၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းကတည်းကစပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းမြောက်စကား ပြောကြားနေကြပါတယ်။
အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထူးထူးခြားခြားပဲ သမ္မတဟောင်းဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ကင်မလာဟဲရစ်ကို အနိုင်ရပြီး ၄ နှစ်အကြာမှာ သမ္မတတာဝန်ကို ပြန်ထမ်းဆောင်သူဖြစ်တာတာပါ။ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ကမ္ဘာ့ခေါင်းဆောင်အများအပြားက လူမှုမီဒီယာ X ကနေ ဝမ်းမြောက်စကားပြောခဲ့ကြပါတယ်။ သူ့ရဲ့ ပထမ သမ္မတသက်တမ်းမှာ ထရမ့်ရဲ့ ခန့်မှန်းရခက်တဲ့ အမေရိကန်ပထမဦးစားပေး နိုင်ငံခြားရေးမူဝါဒကြောင့် အမေရိကန်ရဲ့ မိတ်ဆွေတွေနဲ့ရော ရန်ဘက်တွေနဲ့ပါရှုပ်ထွေးနဲ့ ဆက်ဆံရေးရှိခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ထောက်ခံကြောင်း ပြောတဲ့ ပထမဆုံးနိုင်ငံ့ခေါင်းဆောင်တဦးဖြစ်တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထရမ့် သမ္မတပြန်ဖြစ်လာတာကို ဂုဏ်ပြုလိုက်ပြီး အစ္စရေးနဲ့ အမေရိကန်ကြား ကြီးမားတဲ့မဟာမိတ်အဖြစ် ရပ်တည်ဖို့ ပြန်လည်ကတိပြုပါတယ်။ ပါလက်စတိုင်း သမ္မတ Mahmoud Abbas က ပါလက်စတိုင်းတရားဝင်ဖြစ်လာရေး အမေရိကန်ပံ့ပိုးမယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိကြောင်း ပြောသလို ဂါဇာအပစ်ရပ် ဆွေးနွေးပွဲမှာ အဓိကညှိနှိုင်းပေးတဲ့ Qatar က ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အမေရိကန်နဲ့ လက်တွဲ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောခဲ့ပြီး တူရကီသမ္မတ Tayyip Erdogan က သူ့မိတ်ဆွေ ထရမ့်ကို ဂုဏ်ပြုစကား ပြောခဲ့တာပါ။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ထရမ့် အောင်မြင်မှုအတွက် ဂုဏ်ပြုရင်း ရုရှားကျူးကျော်မှု အတွက် ယူကရိန်းရဲ့ တွန်းလှန်မှုကို အမေရိကန်နဲ့ အနောက်နိုင်ငံ တွေက ပိုမို ပံ့ပိုးပေးဖို့ပန်ကြားခဲ့တာပါ။
ကုလအတွင်းရေးမှုးချုပ် António Guterres ၊ NATO အတွင်းရေးမှုးချုပ် Mark ရူတာ၊ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမား၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ကလည်း ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြပါတယ်။
ရုရှားသမ္မတ Vladimir Putin ကတော့ အမေရိကန်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ မပြောသေးပေမယ့် ရုရှားသမ္မတဟောင်း Dmitry Medvedev ကတော့ ရွေးကောက်ပွဲမှာ ကင်မလာဟဲရစ် ရှုံးသွားတာအတွက် ကျေနပ်ကြောင်း ပြောပါတယ်။ အာရှခေါင်းဆောင်တွေ ထဲက Australia ဝန်ကြီးချုပ် Anthony Albanese၊ အိန္ဒိဝန်ကြီးချုပ် နရိန်ဒရာမိုဒီ၊ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol တို့က သမ္မတထရမ့်နဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောသလို ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အိရှိဘ ကတော့ အင်ဒိုပစိဖိတ်ဒေသ အရေး အတူတွဲပြီး တိုးမြှင့်လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။
Your browser doesn’t support HTML5