ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် ကုန်ဆုံးနေပေမဲ့ နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်အထက် ကျန်နေသေးတဲ့ MOU စနစ်နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို နယ်စပ် ကော့သောင်းနဲ့ မြ၀တီမြို့တွေမှာ One Stop Service အမြန်နည်းနဲ့ အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမဲ့အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း အခုချိန်က ထိုင်းနိုင်ငံအတွင်းမှာလည်း အလုပ်လုပ်ခွင့် လက်မှတ်တွေ အသစ်လုပ်ပေးနေတဲ့ ကာလဖြစ်လို့ နယ်စပ်ပြန် သက်တမ်းတိုးသူကတော့ နည်းနိုင်တယ်လို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်နေတဲ့ မြန်မာ အလုပ်သမားတွေကို ပက်စ်ပို့ နိုင်ငံကူးလက်မှတ်သက်တမ်း ၂ နှစ်နဲ့အထက် ကျန်နေသေးတယ် ဆိုရင် နယ်စပ်မှာတင် အမြန်ဆုံး သက်တမ်းတိုးနိုင်အောင် စီစဥ်ပေးသွားမဲ့အကြောင်း ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံးက သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ မြန်မာပြည်တွင်း နေရပ်အထိ ပြန်သွားပြီး သက်တမ်း တိုးစရာမလိုဘဲ နယ်စပ် မြဝတီနဲ့ ကော့သောင်းမြို့တွေမှာ One Stop Service အမြန်စနစ်နဲ့ အချိန်တိုတွင်း ထိုင်းမှာ အလုပ်ပြန်လုပ်နိုင်အောင် စီစဥ်ပေးမယ့်အကြောင်း ကြေညာထားတာပါ။ ဒါနဲ့ပတ်သက်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်ဦးက အခုလို ပြောပါတယ်။
"သက်တမ်းကုန်နေတဲ့ သူတွေဆိုတာ နေထိုင်ခွင့်သက်တမ်း ကုန်နေတဲ့သူတွေ။ ပတ်စ်ပို့ကတော့ သက်တမ်းရှိနေတဲ့သူတွေ။ အဲဒီလို လူတွေဆိုရင် U-Turn စနစ်နဲ့ ထိုင်းနိုင်ငံကို ပြန်ဝင်ပြီး လုပ်ဖိုပေါ့။ အရင်တုန်းကဆိုရင် U-Turn ဆိုတာက နေရပ်ပြန်ပြီး အေဂျင်စီတွေနဲ့ လုပ်လည်း ရတယ်။ ပြန်စာရင်းသွင်းပြီး ပြန်စောင့်။ ပါမစ်ကျပြီးမှ ပြန်လာပေါ့။ လုပ်တာတော့ ကြာတယ်။ အခုကတော့ လုပ်တာတော့ ဒီပုံစံပဲ။ ဒါပေမဲ့ မကြာဘူး။ အဲဒီလို ပြန်စရာမလိုဘူး။ နယ်စပ်မှာပဲ U−Turn လုပ်ပေးမယ်။ အခုကတော့ ကော့သောင်းနဲ့ မြ၀တီဘက်မှာပဲ လုပ်ရမယ်။ မဲဆိုင်တို့ တာချီလိတ်တို့ ဘက်တွေတော့ မပါသေးဘူး။"
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်နေတဲ့ မြန်မာအလုပ်သမားတွေ၊ တရားမဝင် နေထိုင် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်နိုင်အောင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်ကနေ ၃၁ ရက်နေ့အတွင်း စာရင်းပေးသွင်းကြဖို့ ထိုင်းအစိုးရကလည်း ထုတ်ပြန်ထားတာပါ။ ဒါကြောင့် သက်တမ်းကုန်နေတဲ့ မြန်မာအလုပ်သမား အတော်များများ ပန်းရောင်ကဒ်လုပ်ဖို့ စာရင်းပေးသွင်း ထားကြတာကြောင့် အခု မြန်မာသံရုံးက U-Turn စနစ်နဲ့ ထိုင်းကို ပြန်ဝင်နိုင်မယ့်နည်း လိုက်ပါလုပ်ဆောင်သူကတော့ နည်းပါးနိုင်တယ်လို့ ဦးမင်ဦးက ပြောပါတယ်။
"MOU စနစ်နဲ့ ပြန်ဝင်ဖို့ ကလည်း သတင်းတွေ မကြားတဲ့အတွက် လူသစ်စာရင်းသွင်းတဲ့ အထဲမှာ သွားလုပ်ကြပြီး ဖြစ်မယ်။ ပန်းရောင်ကဒ် လုပ်တဲ့ အုပ်စုများမယ်လို့ ယူဆရပါတယ်"
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတော့ အလုပ်လုပ်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာအလုပ်သမားတွေ နယ်စပ် မြ၀တီနဲ့ ကော့သောင်းမှာပဲ အမြန်ဆုံး သက်တမ်းတိုးနိုင်မယ့် One Stop Service စနစ် လုပ်ပေးမှာဖြစ်လို့ မြန်မာအလုပ်သမားတွေ အနေနဲ့ မိမိတို့ လုပ်ငန်းခွင်ထဲက HR Manager မန်နေဂျာတွေကို အသိပေးထားဖို့ နှိုးဆော်ထားပါတယ်။
ထိုင်းနိုင်ငံထဲမှာ ပြည်ပကလာပြီး အလုပ်လုပ်ခွင့် လက်မှတ်ရဖို့ လျှောက်ထားသူစာရင်း ၇ သိန်းလောက်ရှိတာမှာ ဒီအထဲမှာ မြန်မာနိုင်ငံသားက ၅ သိန်းလောက် ပါဝင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကို ပြန်ပြီး သက်တမ်းတိုးရတဲ့ စရိတ်စကများတာကြောင့် ထိုင်းရောက် မြန်မာ အလုပ်သမား အတော်များများကတော့ ထိုင်းနိုင်ငံတွင်းမှာပဲ လျှောက်လို့ရတဲ့ ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်သမား လက်မှတ်ကိုပဲ အဓိကထား လျှောက်ကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5