သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက် အမျိုးသမီးတွေရဲ့ အမြင်

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ နီးပါး သန္ဓေသား ဖျက်ချခွင့် တရားဝင် ခွင့်ပြုလာခဲ့တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ဇွန်လ ၂၄ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ အပေါ် နိုင်ငံတဝန်း ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကလည်း အောင်ပွဲ ခံကြပါတယ်။

[Zawgyi/Unicode]

သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက် အမျိုးသမီးတွေရဲ့ အမြင်

အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ နီးပါး သန္ဓေသား ဖျက်ချခွင့် တရားဝင် ခွင့်ပြုလာခဲ့တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ဇွန်လ ၂၄ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ အပေါ် နိုင်ငံတဝန်း ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကလည်း အောင်ပွဲ ခံကြပါတယ်။ Roe v Wade လို့ အများသိကြတဲ့ သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ ဆုံးဖြတ်ချက် ပယ်ဖျက်လိုက်တာနဲ့ပတ်သက်လို့ အမေရိကားရောက် မြန်မာ အမျိုးသမီးတွေ အပါအဝင် အမျိုးသမီးတွေကြား ဘယ်လို အယူအဆ ကွဲလွဲမှုတွေ ရှိနေပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက် ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံပါ အမျိုးသမီးအခွင့်အရေး အဖြစ် နှစ်ပေါင်း ၅၀ နီးပါး ပေးအပ်လာခဲ့တဲ့၊ Roe v Wade လို့ အများသိကြတဲ့ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ စီရင်ထုံးအရ ကိုယ်ဝန် ၃ လမကျော်ခင် သန္ဓေသား တရားဝင် ဖျက်ချခွင့်ကို ဖက်ဒရယ် အစိုးရက ခွင့်ပြုလာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ကွန်ဆားဗေးတစ် တရားသူကြီး အများစု လွှမ်းမိုးတဲ့ တရားရုံးချုပ်က ဒီစီရင်ထုံးကို ပယ်ဖျက်လိုက်တာကြောင့် သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လာရင် ပြည်နယ်တခုချင်းစီကပဲ သီးခြား ဥပဒေတွေ ချမှတ် ကိုင်တွယ်ကြရတော့မှာ ဖြစ်ပါတယ်။

သန္ဓေသားဖျက်ချခွင့် ပိတ်ပင်တာကို မလိုလားကြတဲ့ အမျိုးသမီးတွေကတော့ - ဒါဟာ အမျိုးသမီး တဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ့် သူတို့ရဲ့ အခွင့်အရေး ဖြစ်သလို၊ ကျန်းမာရေး အရလည်း လိုအပ်ချက် ဖြစ်တယ်လို့ ဆိုပြီး တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။

“တရားရုံးချုပ် ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ပြဖို့ ဒီမှာ လာပြီး ဆန္ဒပြတာပါ။ ကျမတို့ လုံးဝ ဆန့်ကျင်ပါတယ်။ ဒီအတွက် တိုက်ပွဲဝင်သွားပါမယ်။”

“ဆုံးဖြတ်ချက် ထွက်လာတာ မအံ့သြပေမဲ့၊ ဒီဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်ကြရမယ့်သူတွေ အတွက် အများကြီး စိတ်ထိခိုက်ရပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လူ့အဖွဲ့အစည်းတွင်း ခွဲခြား ဆက်ဆံခံရသူတွေ၊ နွမ်းပါးတဲ့ လူမှုအသိုင်းအဝိုင်းတွေ၊ လူဖြူမဟုတ်တဲ့ တခြား အသားအရောင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမည်းအမျိုးသမီးတွေ အသက်ဆုံးရှုံးကြရမယ့် အခြေအနေပါ။ တရားရုံးချုပ်ထဲမှာ ထိုင်ပြီး ဆုံးဖြတ်ချက် ချခဲ့တဲ့သူတွေ တယောက်မှ ဒီအမျိုးသမီးတွေလို ခံစားကြရမှာ မဟုတ်ပါဘူး။ သူတို့ ဆုံးဖြတ်ချက်ကြောင့် ဘယ်လို လူတွေထိခိုက်မလဲ ဆိုတာ သူတို့ မသိပါဘူး။ ကျမတို့ သိပါတယ်။ ဒီနိုင်ငံမှာ ဘယ်သူမှ အခုဆုံးဖြတ်ချက်ကို မထောက်ခံပါဘူး။ ဒါပေမဲ့ ကျမတို့ အားလုံးက လက်မခံပါဘူးလို့ ပြောတာကို နားမထောင်ဘဲ သူတို့က ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် ကျမတို့ကတော့ ဆက်ပြီး တိုက်ပွဲ ဝင်ပါမယ်။ ဒီအခွင့်အရေး ပြန်ရတဲ့အထိ မရပ်မနား တိုက်ပွဲ ဝင်သွားပါမယ်။”

ဒီလို အပြင်းအထန် ကန့်ကွက်သူတွေ ရှိပေမဲ့၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ဝမ်းသာ အောင်ပွဲခံကြသူတွေလည်း ရှိပါတယ်။

“Roe v Wade ဆုံးဖြတ်ချက် ပယ်ဖျက်လိုက်တဲ့အတွက် အများကြီး ဝမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီလို အခိုက်အတန့်မျိုး မြင်ရဖို့ တရားရုံးချုပ်ရှေ့မှာ တောင်းဆို လှုပ်ရှားမှုတွေ လုပ်လာတာ ၅ နှစ်လောက် ရှိပါပြီ။ ခုတော့ ကျမ အရမ်း ပျော်ပါတယ်။”

Grace လို တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကတော့ သန္ဓေသားဖျက်ချခွင့်ကို အမျိုးသမီး အခွင့်အရေး လို့ မမြင်ပါဘူး။ သန္ဓေသားဖျက်ချခွင့် ပယ်ဖျက်ရေး ကြိုးပမ်းတဲ့ Student for Life of America အဖွဲ့က Anna Lulis က ခုလို ပြောပါတယ်။

“အမျိုးသမီးတွေ အတွက် Roe စီရင်ထုံးရှိစရာ မလိုပါဘူး။ သန္ဓေသားဖျက်ချခွင့် ရှိမှ အမျိုးသမီးတွေ စွမ်းဆောင်နိုင်မယ် ဆိုတဲ့ ပြောဆိုချက်ကို ကန့်ကွက်ပါတယ်။ ပထမဆုံး အမေရိကန် အမျိုးသမီးဝါဒီတွေ လည်း သန္ဓေသားဖျက်ချခွင့်ကို မထောက်ခံခဲ့ကြပါဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ တခြားသက်ရှိ တယောက်ကို စီရင်ပြီးတော့မှ ရမယ်လို့ သူတို့ မယူဆခဲ့ကြပါဘူး။ သန္ဓေသားဖျက်ချခွင့်နဲ့ အမျိုးသမီး အခွင့်အရေး ဟာ ဘာမှမဆိုင်ပါဘူး။ လူသားဖြစ်ရင် မျိုးဆက် ပြန့်ပွားရမှာပါပဲ။ သန္ဓေသားဆိုပေမဲ့လည်း မိခင်နဲ့ DNA တခုတည်း တူနေတာလည်း မဟုတ်ပါဘူး။ သီးခြား အသက်ခန္ဓာ တခုပါ။ ဒါကြောင့် အမျိုးသမီးရဲ့ အခွင့်အရေး မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် အမျိုးသမီး အခွင့်အရေးက ဝမ်းဗိုက်ထဲမှာ စတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါဟာ လူ့အသက်တချောင်း ပါ။ အမျိုးသမီးတယောက် ဖြစ်လာနိုင်တဲ့ အသက်တခုပါ။”

“သန္ဓေသားဖျက်ချခွင့် ဟာ အမျိုးသမီး စွမ်းရည်မြှင့်တင်မှု မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ ကလေးရှိလို့ အောင်မြင်မှုတွေ ရအောင် မလုပ်နိုင်ဘူး ဆိုတာ မမှန်ပါဘူး။ တကယ်က ဆန့်ကျင်ဘက်ပါ။ အမျိုးသမီးတွေ အနေနဲ့ ကလေးရှိလျက်နဲ့လည်း သူလုပ်ချင်တဲ့အလုပ်၊ သူလိုချင်တဲ့ ပညာတွေ သင်ယူ လေ့လာခွင့်ရှိပါတယ်။ အဲ့ဒီလို လုပ်နိုင်တာကသာ တကယ် စစ်မှန်တဲ့ စွမ်းရည် မြင့်တင်မှု ဖြစ်ပါတယ်။”

ဒီလိုပြောဆိုတာကို အမျိုးသမီးတိုင်းကတော့ လက်မခံကြပါဘူး။ တချို့ အမျိုးသမီးတွေဟာ မတရားပြုကျင့်ခံရလို့၊ အလိုမတူဘဲ ဖိအားပေးခံရလို့ ကိုယ်ဝန်ရ ကြရတာတွေ ရှိသလို၊ တချို့ကလည်း ကျန်းမာရေးအရ၊ လူမှု စီးပွားဆိုင်ရာ အခြေအနေတွေအရ ကလေးယူဖို့ မသင့်တော်တာ စတဲ့ အကြောင်းအမျိုးမျိုးတွေ ရှိတာကို ထောက်ပြပြီး ဘေးကင်းလုံခြုံတဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချမှုတွေ ခွင့်ပြုဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။ ဒါကို ပိတ်ပင်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ သူတို့ရဲ့ဘဝ အတွက် ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အကြီးအကျယ် ရိုက်ချိုးလိုက်တာ ဖြစ်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရအောင်၊ အမျိုးသမီးတွေကို အခက်အခဲ ပို ဖြစ်အောင် လုပ်တာလို့ Roe v Wade ကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

“သန္ဓေသားဖျက်ချခွင့် အခွင့်အရေး ဆက်ရနေအောင် ကြိုးပမ်းသွားမှာပါ။ သန္ဓေသားဖျက်ခွင့် တားမြစ်တဲ့ ပြည်နယ်တွေက အမျိုးသမီးတွေကို ကူညီပေးပါမယ်။ လိုအပ်သူတွေ DC လို နေရာမျိုးမှာ လာပြီး သန္ဓေသားဖျက်ချခွင့်ရအောင်၊ ကျန်းမာရေးအရ ကူညီစောင့်ရှောက်မှုတွေ ရအောင် ကူညီတာတွေ လုပ်သွားပါမယ်။ သန္ဓေသား ဖျက်ချတာတွေ ကတော့ ရပ်သွားမှာမဟုတ်ပါဘူး။ ကျမတို့ကို သူတို့ တားခွင့်မရှိပါဘူး။ သူတို့တားလည်း အမျိုးသမီး အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေက ဒါကို ရအောင် နည်းလမ်းရှာမှာပါ။ ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေ ဆက်ရနေအောင် လုပ်သွားပါမယ်။”

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ခေတ်နောက်ပြန် ဆွဲလိုတဲ့ ကွန်ဆားဗေးတစ် အနည်းစုရဲ့ လုပ်ရပ်လို့လည်း Helen Luryi က ဝေဖန်ပါတယ်။

“တရားရုံးချုပ် ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပေမဲ့ အံ့တော့ မအံ့သြပါဘူး။ လက်ရှိ တရားရုံးချုပ်မှာ ခရစ်ယာန်ဖက်ဆစ် လူနည်းစုတွေ နေရာယူပြီး သူတို့ရဲ့ အယူအဆတွေကို ကျန်တဲ့သူ အားလုံးအပေါ် ချမှတ်ဖို့ လုပ်နေတာပါ။ ဒါကို ဒီကနေ့ ဆုံးဖြတ်ချက်က ပြလိုက်တာပါပဲ။ အံ့သြစရာ မရှိပါဘူး။”

အရင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ တရားရုံးချုပ် တရားသူကြီး ၃ ဦးကို ခန့်အပ်ပြီး တရားရုံးချုပ်မှာ ကွန်ဆားဗေးတစ် တရားသူကြီးတွေ အများစု လွှမ်းမိုးနိုင်အောင် စနစ်တကျ စီစဉ် နေရာယူပြီးတော့မှ ခုလို ဆုံးဖြတ်ချက်တွေ ချမှတ်လာတာလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ပထမအဆင့် အနေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်လာတာ ဖြစ်ပြီး သိပ်မကြာခင်မှာ လိင်တူချစ်သူတွေ၊ လိင်စိတ်ခံယူချက် ကွဲပြားသူတွေ၊ လိင်အင်္ဂါ ပြောင်းလဲခံယူထားသူတွေလို LGBTQ အသိုင်းအဝိုင်း အပေါ်မှာပါ ကန့်သတ်မှုတွေ ကြုံလာရနိုင်တယ် ဆိုပြီး သတိပေး ပြောသူတွေလည်း ရှိပါတယ်။

ခုလို အမေရိကန် အမျိုးသမီးတွေကြား အယူအဆ ကွဲလွဲမှုတွေရှိနေတဲ့ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန်ရောက် မြန်မာ လူမှုအသိုင်းအဝိုင်းကြားမှာရော ဘယ်လို သဘောထားတွေ ရှိကြပါလဲ။ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ ဟောင် ရဲ့ အမြင်ကို နားထောင်ကြည့်ရအောင်ပါ။

“ကျမ အမြင်ကတော့ ကျမတို့ ကိုယ်ဝန် စရှိပြီ ဆိုတာနဲ့ သွေးဥကနေ စတာပေါ့နော်။ အဲ့ဒီကနေ စပြီးတော့ ရက်ပိုင်း လပိုင်း တဖြည်းဖြည်းနဲ့ သူက လူ ဖြစ်လာပြီလေ။ ဆိုတော့ ကိုယ်ဝန်ဖျက်ချတာ တလပဲကြာကြာ၊ နှစ်လပဲကြာကြာ ကိုယ်ဝန်ဆိုပေမဲ့၊ လူပုံစံ စဖြစ်နေပြီ။ ဆိုတော့ ကျမတို့ ဒီ ကိုယ်ဝန်ကို ဖျက်ချလိုက်ခြင်းအားဖြင့် တနည်းအားဖြင့် လူ အသက် သတ်တာနဲ့ အတူတူပဲဖြစ်တယ်။ ကျမတို့ ဘာသာရေး အသီးသီးမှာလည်း လူ့အသက်ကို မသတ်ရဘူး။ ဒါ ဘုရားမကြိုက်တဲ့အရာ တခု ဖြစ်တယ်ပေါ့နော်။ လူ့ရဲ့ဘဝ တခုလုံးကို ဆုံးရှုံးသွားသလို၊ လူဖြစ်လာမယ့် ကလေးတယောက်ရဲ့ အနာဂတ်ကို ရိုက်ချိုးသလို ဖြစ်တယ်လို့ ကျမ ခံစားတယ်။ ဒါဟာ ဘုရားကလည်း ကျမတို့ရဲ့ ကျမ်းစာ ထဲမှာ လုံးဝ မကြိုက်တဲ့အရာ။ လူ့အသက် သတ်တာကို ဘုရားက တားမြစ်ထားတဲ့အရာ ဖြစ်တဲ့အတွက် ကျမတို့ အမေရိကားမှာ ဒီအရာတွေ ဖြစ်လာတဲ့အခါမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ နှလုံးသား ကျေကွဲရတယ်။ ဒါပေမဲ့ အခု ဒီလိုမျိုး သူတို့ရဲ့ တရားရုံးမှာ အမှုတွေ ဒီလိုဖြစ်လာတယ်။ ပြီးတော့မှ ကိုယ်ဝန်ဖျက်ချတဲ့အရာတွေကို တားမြစ်မယ်လို့ သတင်းကြားတဲ့အခါမှာ ကျမ စိတ်ထဲမှာ အရမ်း ဝမ်းသာတယ်။ ကျမတို့ ဆုတောင်းတဲ့အရာတခုလည်း ပြည့်သွားတယ်လို့ ကျမ ယုံကြည်ပါတယ်။”

အမေရိကားရောက် မြန်မာတွေကြားမှာလည်း အမြင်တွေကတော့ အမျိုးမျိုးပါ။ တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် တရားရုံးချုပ်ရှေ့မှာ ကိုယ်တိုင် သွားရောက် ဆန္ဒပြခဲ့တဲ့ မဂျူးဂျူးမင်းသူကတော့ အခုဆုံးဖြတ်ချက်ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိခိုက်ရုံမက လူမှုအသိုင်းအဝိုင်း တခုလုံးအပေါ်မှာ သက်ရောက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဒါက ပြောမယ်ဆိုရင် အမျိုးသမီးထုရဲ့ အခွင့်အရေးတင် မဟုတ်ဘဲနဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို ထိခိုက် နစ်နာလာနိုင်တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကျမက social worker တယောက် ဆိုတော့၊ ကျမတို့ လူ့ဘောင်တခုလုံး ပြောင်းလဲသွားနိုင်တာကို မျက်မြင်ကိုယ်တွေ့ မြင်လာရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး ကျမတို့ရဲ့ ရွေးချယ်ပိုင်ခွင့်၊ ကိုယ်ဝန်ရလာပြီဆိုရင် မလိုချင်ဘဲ မွေးရမယ့်ကလေးတွေ၊ မကျွေးနိုင်ဘဲ မွေးရမယ့်ကလေးတွေ၊ မထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်ဘဲနဲ့ မွေးရတော့မယ့် ကလေးတွေ လူ့ဘောင်ထဲကို ရောက်လာပြီဆိုရင် ကလေးတွေ အတွက်လည်း မကောင်းဘူး။ ဒီကလေးတွေ စိတ်ဒဏ်ရာများစွာနဲ့ ကြီးပြင်းလာရဖို့ များတယ်။ နောက်ပြီးတော့ အခြေခံလူတန်းစားတွေ၊ ကိုယ်ဝန်တားဆေး မသုံးနိုင်တဲ့လူတွေ အတွက်ဆိုရင် ပိုပြီး ဒုက္ခရောက်လာနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောတော့သာ မျိုးပွားမှုဆိုင်ရာ အခွင့်အရေး ဆိုပေမဲ့၊ အဲ့ဒီအောက်မှာ အများကြီးပဲ ပါ လာပြီ။ အမျိုးသမီးတွေရဲ့ တားဆေးသုံးခွင့်တွေကအစ ပါလာပြီ။ အမျိုးသမီးတွေ ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာတွေကအစ ပါလာပြီ။ ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်းဆိုရင် LGBTQ အသိုင်းအဝိုင်း တွေရဲ့ အခွင့်အရေးတွေပါ ထိခိုက်နစ်နာ လာနိုင်တယ်လို့ LGBTQ ခေါင်းဆောင်တွေကလည်း ပြောဆိုနေကြပါပြီ။ ဒီဟာကိုကြည့်ရတာ အရမ်းလည်း ဝမ်းနည်းဖို့ကောင်းတယ်။ ဒေါသလည်း ထွက်မိတယ်။ ဒီလောက် တိုးတက်နေတဲ့ အမေရိကား လို နိုင်ငံတောင်မှ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေနဲ့ လူတွေက ခေါင်းဆောင်ဖြစ်နေတော့ ကျမတို့လို အမျိုးသမီးတွေနဲ့ မိန်းခလေးတွေ အတွက် အရမ်းပဲစိတ်ပူမိတယ်။ အခုလိုမျိုး တရားရုံးချုပ်မှာ တရားသူကြီးတွေက နှစ်ပေါင်း ၅၀ လောက် နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေနဲ့ ခေါင်းဆောင်လုပ်နေတဲ့အခါမှာ ကျမတို့အနေနဲ့ တော်တော်လေးကို စိတ်ပူမိတယ်။ ဒီနိုင်ငံအတွက် ဒုက္ခမျိုးစုံ ရင်ဆိုင် ရတော့မယ်ဆိုတာကိုလည်း ကြိုတင် တွေးဆလို့ရပါတယ်။”

တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေကတော့ ပိုမို ကျယ်လောင်လာပါတယ်။ သဘောထား ဘယ်လိုကွဲကွဲ လတ်တလောမှာတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာကြရမှာပါ။ ပြည်နယ်တချို့ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်လာပြီးပြီးချင်းမှာပဲ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ချက်ချင်း ပြဌာန်းဖို့ ပြင်ဆင်လာကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

==========================================

[Unicode]









Grace လို တရားရုံးခြုပျ ဆုံးဖွတျခကြျကို ထောကျခံသူတှကေတော့ သန်ဓသေားဖကြျခခြှင့ျကို အမြိုးသမီး အခှင့ျအရေး လို့ မမွငျပါဘူး။ သန်ဓသေားဖကြျခခြှင့ျ ပယျဖကြျရေး ကွိုးပမျးတဲ့ Student for Life of America အဖှဲ့က Anna Lulis က ခုလို ပွောပါတယျ။











