ရန်ကုန် ကိုဗစ်ကူးစက်မှု ပေါ့ဆလို့မရသေး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်ရုံတခုမှာ အလုပ်မဝင်ခင် ပိုးသတ်ဆေးဖျန်းပေးနေတဲ့ အလုပ်သမားနဲ့ လက်ဆေးနေကြသူတချို့ကို တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး တွေ့ရတဲ့ ရန်ကုန်တိုင်းမှာ ဒီရက်ပိုင်းအတွင်း အတည်ပြုလူနာ လျော့နည်းသွားပေမဲ့ ဆက်ထိန်းထားဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

ရန်ကုန်တိုင်းအတွင်း အောက်တိုဘာလဆန်းပိုင်းလောက်မှာ ကိုဗစ်ရောဂါပိုးတွေ့သူဦးရေ အမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ အခုဆိုရင် ကူးစက်သူ အတည်ပြုလူနာ ကျဆင်းလာတာ သီတင်းတပတ်ကျော် ရှိသွားပြီလို့ ရန်ကုန်တိုင်းကော်ဗစ် ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ ဒါပေမဲ့လည်း အခြေအနေကို ထိန်းထားနိုင်ဖို့နဲ့ ကူးစက်မှုတွေ ကျဆင်းဖို့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်လို့လည်း သတိပေးပါတယ်။

“ကျနော်တို့ ၁ ကတော့ ပေါ့လို့မရပါဘူး။ ကျနော် ယခင်ပြောသလိုပါပဲ၊ လုံးဝ လုံးဝ ကျနော်တို့ပေါ့ဆလို့ မရဘူး။ လူတိုင်း လူတိုင်း စည်းကမ်းစနစ်ကျနစွာနဲ့ ဒီကိုဗစ်မှာသတ်မှတ်ချက်တွေ လိုက်နာကြဖို့လိုပါတယ်။ နောက် လူအများရှိနေတဲ့နေရာတွေ ဈေးတွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ၊ နောက် လူအများနဲ့ စုဝေးပြီးတော့ နေတဲ့နေရာတွေမှာ အဆောင်တွေ၊ နေရာထိုင်ခင်းတွေမှာ အထူး၊ အထူးသတိပြုဖို့၊ အာရုံစိုက်ဖို့၊ လိုက်နာကြဖို့ လိုပါတယ်။ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကြဖို့လည်း လိုအပ်ပါတယ်။”

အပြင်သွားရင် ပါးစပ်နဲ့ နှာခေါင်းစည်းတို့ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ဖို့လိုပြီး ကိုဗစ်ရောဂါလက္ခဏာ ရှိသူတွေအနေနဲ့လည်း ကိုယ်ကနေတဆင့် ပတ်ဝန်းကျင်ကိုမကူးစက်စေဖို့ သတိထားဆင်ခြင်ရမယ်လို့ ပြောပါတယ်။ အခုလိုကာလမှာ ဆေးရုံ၊ ဆေးခန်းတွေ ပုံမှန်ပြန်ဖွင့်နိုင်ဖို့က အရေးကြီးပြီး၊ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

SEE ALSO: သာယာဝတီအကျဉ်းထောင်မှာ လူ ၁၆၀ ထက်မနည်း ကိုဗစ်ကူးစက်ခံထားရ

“New Normal လူနေမှုပုံစံအသစ်နဲ့ အံဝင်ခွင်ကျတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေဖြစ်အောင် ပြည်သူလူထုကိုတဦး တယောက်မကျန်၊ ဆင်းရဲ ချမ်းသာမရွေး ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ ဆေးရုံ၊ ဆေးခန်းများဖြစ်အောင် ကျနော်တို့ပြုပြင် ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့်တော့ ပြည်သူ့ဆေးရုံကြီးများကို ယခုအခါမှာ New Normal ပတ်ဝန်းကျင်ပုံစံအသစ်နဲ့ ကိုက်ညီတဲ့ ဆေးရုံကြီးများဖြစ်အောင် ပြောင်းလဲလျက်ရှိပါတယ်။”

ဒီနှစ်ဆန်းပိုင်းကစလို့ ကမ္ဘာအဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပျံ့နှံ့ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၀ ဂဏန်းတောင် မပြည့်ခဲ့သလို အတည်ပြုလူနာလည်း နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကနေ စတင်ပြီး တကျော့ပြန် ရောဂါကူးစက်ခဲ့ရာက သေဆုံးသူ ထောင်ဂဏန်းအထိ တိုးလာသလို ကူးစက်သူ အရေအတွက်ဟာလည်း သောင်းဂဏန်းအထိ ရှိခဲ့တာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကလည်း ကူးစက်သူအများဆုံးရှိနေတဲ့ ရန်ကုန်နေပြည်သူတွေ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့နဲ့ မဖြစ်မနေ အိမ်ပြင်ထွက်ရမယ်ဆိုရင်လည်း ကျန်းမာရေးအသိအမြဲရှိဖို့ကို တိုက်တွန်းထားပါတယ်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း လက်ရှိမှာ ထုတ်ပြန်ထားတယ်ပေါ့နော်။ တတ်နိုင်သမျှ ဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့မိဘ ပြည်သူတွေအနေနဲ့ အိမ်မှာပဲတတ်နိုင်သမျှ နေပေးပါပေါ့နော်။ ဒါပေမဲ့လည်း မဖြစ်မနေ စားဝတ်နေရေးအရ အပြင်ထွက်ရတဲ့ လူတွေကလည်း မိသားစုတိုင်းမှာ ရှိနေတာပေါ့နော်။ ရှိနေတဲ့အခါကျရင် အိမ်မှာနေတဲ့သူကတော့ ရှင်းတယ်၊ ရောဂါပိုးရှိသူနဲ့လည်း ထိတွေ့စရာမရှိဘူး။ တနည်းအားဖြင့် သူ့ကိုကူးစရာအကြောင်းလည်း မရှိဘူးပေါ့။ အဲတော့ အပြင်ထွက်တဲ့သူကတော့ အထူးသတိ အမြဲတမ်း ထားပြီးတော့ ကာကွယ်ဖို့လိုပါတယ်။ ဘာလို့ဆို သူ့ကိုကူးစက်လိုက်တာနဲ့ အိမ်ကိုပြန်တဲ့အခါကျရင် အိမ်မှာရှိတဲ့မိသားစုတွေလည်း ကူးစက်ခံရနိုင်တယ်။ အဲလိုနဲ့ တမိသားစုလုံး ကူးစက်မှုတွေကို ရရှိပြီးတော့ ဆေးရုံတွေမှာ ကုသမှုခံယူနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၄၁,၀၀၈ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၀၀၅ ဦးရှိနေပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာ လူနာဦးရေများလာလို့ နေရာလိုအပ်ချက်တွေကြောင့် ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်လူနာပေါင်း ၉,၇၀၀ လောက်ကို ကုသပေးနိုင်တဲ့ ကုသရေးဌာနအသစ် ၁၄ ခုကို တိုးချဲ့ထားပြီး ကပ်ရောဂါကူးစက် ဖြစ်ပွားနေတာကို ဟန့်တားနိုင်ဖို့ အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရန်ကုန် ကိုဗစ်ကူးစက်မှု ပေါ့ဆလို့မရသေး

[Unicode Version]





SEE ALSO: ရန်ကုန်ဖျားနာကုအခမဲ့ဆေးခန်းများ တိုးချဲ့ဖို့ပြင်ဆင်





