ဒေါ်စုအမှုတွေကို အကျဉ်းထောင်တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးတော့မလား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဆေးနေတဲ့ အမှုတွေကို နေပြည်တော် အကျဉ်းထောင်အတွင်း တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးဖို့ စီစဉ်နေတယ်လို့ ဒီအမှုနဲ့ နီးစပ်သူတွေ ပြောဆိုတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

အရင်က နေပြည်တော် အထူး တရားရုံးမှာ စစ်ဆေးနေတာကနေ အကျဉ်းထောင်အတွင်း တရားရုံးအသစ် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်လို့ နောင်ကြားနာ စစ်ဆေးတဲ့ အမှုတွေကို နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးမှာပဲ ဆက်လက် စစ်ဆေးမယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။

ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်ပြုချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်နေပေမဲ့၊ ခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ နေပြည်တော် ရဲတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်း တာမှာတော့ ဒီကိစ္စ သူတို့ သိရှိမထားဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့အမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ ပြောဆိုခွင့် စစ်ကောင်စီဘက်က ပိတ်ပင်ထားတာကြောင့် အမှုကိစ္စ ကြားနာ စစ်ဆေးမှုအသေးစိတ်တွေကို မသိရပါဘူး။

နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှု၊ အဆောက်အဦး ဆောက်လုပ်မှု စတဲ့ အမှုတွေ အတွက် ပြန်ခေါ် သက်သေတွေကို နေပြည်တော် အထူးတရားရုံးမှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ဆေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ။

စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

Your browser doesn’t support HTML5

06-21-2022 DASSK Case Hearing for Web (TMT).mp3

=============

[[Unicode]]








=============