ဒီးမော့ဆိုမှာ ရက်ဆက် တိုက်ပွဲ ပြင်းထန်  

Demoso (Photo: MIMU)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံသုံးပစ်ခတ်ပြီး အင်အားအတော်များများနဲ့ စစ်ကြောင်း ပြန်ထိုးနေတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က VOA ကို ပြောပါတယ်။ ရှမ်း-ကယားနယ်စပ်က စစ်ရေးအခြေအနေ ရန်ကုန်က စုံစမ်း မေးမြန်းထားတာကို မခင်ဖြူထွေး က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၆ ရက် ဒီကနေ့အထိကို ဒီးမော့ဆိုမြို့နယ်တွင်း ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ခုလို ပြောပါတယ်။

“ဒီနေ့အထိဆိုတော့ (နိုဝင်ဘာ) ၃၀ ရက်နေ့ကနေတော့ စဖြစ်တယ်ပေါ့နော်၊ ၃၀ ရက်နေ့ကနေ ဒီနေ့အထိပါပဲ။ ဒီနေ့ဆိုရင် ၆ ရက်နေ့အထိပေါ့နော်- ဒီနေ့ခါကျတော့ မြေပြင်ထိတွေ့မှု ဘယ်လောက်ရှိလဲဆိုတော့ ကျနော်တို့ပြောလို့ မရသေးဘူးပေါ့နော်။”

စစ်ကောင်စီတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာတပ်စခန်းနဲ့ ကုန်သားကျေးရွာတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က ကရင်နီပူးပေါင်းတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲ့ဒီနောက်ပိုင်း တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၁ ကြိမ်လောက် ဗုံးကြဲ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဘက်က ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လက်နက်ကြီးတွေ အဆမတန်အသုံးပြုပစ်ခတ်ပြီး အခုအခါ အင်အားအတော်များနဲ့ စစ်ကြောင်းပြန်ထိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီ့ စစ်ကောင်စီတပ်တွေဟာ အခုအခါ ဒေါကမီး ကျေးရွာဘက်ကို ရောက်ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“သူတို့ အဲ့စခန်းစွန့်လွှတ်လိုက်ရတဲ့စခန်း ၂ ခုကို သူတို့ပြန်လည်ပြီးမှ ရယူတယ်လု့ိ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က အင်အားအလုံးအရင်းနဲ့လာပြီးမှ လက်နက်ကြီးတွေနဲ့ ညလည်းပစ်တယ်၊ နေ့လည်းပစ်တယ်။ မနက်စောစော သူတို့ထိုးလာတဲ့အချိန်ဆို တအားကြီး အတွဲလိုက် ဒုန်းတွေနဲ့ အရင်လိုမဟုတ်ဘူး။ ပြင်းထန်တဲ့ လက်နက်ကြီးအင်အားတွေ အသုံးပြုပြီးမှ ပစ်ခတ်နေတာရှိခဲ့တယ်ပေါ့နော်။ လက်ရှိတော့ စစ်ကြောင်း ဒီနားလာကနေ သူတို့ထိုးလာတော့ ဒေါကမီးရဲ့ရွာမှာ သူတို့ရောက်နေပြီးပေါ့နော်”

ဒေသတွင်းမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးသံတွေ မကြာမကြာ ကြားနေရတယ်လို့ ဒီးမော့ဆို ဒေသခံတဦးကပြောပါတယ်။

“လက်နက်ကြီးတွေကတော့ မကြာခဏဆိုသလိုပဲပေါ့နော် အဲ့လိုမျိုး သူတို့က ပစ်ခတ်တယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေ အိပ်ကောင်းတဲ့အချိန်ဆို ပစ်ခတ်တာတွေရှိတယ်ဗျဟုတ်။”

ဒါ့အပြင် ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့အစွန် စက်တော်ရာရပ်ကွက်ဘက်ကိုလည်း ခုရက်ပိုင်း လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီနားတဝိုက်က အရပ်သားပြည်သူတွေလည်း မနေရဲကြလို့ မြို့ပေါ်ကို တိမ်းရှောင် လာကြရတယ်လို့ ဆိုပါတယ်။

“ဒီလိုပဲ ရက်တိုင်းခါကျတော့ တိုက်ပွဲလည်းမရှိ။ ဒါပေမယ့် သူတို့က လက်နက်ကြီးတွေ တောက်လျှောက် ရမ်းထုနေတာ၊ စက်တော်ရာဘက်ကို ရက်တိုင်းလိုလိုပဲ။ အဲ့ဒီစက်တော်ရာမှာ ဘာမှမရှိဘူး။ လူတောင်မနေရဲတော့ဘူး။ အဲ့နားတဝိုက်ဆို မိုးဗြဲမြို့ထဲမှာ အကုန်လုံး ရှောင်လာကြတယ်။ သူတို့ အဲ့ဒီ ဒီးမော့ဆိုနဲ့ မိုးဗြဲဆို သိပ်မဝေးပါဘူး။ အဲ့နားမှာ သူတို့ သွားရာလမ်းက တလမ်းပဲရှိလားမသိဘူး။ အဲ့ဒါလှမ်းပြီး လက်နက်ကြီးနဲ့ ထုတာပဲ။”

လတ်တလော ဒီးမော့ဆို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

ဒီးမော့ဆိုမှာ ရက်ဆက် တိုက်ပွဲ ပြင်းထန်.mp3

===================

[[Unicode]]











