[[Zawgyi/Unicode]]
ရုရှားက တိုက်ခိုက်နေတာကိုခံနိုင်အောင် ယူကရိန်းကို အကူအညီပေးမယ့် နိုင်ငံတကာအလှူရှင်တွေရဲ့ ညီလာခံတရပ်ကို ပြင်သစ်က ဒီနေ့အင်္ဂါနေ့မှာ စတင် ကျင်းပပါတယ်။ အစိုးရကိုယ်စားလှယ်တွေ၊ ကုမ္ပဏီတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ တက်ရောက်ကြပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ရုရှားက တိုက်ခိုက်တာကြောင့် လိုအပ်နေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပစ္စည်း ကိရိယာတွေပံ့ပိုးပေးရေးနဲ့ ငွေကြေးအကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးကြမှာပါ။ အဲဒီ အခြေခံ အဆောက်အအုံတွေအပေါ် ရုရှား က “လူမဆန်၊ ရက်ရက်စက်စက်” တိုက်ခိုက်နေတာကို စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ တနင်္လာနေ့အစည်းအဝေးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။
“ရန်လိုတဲ့ရည်ရွယ်ချက်နဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို အဆင့်အားလုံးမှာ ကျနော်တို့ ပြင်ဆင်ထားရပါမယ်။ ဒီဆောင်းကို ဖြတ်သန်းဖို့အတွက် အရာရာကို ကျနော်တို့လုပ်ကြရပါမယ်” လို့ မနေ့ တနင်္လာနေ့မှာ လွှင့်ခဲ့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ယူကရိန်းသမ္မတ Zelensky က ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ အရပ်သားတွေရဲ့ဘဝကို တိုက်ခိုက်တာဖြစ်တာကြောင့် စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဒါဟာ စစ်ရေးအရ တရားဝင်တဲ့တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်တာကြောင့် လူနေလို့မရနိုင်တဲ့အခြေအနေတွေဖြစ်လာပြီး ဆောင်းတွင်းတခုလုံးမှာ ယူကရိန်း ဒုက္ခသည်တွေ သိန်းချီပြီး ထွက်လာကြမှာကို နော်ဝေးဒုက္ခသည်များကောင်စီ (NRC - Norwegian Refugee Council) ရဲ့ အတွင်းရေးမှူးချုပ် Jan Egeland က မြင်နေပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]