မြန်မာ့ဗဟိုဘဏ် နိုင်ငံခြားငွေထိန်းချုပ်မှုဂယက် အခြေခံစားကုန်နဲ့ လူသုံးကုန်ဈေးတက်

[[Zawgyi/Unicode]]

ပြည်ပကသွင်းတဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ ဈေးဆက်ပြီးတက်နေတယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။ အထူးသဖြင့် ဆေးဝါး၊ အိမ်သုံးဂက်စ်နဲ့ စားအုန်းဆီလို အဓိကသွင်းကုန်တွေ ဈေးထပ်တက်လာပြီး ပစ္စည်းပြတ်လပ်တာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းသုံးအတွက် အဓိကသုံးနေတဲ့ စားအုန်းဆီဈေးကွက်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပေမဲ့ အခုရက်ပိုင်းထဲမှာ စားအုန်းဆီ တပိဿာကို ကျပ် ၉,၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။ ဆီကုန်သည်အသင်းကတဆင့် စားအုန်းဆီတပိဿာကို ကျပ် ၃,၆၆၅ ကျပ်နဲ့ အထူးဈေးနှုန်းသတ်မှတ်ပြီး စစ်ကောင်စီက ရောင်းချပေးနေပေမဲ့ လိုသလောက်ဝယ်လို့မရတာကြောင့် အခုလိုဈေးတွေ တက်လာတာလို့ မန္တလေးတိုင်းက ဆီနဲ့ဆီထွက်သီးနှံဖြန့်ဖြူးနေတဲ့ ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်တယ်တကယ်ပဲ ၉,၀၀၀၊ ၈,၅၀၀ ကနေ တပိဿာကို ၉,၀၀၀ လောက်အထိပေါက်နေတယ်၊ အဲဒါက လက်တွေ့မြေပြင်ဈေး။ အဲဒါကိုတောင်မှ လိုသလောက်မရဘူး။ ဆီလုပ်ငန်းရှင်တွေက ကိုတာခွဲတမ်းနဲ့ပဲ ရတာလေ။ ကုန်သွားပြီဆို ထပ်မရောင်းပေးတော့ဘူး။ အပြင်ဈေးကွက်အနေနဲ့က ဒေါ်လာဈေးကွက်လိုပေါ့။ အပြင်မှာ ၂,၀၀၀ ကျော်ပေါက်နေတယ်ဆို စားအုန်းဆီကလည်း ရည်ညွှန်းဈေးအရ မရောင်းလားဆို ရောင်းပေးတယ်။ ရောင်းတယ်ဆိုရုံလောက်ပေါ့ဗျာ အဖြစ်ပေါ့။ လက်တွေ့ဝယ်ရတာကတော့ ၉၀၀၀ ကနေ ၉၂၀၀ လောက်အထိ ပေါက်ဈေးရှိတယ်၊ မြို့အပေါ်၊ နယ်မြေအပေါ် မူတည်ပြီး။ အဲဒါမြေပြင်ဈေး။"

မီးဖိုချောင်သုံး၊ လုပ်ငန်းသုံး ဂက်စ်အရည်နဲ့ ဆေးဝါးလို မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေလည်း ဒီရက်ပိုင်းဈေးတက်နေပါတယ်။ ဆေးဆိုင်တွေဆိုရင် မရှိမဖြစ် သုံးရတဲ့ ဆေးဝါးတွေကလွဲလို့ ကျန်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ခက်နေတာပါ။ တချို့ဆေးတွေဆိုရင် ပစ္စည်းပြတ်လပ်ပြီး ဝယ်လို့မရကြောင်း ရန်ကုန်မြို့က ဆေးဆိုင်ပိုင်ရှင်ဦးက ဗွီအိုအေကို ပြောပါတယ်။

အခုနှစ်စကစလို့ သွင်းကုန်တွေဈေးတက်ပြီး ကုန်ဈေးနှုန်းတွေ တက်လာတာကတော့ ပြည်တွင်းမှာ ဒေါ်လာရှားပါတဲ့ပြဿနာကြောင့်လို့ လုပ်ငန်းရှင်အများစုက သုံးသပ်ပါတယ်။ နိုင်ငံခြားငွေရရှိဖို့အတွက် စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံ အသုံးပြုနေပုံရတယ်လို့ ပညာရှင်တချို့က ပြောပါတယ်။ ပို့ကုန်ပို့ပြီး နိုင်ငံခြားငွေပြည်တွင်းကို ပြန်မဝင်လာတဲ့ ကုမ္ပဏီတွေကို လိုင်စင်ပိတ်သိမ်း၊ အရေးယူတာမျိုးတွေ လုပ်ခဲ့သလို ဗဟိုဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာလည်း နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရှိတဲ့ လုပ်ငန်းမှန်သမျှ နိုင်ငံခြားငွေစာရင်းထဲက ငွေအားလုံးကို မြန်မာကျပ်ငွေနဲ့ လဲပေးရမယ်လို့ ပြောထားပါတယ်။

နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာသုံးရမယ့် သွင်းကုန်လုပ်ငန်းတွေကိုလည်း အထူးကုန်စည်တွေကလွဲပြီး တခြားကုန်တွေမသွင်းဖို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ မြန်မာပြည်ရဲ့ လက်တလော စီးပွားရေးအခြေအနေက ခန့်မှန်းဖို့တောင် ခက်ခဲနေတယ်လို့ လူမှုစီးပွားရေး ပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"သုံးသပ်ဖို့တောင် တော်တော်ခက်ပါတယ်။ ပြောရမလဲ။ ကဏ္ဍစုံကဖြစ်နေတာကိုး။ အခုကြားတာ ဧပြီလလောက်ကတည်းက ပိုဆိုးလာတယ်ကြားတယ်။ Import (သွင်းကုန်)လိုင်စင်တွေ ကျကိုမကျဘူး။ ကြားတာကတော့ သူတို့ essential ဖြစ်တဲ့ ဓာတ်မြေဩဇာတို့၊ ဆေးတို့ ဘာမှမကျဘူးတဲ့။ ဆိုတော့ တော်တော်များများ မရှိတော့ဘူးလားမသိဘူး။ ဟန်ဆောင်နေတာလားမသိဘူး။"

ဒီရက်ပိုင်းထဲမှာ ကမ္ဘာ့လောင်စာဆီဈေး အနည်းငယ်ပြန်ကျတာကြောင့် ပြည်တွင်းမှာလည်း အနည်းငယ်ပြန်ကျသွားပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် စက်သုံးဆီဈေးက အတော်လေး ဈေးတက်နေတာပါ။

ပြည်ပကစက်သုံးဆီကို အဓိကသုံးနေတဲ့ နိုင်ငံပိုင် ပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့ ရထားပို့ဆောင်ရေးကလည်း လက်မှတ်ခတွေကို မကြာသေးခင်က ၇၀ ရာခိုင်နှုန်းလောက် တိုးကောက်လိုက်ပါတယ်။ နှစ်အတော်ကြာအောင် ဈေးမတက်ခဲ့တဲ့ ရထားစီးနင်းခတွေက အထွေထွေကုန်ဈေးနှုန်းတွေကြောင့် တက်ခဲ့ရတယ်လို့ ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်က ဗွီအိုအေကို ပြောပါတယ်။ အရင်က ရန်ကုန်- မန္တလေး ရိုးရိုးလက်မှတ်တစောင်ကို ၄,၆၅၀ ကျပ်နဲ့ ရောင်းချနေရာကနေ ၇,၇၅၀ ကျပ်ကို တိုးပြီးရောင်းချလိုက်တာပါ။

"ကားခဈေးနှုန်းတွေ တက်တဲ့အတွက် ကျနော်တို့မီးရထားက ထိုက်တဲ့အားလျော် စွာ တက်ပေးတာပါ။ ရထားခနှုန်းတားကို နည်းနည်မြှင့်တာနဲ့ ကျနော်တို့မီးရထားက အမြတ်မရပါဘူး။ ထိုက်တဲ့အားလျော်စွာ ဆီဈေးတက်လို့သာကျနော်တို့ လက်မှတ်ခနှုန်းတားကို၊ ပါဆယ်ခနှုန်းတားကို နည်းနည်းမြှင့်တင်တာ ဖြစ်ပါတယ်။ ကျနော်တို့မီးရထားမှာ ၁၁ တိုင်းလုံး ဒီနှုန်းအတိုင်း ပြောင်းတာပါခင်ဗျ။"

ပုဂ္ဂလိကယာဉ်လိုင်းတွေဖြစ်တဲ့ ရန်ကုန်မြို့တွင်းသွားလာနေတဲ့ ဘတ်စ်ကားတွေနဲ့ တက္ကစီတွေလည်း စီးနင်းခတွေကို တိုးယူနေကြတာပါ။ ကိုဗစ်နဲ့တကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးက ဆက်တက်နေပြီး မြန်မာနိုင်ငံလို သွင်းကုန်အခြေပြု နိုင်ငံတွေအတွက် ဒေါ်လာရှားပါးမှုက ကုန်ဈေးနှုန်းတွေတက်လာတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

မြန်မာ့ဗဟိုဘဏ် နိုင်ငံခြားငွေထိန်းချုပ်မှုဂယက် အခြေခံစားကုန်နဲ့ လူသုံးကုန်ဈေးတက် .mp3

=================

[[Unicode]]











