ဇူလိုင်လ ၇ ရက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်တွေမှာ အင်္ဂလန်က ဆွီဒင်ကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး ခရိုအေးရှားက အိမ်ရှင်ရုရှားကို ပယ်နယ်လ်တီ အဆုံးအဖြတ်ကန်ပြီးမှ စုစုပေါင်း ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဆီမီးဖိုင်နယ်ပွဲကို မြန်မာစံတော်ချိန် ဇူလိုင်လ ၁၂ ရက်၊ ကြာသပတေးနေ့ မနက်အစော ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြပါမယ်။
အင်္ဂလန်အတွက်ဂိုးတွေကို မိနစ် ၃၀ မှာ Maguire ၊ ၅၈ မိနစ်မှာ Dele Alli တို့က သွင်းယူပေးတာပါ။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လ်အဆင့်ကို ၁၉၆၆ နဲ့ ၁၉၉၀ ပြည့်ပွဲတွေပြီးရင် တတိယအကြိမ်မြောက် ရောက်တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အီကွေဒေါအသင်းကို အနိုင်ရပြီးကတည်းကဆိုရင် အဓိက ဘောလုံးပွဲကြီးတပွဲရဲ့ ရှုံးထွက်အဆင့်မှာ ပထမဆုံး အကြိမ် အနိုင်ရတာလည်းဖြစ်ပါတယ်။
ကွာတားဖိုင်နယ်လ် နောက်ဆုံးပွဲဖြစ်တဲ့ အိမ်ရှင်ရုရှားနဲ့ ခရိုအေးရှားတို့ပွဲမှာတော့ အိမ်ရှင် အသင်းက ပထမပိုင်း ၃၁ မိနစ်မှာကတည်းက Cheryshev ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ဂိုး ရတာပါ။ ဒါပေမဲ့လည်း ၃၉ မိနစ်မှာ ခရိုအေးရှားက Kramaric က ချေပဂိုး သွင်းယူပြီး တဘက် ၁ ဂိုးစီနဲ့ပဲ မိနစ် ၉၀ ကစားချိန် ပြီးသွားပါတယ်။
အဲဒီနောက် အချိန်ပို ပထမပိုင်း ၁၅ မိနစ် စကစားပြီး ၁၀ မိနစ်အကြာမှာတော့ ခရိုအေးရှား အသင်းက ဦးဆောင်ဂိုး ရပါတယ်။
အဲဒီနောက်ပိုင်း ပွဲက ပိုအကျိတ်အနယ်ဖြစ်သွားပြီး ၁၁၅ မိနစ်မှာ ခရိုအေးရှား ဘယ်ဘက် ဂိုးစည်း အပြင်လေးနားမှာရတဲ့ ပြစ်ဒဏ်ဘောကနေတဆင့် Frenandes က အပိုင်ခေါင်း တိုက်သွင်းယူတာကြောင့် တဘက် ၂ ဂိုးစီနဲ့ သရေပြန်ဖြစ်သွားပါတယ်။
အချိန်ပို ဒုတိယပိုင်းပြီးတဲ့အထိ နောက်ထပ် ဂိုးမသွင်းနိုင်ကြတဲ့အတွက် ပယ်နယ်လ်တီ ကန်ကြတာမှာ ရုရှားက သုံးဂိုးပဲဝင်ပြီး ခရိုအေးရှားက ၄ ဂိုးဝင်တာကြောင့် စုစုပေါင်း ၆ ဂိုး ၅ ဂိုးနဲ့ ခရိုအေးရှားအသင်း ဆီမီးဖိုင်နယ်လ် တက်သွားတာဖြစ်ပါတယ်။
ခရိုအေးရှားအသင်းဟာ ၁၉၉၀ ပြည့်နှစ်ကတည်းကဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲတခုထဲမှာ တင် ပွဲနှစ်ပွဲကို ပယ်နယ်လ်တီနဲ့ အနိုင်ရတဲ့ ဒုတိယမြောက်အသင်းပါ။ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဒိန်းမတ်ကို၊ အခု ကွာတားဖိုင်နယ်လ်အဆင့်မှာ ရုရှားကို ပယ်နယ်လ်တီနဲ့ အနိုင်ရတာဖြစ်ပါတယ်။
အရင်တုန်းကတော့ အာဂျင်တီးနားအသင်းက ၁၉၉၀ ပြည့် ကမ္ဘာ့ဖလားပွဲမှာ ယူဂိုဆလား ဗီးယားနဲ့ အီတလီတို့ကို ပယ်နယ်လ်တီနဲ့ အနိုင်ရဖူးပါတယ်။
ဒါ့အပြင် ခရိုအေးရှားအသင်း ဆီမီးဖိုင်နယ်လ်အဆင့်ထိ တက်နိုင်တာဟာ ၁၉၉၈ ခုနှစ် ကတည်းကဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။