[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားစွမ်းအင်စက်ရုံတခု ကူညီ တည်ဆောက်ပေးနိုင်ရေးအတွက် ရည်မှန်းထားတယ်လို့ ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင်ကော်ပိုရေရှင်းက ထုတ်ပြန်ပါတယ်။
ရုရှားမှာကျင်းပနေတဲ့ ၂၀၂၂ အရှေ့စီးပွားရေးဖိုရမ်အပြင်ပန်းမှာ ၂၀၂၂-၂၀၂၃ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံတရပ်ကို နှစ်ဘက် သဘောတူလက်မှတ်ထိုးရာမှာ ဒီအချက်ကို ထည့်သွင်းတာဖြစ်ပါတယ်။ ဒီ သဘောတူလက်မှတ် ထိုးပွဲကို ရုရှားကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်လည်း တက်ရောက်ခဲ့ပြီး သဘောတူစာချုပ်ကိုတော့ မြန်မာစစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးတို့နှစ်ဦးက မြန်မာနိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့တာပါ။
ဒီလမ်းညွှန် သဘောတူညီမှုထဲမှာ နျူကလီးယားနယ်ပယ်မှာ ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေပါ ထည့်သွင်းထားတာပါ။ နှစ်နိုင်ငံအကြား စည်းမျဉ်း စည်းဘောင် သတ်မှတ်ရေး၊ မြန်မာနိုင်ငံတွင်း အသေးစားဓါတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ခြေနဲ့ နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ လူထုအမြင် ထောက်ခံမှုရလာအောင် ဆောင်ရွက်ဖို့ ဆိုတာတွေလည်း ဒီ လမ်းညွှန် သဘောတူညီချက်မှာ ပါဝင်ပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရှေ့စီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေပြီး အဲဒီ ဖိုရမ်ကို တတ်ရောက်မယ့် အခြားနိုင်ငံအကြီးအကဲတွေနည်းတူ ရုရှားသမ္မတပူတင်နဲ့ အစည်းအဝေးအပြင်ပန်းမှာ သီးခြားတွေ့ဆုံဖို့ရှိပါတယ်။
#နျူကလီးယားစက်ရုံ #ရုရှားမြန်မာသဘောတူ #မင်းအောင်လှိုင် #အရှေ့ဖျားစီးပွါးရေးဖိုရမ်
------------------
[[Unicode]]
Your browser doesn’t support HTML5