မြန်မာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ရွှေ့ပြောင်း အခြေချနေထိုင်မှုနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဘဝရှင်သန်ရေးအတွက် ခက်ခဲလာနေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာဟာ အိမ်နီးချင်းတွေလို စီးပွားရေး အားကောင်းမလာဘဲ၊ ဆင်းရဲတွင်း နက်လာနေတယ်လို့လည်း နိုင်ငံပေါင်းစုံက စီးပွားရေးကို နှစ်စဉ် စောင့်ကြည့်ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ သုံးသပ်သူတွေကတော့ အခုလိုဖြစ်ရတာက၊ အာဏာသိမ်းအပြီး စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာက အဓိက အရင်းခံဖြစ်ပြီး၊ ပဋိပက္ခပိုပြင်းထန်လာတာက ထပ်ဆင့်အကြောင်းရင်းသာဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာတာ၊ စီးပွားရေးမူဝါဒ မတည်ငြိမ်လာတာကြောင့် မိသားစု စားဝတ်နေရေး ပိုခက်လာပြီး ကုန်စည် ထုတ်လုပ် တင်ပို့မှုတွေ ထိခိုက်လာနေတယ်လို့ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ အဓိက ထောက်ပြထားပါတယ်။
ဒီအစီရင်ခံစာအပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဒုဝန်ကြီး လဖိုင် မော်ထွန်းအောင်က အခုလို ပြောပါတယ်။
"World Bank ကတော့ Economic Monitor (စီးပွားရေးစောင့်ကြည့်မှု) လို့ခေါ်တဲ့ country report (နိုင်ငံအလိုက်နှစ်စဉ်အစီရင်ခံစာ)ပေါ့။ ဒီနှစ်ထဲမှာ ဘာထူးလဲဆိုတဲ့အခါကျတော့ မင်းအောင်လှိုင်ရဲ့စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်အတွင်းမှာ သိသိသာသာပေါ့ တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အအုံတွေ ယိုယွင်းသွားတဲ့ဟာတွေ ဖွံ့ဖြိုးရေးနိမ့်ကျသွားတာတွေ၊ စီးပွားရေးပေါ့နော်၊ ကုန်သွယ်ရေးလည်းပါတယ်၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေလည်း ပါတယ်။ နောက်ပြီးတော့ ငွေကြေးတန်ဖိုးကျဆင်းတာတွေပေါ့နော်။ နောက်တခုက GDP ပေါ့ တနိုင်ငံလုံးရဲ့ကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး ဒါတွေဟာ သိသိသာသာကျဆင်းသွားတဲ့အတွက်ကြောင့်မို့လို့ သာမန်ပြည်သူလူထုမှာ ဆင်းရဲဒုက္ခရောက်လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြတယ်။"
ဒီ ဆင်းရဲမှုနှုန်းက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ၂၄.၈% သာရှိခဲ့တာကနေ၊ အခု ၂၀၂၃-၂၄ မှာ ၃၂.၁% ကို ထိုးတက်သွားပြီး၊ ၃၀% အထိလည်း ထပ်တက်လာခြေရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျေးလက်ဒေသနေ ပြည်သူတွေက ပိုဆင်းရဲပေမဲ့၊ မြို့နေလူတန်းစား ဆင်းရဲလာမှုနှုန်းက ဒီ ၆ နှစ်အတွင်းမှာ ပိုမိုလျှင်မြန်တဲ့နှုန်းနဲ့ ဖြစ်လာနေတယ်လို့ ထောက်ပြထားပါတယ်။ ဒီ ကျေးလက်နေ စားသုံးသူတွေက ဒီကာလထဲ ဝယ်ယူစားသုံးမှုနှုန်း ၆% လျော့ကျလာချိန်မှာ၊ မြို့နေ လူဦးရေကတော့ ၂၀% အထိကို လျော့ပြီး ဝယ်ယူ စားသုံးလာနေကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကိုဗစ် မတိုင်ခင်ကာကထက် ဆင်းရဲသူဦးရေ နောက်ထပ် ၇ သန်း တိုးလာပြီး နေရပ်ရွှေ့ပြောင်း၊ အလုပ်အကိုင်ဆုံးရှုံး၊ ဝင်ငွေကျဆင်းတာကြောင့် မြန်မာနိုင်ငံမှာ ဆင်ရဲမှုကျဆင်းရေး ဆယ်စုနှစ်တစ်စု ကြိုပမ်းခဲ့တာတွေ အလဟဿဖြစ်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို စီးပွားကြပ်တည်းပြီး ဆင်းရဲတွင်းပိုနက်ရှိုင်းလာရတဲ့ အဓိက အကြောင်းရင်းက စစ်ကောင်စီရဲ့ စီမံမှုအားနည်းတာကြောင့်လို့ သုံးသပ်သူတွေက ထောက်ပြပါတယ်။ ဒီအပေါ် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာဆိုင်ရာ ဦးဆောင်ညွန်ကြားရေးမှုး ကိုလှဘုန်းမြင့်ကလည်း အခုလို ထောက်ပြပါတယ်။
"အုပ်ချုပ်သူတွေရဲ့စီမံခန့်ခွဲမှုညံ့တာက နံပါတ်တစ်၊ အုပ်ချုပ်သူလူတန်းစားနဲ့စီးပွားရေးအသိုင်းအဝိုင်းနဲ့ အရင်တုန်းကလောက် အခြေအနေမပြောနဲ့၊ opposite ပေါ့၊ အဲလိုမျိုးဆွေးနွေးနှီးနှောမှုမလုပ်တော့ဘူးဆိုတာနဲ့အမျှ သိသာထင်ရှားပါတယ်။ ဈေးကွက်စီးပွားရေးအပေါ် သက်ရောက်မှုကလေ။ ပြီးတော့ နံပါတ်နှစ်ကတော့ ဒီစစ်ပွဲတွေရဲ့လုံခြုံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ကွယ်မှာ စီးပွားရေးလုပ်ဖို့အတွက်အန္တရာယ်ကအရမ်းများတဲ့အတွက် မတန်ဘူး"
ဒီအပေါ် လဖိုင်မော်ထွန်းအောင်ကလည်း သဘောတူပါတယ်။
"အဓိကအကျဆုံးကကျတော့ စစ်ကောင်စီရဲ့အာဏာသိမ်းတဲ့ပုန်ကုန်မှုပေါ့နော်။ တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အအုံကို မကိုင်တွယ်တတ်ဘူးပေါ့နော်။ စကစရဲ့ဗဟိုဘဏ်ရော သူတို့တွေအနေနဲ့လုပ်နေတာ ကမ်းကုန်နေပြီပေါ့နော်။ ငွေကြေးနည်းလမ်းနဲ့ပေါ့ နောက်ဒီ သွင်းကုန်ထုတ်ကုန်တွေကို ကန့်သတ်ပြီးတော့ပေါ့နော် ဈေးကွက်ကိုထိန်းဖို့ကြိုးစားတယ်။ အခုနောက်ဆုံးဆိုရင် သေနတ်နဲ့ချိန်ပြီးတော့ ရွှေဆိုင်ပိုင်ရှင်တွေကို ဓားပြတိုက်သလိုမျိုးလုပ်တယ်။ အလုပ်မဖြစ်လာဘူး "
တချိန်ထဲမှာ စစ်ပွဲနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူဦးရေသန်းနဲ့ချီပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်ကုန်ကြတဲ့အတွက် လုပ်သားဈေးကွက် ထိခိုက်တာ၊ ငွေကြေးဖောင်းပွတာနဲ့ မီးပိုပျက်လာတာတွေကြောင့် စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကြီးကြီးမားမား ကျဆင်းသွားတယ်လို့ ဒီ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါသေးတယ်။
အဲ့ဒီတော့ ရှေ့ဆက်ဖြစ်လာနိုင်ခြေကိုလည်း ကိုလှဘုန်းမြင့်က အခုလို ခန့်မှန်းပါတယ်။
"အစွန်းရောက်တဲ့သုံးသပ်ချက်မျိုးတွေကိုတော့ ကျွန်တော်လက်မခံဘူး။ အကုန်လုံးကောင်းသွားမှာပါဆိုတဲ့ ရေရှည်ကိုမကြည့်တဲ့ အခုလတ်တလောဆက်ပြီးအသက်ရှင်နေပြီးရောဆိုတဲ့ အမြင်နဲ့လည်းကျွန်တော်ကမတူဘူး။ ကျွန်တော့်မြင်တာကတော့ မြန်မာနိုင်ငံမှာက လက်ရှိအခြေအနေနဲ့ဆက်သွားရင် ပိုပြီးဆုတ်ယုတ်မယ် ပြည်သူတွေပိုခံစားရမယ်။ ဒါကထင်ရှားတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံရဲ့ သယံဇာတပေါကြွယ်ဝမှုတပိုင်း ဘယ်ဟာစိုက်စိုက်ထွက်တယ်၊ အဲဒီအားသာချက်တွေရှိနေသေးတဲ့အတွက် ချွတ်ခြုံကျတယ်ဆိုတဲ့အခြေအနေကိုတော ရောက်ဖို့ကခဲယဉ်းလိမ့်မယ်။ "
ဒီရှေ့ဆက်ဖြစ်နိုင်ခြေအပေါ် လဖိုင် မော်ထွန်းအောင်ကလည်း အခုလို ဆက်သုံးသပ်ပါတယ်။
"World Bank ကတော့လျှော့လိုက်ပြီပေါ့နော်။ GDP က ၁% ပဲတက်တယ်။ ကုန်ဈေးနှုန်းက ၃၀% တက်တယ်၊ ကုန်ဈေးနှုန်းက တက်ရုံမကဘူး၊ ကျပ်ငွေတန်ဖိုးကျဆင်းတာပေါ့နော်။ ငွေကြေးဆိုတာက အာဏာရှိတဲ့သူတွေအပေါ်မှာ ပြည်သူလူထုကဘယ်လောက်အထိယုံကြည်မှုရှိမရှိဆိုတာကို မဲပေးစရာမလိုပဲပြတဲ့ indicator ပြညွှန်းပေါ့နော်။ ဆိုတော့ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေက ရှေ့ဆက်ပြီးတော့ ပိုဖြစ်ဖို့ရှိတယ်"
တကယ်တော့ ခုလို စီးပွားအကြပ်အတည်းနဲ့ စစ်ရေးပဋိပက္ခကြောင့် ငွေကြေးနဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးကုန်ပြီး ရေတိုရော ရေရှည်မှာပါ နိုင်ငံ အလားအလာမကောင်းလှဘူးလို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
Your browser doesn’t support HTML5