ဥရုဂွေးနဲ့ ရုရှား၊ စပိန်နဲ့ ပေါ်တူဂီတို့ ဒုတိယအဆင့် တက်သွားပြီ

ရော်နယ်လ်ဒိုကန်သွင်းသည့် ပေါ်တူူဂီအတွက် ပန်နယ်လ်တီကို ကာကွယ်လိုက်သည့် အီရန်ဂိုးသမား Ali Beiranvand ။ ၂၅ ဇွန် ၂၁၀၈။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဇွန်လ ၂၅ ရက်နေ့က ယှဉ်ပြိုင် ကစားကြတာမှာ အုပ်စု A မှာ ဆော်ဒီ အာရေးဘီးယားနဲ့ ဥရုဂွေးတို့ အနိုင်ရပြီး အုပ်စု B မှာ အီရန်-ပေါ်တူဂီ ၁ ဂိုးစီသရေ၊ စပိန်-မော်ရိုကို ၂ ဂိုးစီ သရေကျသွားပါတယ်။

အုပ်စု A နောက်ဆုံးရလဒ်တွေကတော့ ဥရုဂွေးက ၃ ပွဲနိုင် ၉ မှတ်၊ ရုရှားက ၂ ပွဲနိုင် ၁ ပွဲရှုံး ၆ မှတ်၊ ဆော်ဒီ အာရေးဘီးယားက ၁ ပွဲနိုင် ၂ ပွဲရှုံး ၃ မှတ်နဲ့ အီဂျစ်က ၃ ပွဲရှုံး တမှတ်မှ မရပါဘူး။

ဒါကြောင့် ဥရုဂွေးက အုပ်စုပထမ၊ ရုရှားက အုပ်စုဒုတိယနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်သွားပါပြီ။

ဥရုဂွေးအတွက် တတိယဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် Cavani ။ ၂၅ ဇွန် ၂၀၁၈။

အုပ်စု B နောက်ဆုံးရလဒ်တွေကတော့ စပိန်က ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်၊ ပေါ်တူဂီက လည်း ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်၊ အီရန်က ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၁ ပွဲသရေ ၄ မှတ်၊ မော်ရိုကို က ၁ ပွဲသရေ ၂ ပွဲရှုံး ၁ မှတ် အသီးသီးရကြပါတယ်။

အီဂျစ်အတွက် အဖွင့်ဂိုးသွင်းယူနေသည့် Salah ။ ၂၅ ဇွန် ၂၀၁၈။

စပိန်နဲ့ပေါ်တူဂီတို့ ရမှတ်တူပေမဲ့ သွင်းဂိုးကွာခြားချက်အရ စပိန်က အုပ်စုပထမ၊ ပေါ်တူဂီ က အုပ်စုဒုတိယနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်သွားပါပြီ။

အုပ်စု A နဲ့ B မှာ နောက်တဆင့်တက်မယ့်အသင်းတွေ ထွက်လာပြီဖြစ်တဲ့အတွက် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဥရုဂွေးနဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ရုရှားတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

စပိန်အတွက် အဖွင့်ဂိုးသွင်းယူနေသည့် Iago Aspas ။ ၂၅ ဇွန် ၂၀၁၈။

မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက်၊ အင်္ဂါနေ့ည ၈ နာရီခွဲမှာ အုပ်စု C က သြစတြေးလျနဲ့ ပီရူး၊ ဒိန်းမတ်နဲ့ ပြင်သစ်၊ မြန်မာစံတော် ချိန် ဇွန်လ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၂ နာရီ ခွဲမှာ အုပ်စု D က အိုက်စ်လန်နဲ့ ခရိုအေးရှား၊ နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အုပ်စု C မှာ ပြင်သစ်အသင်းက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ နောက်တဆင့်တက်ဖို့ သေချာနေပြီဖြစ်ပြီး ဒိန်းမတ်ကတော့ ပြင်သစ် နဲ့ပွဲမှာ သရေကျရုံနဲ့ ၅ မှတ်ရပြီး နောက် တဆင့်ကို တက်နိုင်မှာပါ။

သြစတြေးလျက ပီရူးအသင်းကို ဂိုးအရေအတွက် များနိုင်သမျှများများနဲ့ အနိုင်ရတယ်ဆို ရင်တောင်မှ ဒိန်းမတ်က ပြင်သစ်ကို ရှုံးတယ်ဆိုမှပဲ နောက်တဆင့်တက်ဖို့ အလားအလာ ရှိမှာပါ။ ပီရူးအတွက်ကတော့ နောက်ဆုံးပွဲကို အနိုင်ရလည်း တက်ဖို့ အလားအလာ မရှိတော့ပါဘူး။

အုပ်စု D မှာ ခရိုအေးရှားက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်၊ နိုင်ဂျီးရီးယားက ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်၊ အိုက်စ်လန်နဲ့ အာဂျင်တီးနားတို့ က ၁ ပွဲစီသရေ ၁ ပွဲစီရှုံး ၁ မှတ်စီ ရထားပါတယ်။ ခရိုအေးရှားဟာ အိုက်စ်လန်နဲ့ပွဲမှာ ရှုံးတယ်ဆိုရင်တောင်မှ နောက်တဆင့်ကို တက်ဖို့က သေချာနေပါပြီ။ အိုက်စ်လန်ကတော့ ခရိုအေးရှားကို အနိုင်ကစားရမယ့်အပြင် ဂိုးအရေ အတွက်လည်း များနိုင်သမျှ များများရမှသာ မျှော်လင့်ချက်ထားလို့ရမှာပါ။

နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ပွဲဟာလည်း နှစ်သင်းစလုံးအတွက် အခွင့်အလန်း ရှိနေတဲ့ပွဲလို့ဆိုရမှာပါ။ နိုင်ဂျီးရီးယားက အနိုင်ရ ရင် သေချာပေါက် ဒုတိယအဆင့် တက်ခွင့်ရမှာဖြစ်ပြီး သရေကျတယ်ဆိုရင်တော့ ခရိုအေးရှား-အိုက်စ်လန်ပွဲရလဒ်နဲ့ ဂိုးအရေ အတွက် ကွာခြားချက်ကိုကြည့်ပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ရှုံးရင်တော့ အလားအလာမရှိတော့ပါဘူး။

အာဂျင်တီးနားအနေနဲ့ကတော့ နိုင်ဂျီးရီးယားကို ဂိုးအရေအတွက် များနိုင်သမျှများများနဲ့ မဖြစ်မနေ အနိုင်ကစားမှသာ နောက် တဆင့်တက်ခွင့်အတွက် တွေးလို့ရနိုင်မှာပါ။ ဒါတောင်မှ ခရိုအေးရှားက အိုက်စ်လန်နဲ့ သရေကျရင်ကျ ဒါမှမဟုတ် အိုက်စ်လန်က ရှုံးဖို့လိုပါတယ်။ အာဂျင်တီးနားက နိုင်ဂျီးရီးယားကို အနိုင်ရပြီး အိုက်စ်လန်ကလည်း ခရိုအေးရှားကို အနိုင်ရတယ်ဆိုရင် ဂိုးကွာခြား ချက်နဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အာဂျင်တီးနား ရှုံးတယ်ဆိုရင်တော့ ပြိုင်ပွဲကနေ ထွက်သွားရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဥရုဂွေးနဲ့ ရုရှား၊ စပိန်နဲ့ ပေါ်တူဂီတို့ ဒုတိယအဆင့် တက်သွားပြီ