ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်သစ်ကို ကူးပြောင်းမယ့် ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်သလို ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့မှာ သင်္ကြန်ရေသဘင်ပွဲတွေကို စည်စည်ကားကား ဆင်နွှဲနေကြပါပြီ။ သင်္ကြန်အကြိုနေ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေက အခြေအနေတွေကို ဘယ်လိုဆင်နွှဲနေကြလဲ ဆိုတာကိုတော့ ကိုယ်တိုင် သွားရောက်သတင်းယူထားတဲ့ မခင်ဖြူထွေးက သတင်းပေးပို့ထားပါတယ်။
မြန်မာ့ရိုးရာ အတာရေသင်္ကြန်ပွဲတော် အကြိုနေ့ ရောက်လာခဲ့ပါပြီ။ ရန်ကုန်မြို့မှာဆိုရင်တော့ ဒီကနေ့ မနက်ပိုင်းမှာပဲ မြို့တော်ရဲ့ မဟာသင်္ကြန် ရေသဘင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီနှစ်သစ်ဟာ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး အလေးထားဆောင်ရွက်စရာတွေ များမယ့်နှစ်ဖြစ်သလို ဒီအတွက် ပြည်သူတွေ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမယ့်နှစ်ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။
"ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုတခုလုံး အေးချမ်းသာယာပြီး ကျနော်တို့ ညီညွတ်တဲ့ နိုင်ငံတော်ကို ကျနော်တို့ ရှေးရှုကြမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်ဟာ ကျနော်တို့ ညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ကြရမယ့် နှစ်ဖြစ်ပါတယ်။ ဒီအချိန်အခါမှာ ကျနော်တို့အားလုံး စုပေါင်းစွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ ကျနော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ ကျနော်တို့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ခညောင်းကြပါစေ။"
မြို့တော် ဗဟိုမဏ္ဍပ်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီးတဲ့နောက်မှာတော့ တိုင်းရင်းသားအဖွဲ့ မျိုးစုံပါဝင်ပြီး ရိုးရာ သင်္ကြန်ယိမ်းအကတွေနဲ့ သင်္ကြန်အကြို နေ့ကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒီကနေ့ဖွင့်ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားအဖွဲ့ထဲမှာ ပါဝင် ဖျော်ဖြေခဲ့တဲ့ ဇိုမီးတိုင်းရင်းသား နိုင်ချမ်းမွန်က ပြောပါတယ်။
"အင်မတန်မှ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျနော်တို့ ဒီအချိန်မှာ ဖျော်ဖြေရမယ်ဆိုတာ ဒီအချိန်အခါအခွင့်လေးပဲ ရတာပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲတော် အများကြီးရှိတဲ့ထဲမှာ မွန်မြတ်လှတဲ့ သင်္ကြန်နှစ်သစ်ကူးမှာ တိုင်းရင်းသား စုံစုံလင်လင်နဲ့ ချင်းတိုင်းရင်းသားအနေနဲ့ ပါဝင်ခွင့်ရတာ အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ် ခင်ဗျ။"
ဒီနှစ်သင်္ကြန်ပွဲမှာ ပြည်သူတွေ ဘေးကင်းကင်းရေးကစားနိုင်ဖို့အတွက် လူအသွားအလာများတဲ့နေရာတွေမှာ လုံခြုံရေး စောင့်ကြပ်ပေးထား သလို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ကြက်ခြေနီအဖွဲ့တွေအပြင် ရေကစားမဏ္ဍပ်တွေအနီး အမှိုက်ကောက် သန့်ရှင်းရေးလုပ်ပေးကြတဲ့ ပရဟိတအဖွဲ့တွေကိုလည်း နေရာအတော်များများမှာ တွေ့ရပါတယ်။ မြို့တော်ခန်းမအနီး သန့်ရှင်းစေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဖော်ဆောင်ရေး ပရဟိအဖွဲ့က ဦးကိုကိုဌေးက ခုလိုပြောပါတယ်။
"ကျနော်တို့ မြို့တော်ခန်းမရယ်၊ အင်ယားရယ်၊ မြကျွန်းသာရယ် ၃ နေရာမှာ ဆောင်ရွက်မယ်ခင်ဗျ။ အဖွဲ့ဝင်တွေက များပါတယ်ခင်ဗျ။ တဖွဲ့မှာ အားလုံး ၃၅ ယောက်ရှိပါတယ်။ ၃၇ ယောက်ရှိတယ်၊ ၃၈ ယောက်ရှိတယ်။ အဲ့အဖွဲ့တွေ အားလုံးခွဲပြီးတော့ ကျနော်တို့ ၃နေရာခွဲပြီးတော့ လုပ်ပါမယ် ခင်ဗျ။"
ဒီနှစ် ရန်ကုန်မြို့တော်မှာ အင်းယားလမ်း၊ မြကျွန်းသာနဲ့ မြို့တော်ခမ်းမအနီး အပါအဝင် လမ်းလျှောက်သင်္ကြန် နေရာ ၅ ခုရှိပြီး သင်္ကြန်မဏ္ဍပ်ပေါင်းကတော့ ၃၀ ကျော်ရှိပါတယ်။ ဒါဟာ အရင်နှစ်တွေကထက် မဏ္ဍပ်အရေအတွက် ပိုများလာတာဖြစ်သလို၊ လမ်းလျှောက်သင်္ကြန်တွေကိုလည်း အရင်နှစ်တွေကထက် ပိုပြီး စည်ကားအောင် ဆောင်ရွက်မယ်လို့ စီစဉ်သူတွေက ပြောဆိုထားပါတယ်။ အလားတူ မန္တလေး၊ နေပြည်တော် စတဲ့ မြို့တွေ အပါအဝင် ပြည်နယ်နဲ့တိုင်း နေရာအနှံ့မှာလည်း သင်္ကြန်အကြိုနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5