ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေ ၄ ခုမှာ ခက်ခဲမှုတွေရင်ဆိုင်နေရ (သမ္မတ ပူတင်)

ဘယ်မှာမှန်းမသိရတဲ့နေရာမှာကျင်းပတဲ့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေရဲ့အားလပ်ရပ်အခမ်းအနားတက်ရောက်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်

[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံအတွင်း ရုရှားကသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုမှာ အလွန်အကျွံ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။

“ရုရှားက ထောက်ခံထားတဲ့ Donetsk နဲ့ Lugansk ခွဲထွက်နိုင်ငံတွေ၊ Kherson နဲ့ Zaporizhzhia ဒေသတွေမှာ အင်မတန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်” - လို့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေအတွက် အားလပ်ရက်နေ့ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတပူတင်က ပြောကြားခဲ့တာပါ။ အဲဒီဒေသတွေမှာ နေထိုင်နေကြသူတွေဟာ ရုရှားနိုင်ငံသားတွေဖြစ်ကြောင်းနဲ့ သူတို့ကို အကာကွယ်ပေးဖို့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေကို မှီခို အားထားနေရကြောင်းလည်း သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာရှိတဲ့ ဒီ နယ်မြေ ၄ ခုမှာ လူထုဆန္ဒခံယူပွဲကျင်းပပြီးတဲ့နောက် ရုရှားသိမ်းပိုက်နယ်မြေတွေအဖြစ် သမ္မတပူတင်က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကြေညာခဲ့တာပါ။ အဲဒီ ဆန္ဒခံယူပွဲတွေဟာ အတုအယောင်ဆန္ဒခံယူပွဲတွေဖြစ်တယ်လို့ ယူကရိန်းနဲ့အနောက်အုပ်စုနိုင်ငံတွေက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုစလုံးက တခုချင်းစီကို ရုရှားတို့က ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်ခဲ့ခြင်းမရှိသလို လအတန်ကြာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီးတဲ့နောက် Kherson ဒေသ မြို့တော်ကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာသွားရတဲ့အထိ ယူကရိန်းက တိုက်ထုတ်နိုင်ခဲ့ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အဲဒီလို စစ်ရေးအရရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် ရုရှားက ဗျူဟာပြောင်းပြီး ယူကရိန်းစစ်စခန်းတွေ၊ စွမ်းအင်ဖြန့်ဖြူးတဲ့အဆောက်အဦးတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အရှိန်မြှင့်ပြီးတိုက်ခိုက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေ ၄ ခုမှာ ခက်ခဲမှုတွေရင်ဆိုင်နေရ (သမ္မတ ပူတင်).mp3

=================

[[Unicode]]





