[[Zawgyi/Unicode]]
စစ်အာဏာရှင်လက်အောက်က ဆေးပညာကဏ္ဍ
မြန်မာနိုင်ငံမှာ တတိယအကြိမ် စစ်တပ်အာဏာသိမ်းခဲ့တာဟာ ဆေးဘက်ဆိုင်ရာ ကုသကာကွယ်ရေး မှာသာမက ဆေးသုတေသနနဲ့ ပညာပေးတာ အထိ ဆေးပညာကဏ္ဍအတွက် ကြီးမားတဲ့ဆုတ်ယုတ်မှု ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဆေးပညာရှင် ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဆေးလောကမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ဆေးလောကအကြောင်းလည်း ဆရာအကုန်သိတယ်။ ... ဆေးလုပ်ငန်းတွေလည်း အကုန်သိတယ်ဆိုတော့ - မြန်မာနိုင်ငံမှာ နှစ်နှစ်အတွင်းမှာ ဆေးပညာနဲ့ပတ်သက်ပြီးတော့ တိုးတက်မှုတစုံတရာ တွေ့ပါသလားဆရာ။
ဒေါက်တာတင့်ဆွေ။ ။ စာရင်းဇယား၊ ကိန်းဂဏန်းအထောက်အထားပြဖို့တော့ တော်တော်ခက်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အစဉ်အဆက်ကပဲ သုတေသနလုပ်ငန်းတွေက အင်မတန်မှ အားနည်းခဲ့တာကိုး နော်။ အခုနက မေးခွန်းထဲမှာပါသလို ပြီးခဲ့တဲ့ငါးနှစ်လောက်ကတော့ ကြိုးစားလာတော့ တိုးတက်လာမလားလို့ မျှော်လင့်ခဲ့ရတာကနေပြီး တတိယအကြိမ်အာဏာသိမ်းတော့ ဆေးသုတေသနလုပ်ငန်းတွေ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေ ဘာတိုးတက်သလဲဆိုတာ ကျနော် အတော်တော့ လိုက်ရှာကြည့်ပါတယ်ခင်ဗျ။ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းဦးစီးဌာနရဲ့ဝဘ်ဆိုက်ကို သွားကြည့်လို့ရှိရင် နောက်ဆုံး ၂၀၁၆ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနောက်မှာ မတက်ဘူး။ တခါ လက်ရှိ issue လို့ခေါ်တဲ့လက်ရှိအကြောင်းအရာမှာ ခေါင်းစဉ်သာပါပြီးတော့ စာတင်ထားတာ မတွေ့ဘူးပေါ့နော်။ ဒါက စာရင်းဇယား။
နောက် ကျနော်က ကျန်းမာရေးမေးခွန်းတွေလည်း ဖြေနေတာ ဆယ်နှစ်ကျော်ကျော်ရှိပြီဗျ။ အဲဒီတော့ နောက်ဆုံး ပြီးခဲ့တဲ့ နှစ်နှစ်လောက်က လူနာတွေ- နေမကောင်းတဲ့လူတွေက မေးတဲ့မေးခွန်းတွေကို ကြည့်လို့ရှိရင် မြန်မာနိုင်ငံမှာ ဆေးသုတေသနရော၊ ကျန်းမာရေးစောင့်ရှောက်မှုရော ဆေးဝါးရရှိမှုရော၊ နောက်တခါ ကျန်းမာရေးအသိရောဟာ အတော့်ကို အရင်ကထက်ကို ပိုနိမ့်ကျသွားတယ်လို့ ကျနော်မြင်တယ်။
ဆိုရှယ်မီဒီယာကိုအားကိုးလာကြရပြီးတော့ ရောဂါတခုခုဖြစ်တိုင်း၊ ဥပမာ-ဒီနှစ်နှစ်အတွင်းမှာ အဆိုးဆုံးက ကိုဗစ်ပေါ့။ ကိုဗစ်နဲ့ပဲဖြစ်ဖြစ်၊ အခုနောက်ဆုံး မြန်မာလူမျိုးတွေ ရင်ဆိုင်အနေရဆုံးကတော့ ကင်ဆာရောဂါအမျိုးမျိုးပေါ့နော်။ ဒီအကြောင်းတွေကို သူတို့က ဖေ့စ်ဘုတ်ကိုပဲမေးရတယ်လို့ ထင်နေကြတယ်၊ လူတွေရဲ့အသိပေါ့နော်။ ကျန်းမာရေးအသိ။ ဒါ ဘာကြောင့်လဲဆိုရင် ဒီ တာဝန်ရှိတဲ့၊ အစိုးရလုပ်တဲ့လူတွေက စောင့်ရှောက်မှု၊ ကုသမှု၊ ကာကွယ်မှုနဲ့ ပညာပေးမှုတွေကို နိုင်နိုင်နင်းနင်း မလုပ်နိုင်လို့ လူတွေဟာ ရရာအားကိုးနဲ့ ဆိုရှယ်မီဒီယာမှာ အားကိုးရမလားဆိုပြီးလုပ်လာကြတဲ့အတွက် ကျနော့်အမြင်ကတော့ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဟာ သုတေသနလုပ်ငန်း၊ ကုသမှုလုပ်ငန်း၊ ကာကွယ်မှုလုပ်ငန်းနဲ့ ပညာပေးမှုလုပ်ငန်းတွေဟာ အတော်ကို ဆိုးဆိုးဝါးဝါးကျတယ်လို့မြင်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့ပါဆရာ၊ အခု လတ်တလောလည်း အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကိုဗစ်ဖြစ်နေတာတွေများတယ်။ များတယ်ဆိုတော့ မြန်မာနိုင်ငံမှာလည်း တော်တော်လေး စိုးရိမ်နေကြပါတယ်ဆရာ၊ ...ဆိုတော့ ဒီလိုမျိုးမှာပေါ့နော်- ကာကွယ်ဆေး ကုသမှု၊ ထိုးနှံမှုအခြေအနေတွေပေါ့နော်။ ကိုဗစ်အပြင် ကျန်းမာရေးနဲ့ပတ်သက်ပြီးတခြား ကာကွယ်ဆေးတွေရဲ့အခြေအနေပေါ့နော်- အဲဒါလည်း နည်းနည်းပြောပြပေးပါအုံးရှင့်။
ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့၊ ကိုဗစ်ကတော့ တကမ္ဘာလုံးကပ်ရောဂါကြီး၊ ကျနော်တို့ မြန်မာနိုင်ငံလည်း တော်တော်ခံခဲ့ရတော့ ဒါ တော်တော်ဆိုးဝါးပါတယ်။ ကာကွယ်ဆေးကိစ္စကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ စတယ်၊ ကိုဗစ်စတာလည်း အဲဒီကာလပေါ့နော်။ စစချင်း အိန္ဒိယကနေပြီးတော့ ကာကွယ်ဆေးတွေရောက်လာပါတယ်။ အဲဒီနောက် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာ တရုတ်က ကာကွယ်ဆေးတွေဝင်လာပြန်ရော။ အဲဒီတော့ မေးခွန်းတွေအရ လူနာတွေမှာ ဘာဖြစ်ကြသလဲဆိုတော့ ဘယ်ကာကွယ်ဆေး ရွေးထိုးရမလဲဆိုတဲ့ မေးခွန်းတခုပေါ့နော်၊ မသိကြဘူး။ တချို့ကလည်း အိန္ဒိယကနေပြီးတော့ အစိုးရထိုးပေးတာဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြစ်ဖြစ်ထိုး။ နောက် ဒုတိယအကြိမ်၊ တတိယအကြိမ်ထိုးတော့ ဟိုဆေးပြောင်းထိုး...စသဖြင့်ပေါ့။ ကျန်းမာရေးအသိပေးမှုကလည်း တော်တော့ကို အားနည်းလွန်းခဲ့တယ်လု့ိ ကျနော်ယူဆတယ်။ ဒါ ကာကွယ်ဆေး။
အလားတူ၊ ကလေးတိုင်း တကမ္ဘာလုံးမှာ မွေးကတည်းက၊ မိခင်ဝမ်းတွင်းကထွက်ကတည်းက အနည်းဆုံးတနှစ်ခွဲအထိ ကာကွယ်ဆေးတွေဟာ မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးနဲ့ မိဘသဘောအရထိုးရမယ့်ကာကွယ်ဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးရှိတဲ့အခါမှာ ကိုဗစ်ကြောင့်ရော ကျန်းမာရေးဝန်ကြီးဌာနရဲ့စောင့်ရှောက်မှုအားနည်းချက်တွေကြောင့်ရော ကလေးမိဘတွေဟာ ကာကွယ်ဆေးကို အချိန်မီမထိုးနိုင်ကြတာတွေ၊ ကိုယ်ဗစ်ကြောင့် ဆေးခန်းတွေမဖွင့်လို့ - အဲဒီတော့ ဒီဟာကို ပြန်ပြီးတော့ စာရင်းဇယား - schedule ခေါ်တာပေါ့၊ အဲဒါကို ပြန်ပြီးတော့ ဘယ်လိုပြင်မလဲဆိုတဲ့စနစ်ကလည်း မရှိဘူးခင်ဗျ။ ဒါကြောင့် တော်တော်များများကလေးတွေဟာ မလွဲမသွေထိုးရမယ့်၊ အရေးကြီးတဲ့ကာကွယ်ဆေးတွေက သူ့လပတ်၊ ရက်ပတ် ကျော်သွားတဲ့ကလေးတွေများတယ်။ အရေအတွက်ဆို ကျနော်မြင်တာတော့ သိန်းဂဏန်းမနည်းလောက်ဘူး။ အဲဒီကလေးတွေအရွယ်ရောက်ရင် ကာကွယ်နိုင်တဲ့ကူးစက်ရောဂါတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ကျနော် အင်မတန်စိုးရိမ်ပါတယ်။ ဒါကြောင့် ချုပ်ပြီးတော့ ပြောရရင် ကိုဗစ်ကာကွယ်ဆေး၊ ကလေးတိုင်းမဖြစ်မနေထိုးရမယ့်ကာကွယ်ဆေးတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ မွေးဖွားတဲ့ကလေးတွေအတွက်ကတော့ နောင်အနာဂတ် နှစ်အနည်းငယ်အတွင်းကို ကူးစက်ရောဂါတွေ ပိုများနိုင်တဲ့အတွက် ဒါ အင်မတန်မှ စိတ်မကောင်းစရာဖြစ်တယ်လို့ ကျနော်ဖြေပါရစေခင်ဗျား။
ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့၊ ကာကွယ်ဆေးမှာလည်း ကောင်းကောင်းမထိုးပေးနိုင်ဘူး- ဆိုတော့ ဒီအဖြစ်မျိုးမှာ နဂိုကတည်းက သုတေသနမှာအားနည်းနေတဲ့မြန်မာနိုင်ငံမှာ သုတေသနအခြေအနေကို နည်းနည်းရှင်းပြပေးပါဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့။ ကျနော်က မြန်မာ့ဆိုရှယ်လစ်ခေတ်ကတည်းက ဆေးကျောင်းသား၊ ဆရာဝန်ဖြစ်လာပြီးတော့ အဲဒီနောက် စစ်အာဏာသိမ်းမှုက အခုဆို သုံးကြိမ်...သုံးကြိမ်လုံးလုံး ကျနော်က ကြုံရတဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတယောက်ဖြစ်ပါတယ်။ ဗမာနိုင်ငံလို ဆင်းရဲတဲ့ တနည်းအားဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေ၊ လူမှုရေးနိမ့်ကျလို့ ဆင်းရဲလို့ဖြစ်တဲ့ကူးစက်ရောဂါတွေဆိုတာ ရှိပါတယ်။ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်၊ ကာလဝမ်းရောဂါ စတဲ့ ရောဂါတွေ။ နောက်တခါ အာဟာရချို့တဲ့မှုရောဂါတွေ။ အဲဒီကိန်းဂဏန်းတွေကို ပထမအကြိမ် စစ်အစိုးရလက်ထက်က ဒီ လူမှုရေးအားနည်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကို သူက (စစ်အစိုးရက) ဖော်ပြလို့ မရဘူးဗျ။ ဒါ ပထမအကြိမ်။
ဒုတိယအကြိမ်လည်းပဲ ကျနော် ကြည့်နေပါတယ်။ ဆေးသုတေသနလုပ်ငန်းတွေ ဘယ်လောက် တိုးတက် ကောင်းလာနိုင်သလဲဆိုတာ။ မကောင်းဘူးခင်ဗျ။ အစိုးရလူတွေလုပ်တဲ့ ထုတ်တဲ့ စာရင်းဇယားကိန်းဂဏန်းတွေကလည်း မယုံရဘူး။ အစိုးရနဲ့တွဲလုပ်တဲ့ UNICEF ၊WHO တွေကလည်း သူက ဒေသတွင်းမှာလာနေတော့ ဒေသအစိုးရရဲ့မျက်နှာလည်း ကြည့်ရတော့ သူက ကိန်းဂဏန်းတွေကလည်း တဝက်တပျက်ပဲမှန်တယ်လို့ ကျနော်တွေ့ပါတယ်ခင်ဗျ။ ရောဂါအစုံပဲဗျ။ HIV ကအစ တီဘီရောဂါအစ၊ ငှက်ဖျားရောဂါအစပေါ့နော်- ဒီလိုဖြစ်နေတော့ကာ ဒါကိုကြည့်ခြင်းအားဖြင့် သုတေသနလုပ်ငန်းတွေ အတော်အားနည်းတယ်ဆိုပြီး ကျနော် အတတ်နိုင်ဆုံး ထောက်ပြပြောဆိုပါတယ်။
အဲဒီထဲမှာအဆိုးဆုံးက အခု ကျနော်တို့ ဆွေးနွေးနေတဲ့ ဆေးသုတေသနပေါ့။
ဒေါက်တာတင့်ဆွေရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Your browser doesn’t support HTML5
-----------------
{{Unicode}}
စဈအာဏာရှငျလကျအောကျက ဆေးပညာကဏ်ဍ
အဲဒီထဲမှာအဆိုးဆုံးက အခု ကနြောျတို့ ဆှေးနှေးနတေဲ့ ဆေးသုတသေနပေါ့။
ဒေါကျတာတင့ျဆှရေဲ့ ပွောကွားခကြျနဲ့ပဲ ဒီသီတငျးပတျအတှကျ သိပ်ပံနဲ့နညျးပညာကဏ်ဍကို ဒီမှာပဲ ရပျနားလိုကျပါရစေ။
-----------------