေရှင်းလို့မရတဲ့ အခြေအနေကို ရောက်သွားပြီလို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒါကြောင့် ရခိုင်ပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ရခိုင်ပြည်သူတွေအတွက် ဘာမှသူတို့လုပ်မပေးနိုင် ဘူးဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ရခိုင်ပြည်နယ်သူတွေကလည်း နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ဝင်ခြင်းမဝင်ခြင်းကို သိပ်ပြီးတော့ စိတ်ဝင်စားကြမှာမဟုတ်ဘူး။”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းနိုင်ခဲ့သလို လက်ရှိစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအသစ်နဲ့ ပတ်သက်ပြီးတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအသစ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လက်ခံအသိအမှတ်ပြုမှာမဟုတ်တဲ့အကြောင်း မနေ့က ရွေးကောက်ပွဲ ၂ နှစ်မြောက်နေ့မှာထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင် ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတခုမဖြစ်နိုင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန်ကြာစေမယ့်အကြောင်း ကြောညာချက်ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ ရခိုင်အရေး.mp3

===============

[[Unicode]]










