အင်္ဂလန်ကို အနိုင်ယူပြီး ခရိုအေးရှား ဗိုလ်လုပွဲတက်

ပွဲအပြီး ကွင်းအတွင်းအောင်ပွဲခံနေသည့် ခရိုအေးရှားအသင်းသား များနှင့် ပရိသတ်။ ၁၁ ဇူလိုင် ၂၀၁၈။

၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်လ် ဒုတိယပွဲမှာ ခရိုအေးရှားက အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါပြီ။ ဒီပွဲအပေါ် သုံးသပ်ချက်တွေ နဲ့ ခရိုအေးရှားနဲ့ ပြင်သစ် ဗိုလ်လုပွဲအပေါ် ခန့်မှန်းချက်တွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

အင်္ဂလန်အသင်းဟာ အစောပိုင်းကစားပုံ ကောင်းပေမဲ့လည်း ခရိုအေးရှားရဲ့ အပြင်း အထန် တိုက်စစ်တွေကို တချက်တချက် မခံနိုင်တာကြောင့် ခရိုအေးရှားအသင်း ထိုက်ထိုက်တန်တန် အနိုင်ရသွားတာပါလို့ အင်္ဂလန်အသင်းကို အားပေးသူ မြန်မာ့ လက်ရွေးစင်အသင်း ဂိုးသမားဟောင်း ကိုရင်ထွေးကပြောပေမဲ့ ခရိုအေးရှားသွင်းသွားတဲ့ ပထမဂိုးနဲ့ပတ်သက်လို့တော့ သူကဘဝင်မကျပါဘူး။

“ဘာကြောင့်လဲဆိုတော့ သူတို့က စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ကစားတာရော၊ ဘယ်လောက်ပဲ သူတို့ ပထမပိုင်း ရှုံးနေပေမဲ့လည်း ပုံမပျက် ပန်းမပျက်နဲ့ ကစားသွား တယ်။ တိုက်တိုက်တွန်းတွန်း ကစားသွားတယ်။ ရသင့်ရထိုက်တဲ့ဂိုးကို ရအောင်ကစား သွားတယ်။ ဒါပေမဲ့ ပထမပိုင်း ပေးလိုက်ရတဲ့ဂိုးကတော့ ကျနော့်အနေနဲ့ပြောရင် အဲဒီဂိုးက မပေးသင့်မပေးထိုက်တဲ့ ဂိုးဗျ။ ဒိုင်လူကြီး အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် အဲဒီဘောက ခေါင်းတိုက်လိုက်တဲ့အချိန်မှာ အပေါ်က ခြေထောက်ကြီးနဲ့ ကန်သွားတာ၊ အဲဒါ foul ပေးလို့ရတယ်၊ ကျနော့်အမြင် ပြောတာပေါ့နော်။”

ခရိုအေးရှားအသင်းအတွက် ပထမဂိုးကို Perisic က သွင်းယူပေးသည်။ ၁၁ ဇူလိုင် ၂၀၁၈။

ခရိုအေးရှားအသင်းကို အနိုင်ရလဒ်အဖြစ် ကြိုတင်ခန့်မှန်းထားတဲ့ ဘောလုံးအားကစား ဝေဖန်သုံးသပ်သူ ကိုဝင်းကျော်မင်းကတော့ ဒီပွဲမှာ ခရိုအေးရှားအနိုင်ရတာဟာ အတွေ့အကြုံရင့်ကျက်သူ ကစားသမားတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“အတွေ့အကြုံရင့် ကစားသမားတွေပေါ့၊ Mandzukic တို့၊ Brozovic တို့ရဲ့ အဓိက ဒီ ပွဲကြီးတပွဲမှာ ဘယ်လိုကစားရမယ်၊ ဘယ်လို အခြေအနေမှာ Tempo အတက်အကျ လုပ်ရမယ်ဆိုတဲ့ သူတို့ရဲ့အတွေ့အကြုံတွေက စကားပြောသွားတာလို့ ထင်တယ်ဗျ။ အစောဆုံးမှာတင် အင်္ဂလန်အသင်း မထင်မှတ်ဘဲ ဂိုးရသွားပေမဲ့ နောက်ပိုင်းကျတော့ ချေပဂိုးပြန်ယူဖို့တို့၊ အနိုင်ဂိုးရဖို့အတွက်တို့ ပိုပြီးအားစိုက်တဲ့နေရာမှာ ခရိုအေးရှားရဲ့ နည်းဗျူဟာပိုင်းတွေကလည်း တော်တော်လေးကို ထိရောက်တယ်။ အထူးသဖြင့် Brozovic ကိုထိန်းတဲ့ အင်္ဂလန်ရဲ့ ညာဝန်းဘက်က Walker ဆို တော်တော်လေး အမှားများတယ်ဗျ။ အဓိကကတော့ အတွေ့အကြုံပိုင်းတွေ စကားပြောတယ်လို့ ထင်ပါတယ်ခင်ဗျ။”

ခရိုအေးရှားအတွက် အနိုင်ဂိုးသွင်းယူနေသည့် Mandzukic ။ ၁၁ ဇူလိုင် ၂၀၁၈။

အခုဆိုရင်တော့ ပထမ ဆီမီးဖိုင်နယ်လ်ပွဲမှာ ဘယ်လ်ဂျီယမ်ကိုနိုင်ပြီး ဗိုလ်လုပွဲရောက်နေ ပြီဖြစ်တဲ့ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရတော့မှာပါ။

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီတကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တာဖြစ်ပြီး ဗိုလ်လုပွဲထိ တက်နိုင်တာကတော့ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။

အောင်ပွဲခံနေသည့် ခရိုအေးရှားပရိသတ်။ Zagreb, Croatia ။ ၁၁ ဇူလိုင် ၂၀၁၈။

ပြင်သစ်အသင်းကတော့ ၁၉၅၄ ခုနှစ်ကတည်းကစလို့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ ပါဝင် ယှဉ်ပြိုင်ထားနိုင်ပြီး ၁၉၉၈ မှာ ချန်ပီယံ ဖြစ်ထားဖူးသလို ဒုတိယတကြိမ်၊ တတိယနှစ်ကြိမ်၊ စတုတ္ထတကြိမ် ရထားဖူးပါတယ်။

ဗိုလ်လုပွဲမှာ ဒီနှစ်သင်းထဲက ဘယ်အသင်း ချန်ပီယံဖြစ်မယ်လို့ ကိုရင်ထွေးက ခန့်မှန်းပါသလဲ …

“ဒီကနေ့ကစားတဲ့ပုံ၊ မနေ့ကကစားတဲ့ပုံ ကြည့်ရင် ကျနော့််အမြင် ခရိုအေးရှားက ကစား လာတဲ့ သက်တမ်းတလျှောက်မှာ ခရိုအေးရှား ကစားတာလေးက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကစားကွက်တွေကောင်းလာတယ်၊ တယောက်နဲ့တယောက် အပေးအယူ ပိုပြီးတော့လည်း တိတိကျကျဖြစ်လာတယ်၊ ရရင်ရသလို အနိုင်သွင်းတယ်ဆိုတော့ ကျနော်ကတော့ ဒီပွဲက မထင်မှတ်ဘဲနဲ့ အသင်းကြီးတသင်းဖြစ်တဲ့ ပြင်သစ်ကိုတောင်မှ ခရိုအေးရှားက နိုင်နိုင်တဲ့အခြေအနေ ရှိပါတယ်ခင်ဗျ။”

ကိုဝင်းကျော်မင်းကလည်း ကိုရင်ထွေးနဲ့ အလားတူပဲဖြစ်ပြီး ဒီတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံသစ် အသင်းတသင်း ပေါ်လာ မယ်လို့ ခန့်မှန်းပါတယ်။ သူကရော ဘယ်လို အချက်တွေပေါ်မှာများ အခြေခံတွက်ချက်ပြီး ဒီလိုခန့်မှန်းတာပါလဲ …

“ပြင်သစ်မှာလည်း ဒီလိုမျိုး အထူးသဖြင့် အင်္ဂလန်လိုပေါ့၊ ကစားအားကောင်းတဲ့ လူငယ် အများစု ပါလာတယ်ဆိုတဲ့ အနေအထား တခုမှာ အတွေ့အကြုံရင့်တဲ့ ခရိုအေးရှား ကစား သမားတွေကို သူတို့ ဘယ်လိုထိန်းချုပ်မလဲဆိုတာတော့ မေးခွန်းထုတ်ချင်ကြတယ်ဗျ။ ကျနော်တို့မြင်တွေ့နေရတဲ့ အင်္ဂလန်ရဲ့နောက်တန်းမှာ John Stones တို့၊ Maguire တို့၊ Walker တို့ဆိုတာလည်း ပြင်သစ်မှာ ရှိနေတဲ့ ဗဟိုခံစစ်သမားတွေပေါ့ Mbapp တို့၊ Varane တို့ဆိုတာလည်း တန်းတူ လူငယ်ကစားသမားတွေဖြစ်တဲ့အတွက် အတွေ့အကြုံ ရင့် ကစားသမားတွေပါလာမယ့် ခရိုအေးရှားကို သူတို့ တောင့်ခံကစားနိုင်ဖို့တော့ တော်တော်လေးတော့ခက်မယ်။ သူတို့ရဲ့ တိုက်စစ်ကထက်မြက်လို့ ဂိုးရတယ် ဆိုရင်တောင်မှ ဒီနေ့ကစားတဲ့ အင်္ဂလန်နဲ့ပွဲတုန်းကလိုမျိုးပဲ သူတို့ဂိုးတွေပြန်ပေးရနိုင်တဲ့ အနေအထားရှိနိုင်တဲ့အတွက် ကျနော်ထင်တယ်ဗျ၊ ၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားမှာ ချန်ပီယံအသစ်တသင်း ပေါ်လာမယ်လို့ ကျနော့်အနေနဲ့ ယူဆမိတယ်ဗျ။”

လန်ဒန်တောင်ပိုင်းတွင် တွေ့ရသည့် အင်္ဂလန်ပရိသတ်များ။ ၁၁ ဇူလိုင် ၂၀၁၈။

ခရိုအေးရှားနဲ့ ပြင်သစ်တို့ရဲ့ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၅ ရက်၊ တနင်္ဂနွေနေ့ မြန်မာ စံတော်ချိန် ည ၉ နာရီခွဲမှာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်က ပရိသတ် ၈၀,၀၀၀ ကျော် ဆန့် Luzhniki အမျိုးသားအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီကွင်း ဟာ အိမ်ရှင်ရုရှားနဲ့ ဆော်ဒီ အာရေးဘီးယားတို့ ဇွန်လ ၁၄ ရက်နေ့က အဖွင့်ပွဲ ကစားခဲ့တဲ့ ကွင်းလည်းဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်လ်ပွဲတွေမှာ အရေးနိမ့်သွားကြတဲ့ ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ တတိယလုပွဲကိုတော့ စိန့်ပီတာစ်ဘာ့ဂ် အားကစားကွင်းမှာ ဇူလိုင်လ ၁၄ ရက် စနေနေ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အင်္ဂလန်ကို အနိုင်ယူပြီး ခရိုအေးရှား ဗိုလ်လုပွဲတက်