[[Zawgyi/Unicode]]
စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့အပစ်ရပ်ထားတဲ့ ရခိုင်မြောက်ပိုင်းမှာ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားဆဲဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အခုလို ကန့်သတ် ချက်တွေကြောင့် ရခိုင်မြောက်ပိုင်းက ဆေးရုံဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်တာတွေနဲ့ ဈေးနှုန်းမြင့်တက်တာတွေ ရင်ဆိုင်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားဆဲ ရခိုင်မြောက်ပိုင်းက မြို့နယ် ၇ ခုလောက်မှာ ဆေးဝါးပြတ်လပ်တာ၊ ဆေးဈေးတွေအဆမတန်မြင့်တက်တာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်မှာ အခမဲ့ဆေးကုသပေးတဲ့ ဆရာဝန်တဦးကပြောပါတယ်။
“ စစ်တွေက အဲလောက်မဆိုးဘူးဗျာ။ တခြား ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူူးသီးတောင်၊ မောင်တော- အဲဒီဖက်တွေမှာ စစ်တွေကတဆင့် သူတို့ဘက်ကို ရောက်တာဆိုတော့ ပိုပြီးတော့ ခက်ခဲတာပေါ့။ တချို့မှာဆိုရင် ပတ်တီးတွေကအစ သောက်ဆေးတွေရော၊ ထိုးဆေးတွေရော၊ သွေးတိုး ဆီးချိုဆေးတွေကအစ အကုန်ပြတ်နေတယ်လို့ ကြားတယ်။”
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းကမြို့နယ်တချို့ကို ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီနဲ့ AA အဖွဲ့ကြား လူသားချင်းစာနာမှုဆိုင်ရာနားလည်မှုနဲ့ အပစ်ရပ်ထားတယ်ဆိုပေမယ့် ဆေးဝါးသယ်ခွင့်တွေကိုတော့ ဆက်လက်ကန့်သတ်ထားဆဲဖြစ်တယ်လို့လည်း စစ်တွေမြို့နယ်က ဆရာဝန်တဦးက ပြောပါတယ်။
“ဘယ်လိုအခက်အခဲတွေ ကြုံလဲဆိုတော့ တချို့ဆေးတွေက ပြတ်သွားပြီ။ နောက်ဆေး ပုလင်း အရည်တွေပေါ့ သူတို့ကျတော့ သယ်ရခက်တယ်။ ဝိတ်လည်းများတယ်၊ အခုက ဆေးတွေကို လေယာဉ်နဲ့တင်နေရတာဆိုတော့။ သူတို့က လမ်းဖွင့်ပေးထားတယ်ဆိုပေမယ့် ဆေးဝါးသယ်ခွင့်က တရားဝင်ဖွင့်ပေးထားတာမရှိဘူး။”
အခုလို ကန့်သတ်ချက်တွေကြောင့် ရခိုင်ဆေးဝါးဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သူကဆက်ပြောပါတယ်။
“ကျနော်တို့ Biogesic ဆိုရင် အရင်တုန်းက ၅၀၀ လောက်ပဲရှိတယ်။ အခုဆိုရင် တထောင်ကျော်။ ကုမ္ဗဏီကြီးတွေတောင်မှ အဲလောက်ရှိတယ်။ Omeprazole ဆိုရင် အရင်က တကဒ်ကိုမှ ၁၀၀၊ ၂၀၀ လောက်ပဲရှိတယ်၊ အခုဆိုရင် ၅၀၀ ကျော်လောက်ရှိတယ်။”
ပုဏ္ဏားကျွန်းမြို့နယ်က တိုက်နယ်ဆေးရုံတခုမှာဆိုရင်လည်း ဆေးဝါးတွေမလုံလောက်တာတွေ၊ သယ်ယူရခက်ခဲတာတွေ၊ ဈေးနှုန်းမြင့်တက်တာတွေကြောင့် ဒေသခံတွေအတွက် အခက်အခဲရှိတယ်လို့ တိုက်နယ်ဆရာဝန်တဦးကပြောပါတယ်။
“ဆေးဝါးဈေးတက်တော့ နယ်ဘက်တွေမှာကျတော့ သူတို့အတွက် အခက်အခဲဖြစ်တာပေါ့ဗျာ။ နောက်တခုကကျတော့ ဆေးဝါးကန့်သတ်ချက်တွေ၊ တချို့ဆေးဝါးတွေက အလုံအလောက် မရတာတွေရှိတယ်။ အဲလိုမျိုးဆိုတော့ ကျနော်တို့ အခက်အဲရှိတာပေါ့။”
လက်ရှိမှတော့ ရခိုင်မြောက်ပိုင်းက ဆေးရုံတွေနဲ့ ဆေးဆိုင်တွေက အရင်က သိုလှောင်ထားတဲ့ ဆေးလက်ကျန်တွေနဲ့ ရောင်းချ ကုသပေးနေရတာဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့ ဒေသခံတွေနဲ့ ဆရာဝန်တွေက တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]