အမျိုးသမီးတွေရဲ့ တနှစ်တာ ဖြတ်သန်းမှုနဲ့ နှစ်သစ်မျှော်မှန်းချက် (အပိုင်း-၂)

Your browser doesn’t support HTML5

၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ ဆိုတာတွေကို လူ့အဖွဲ့အစည်းအတွင်း ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီးတချို့ရဲ့ အသံတွေကို စုစည်းထားတဲ့ ဒုတိယပိုင်းကို မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
(Zawgyi/Unicode)
အမျိုးသမီးတွေရဲ့ တနှစ်တာ ဖြတ်သန်းမှုနဲ့ နှစ်သစ်မျှော်မှန်းချက် (အပိုင်း-၂)

သိပ်မကြာခင်မှာပဲ ၂၀၂၁ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၂ ကို ကူးပြောင်း ဝင်ရောက်တော့မှာပါ။ ဒီနှစ် ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ တနှစ်တာ ကြုံတွေ့မှုတွေထဲ ကောင်းကျိုး ဆိုးကျိုး အပါအဝင် ထူးခြားတဲ့ ဖြစ်ရပ် ဘာတွေ ရှိခဲ့ပါလဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ ဆိုတာတွေကို လူ့အဖွဲ့အစည်းအတွင်းက ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီး တချို့ရဲ့ အသံတွေကို စုစည်းပြီး ပြီးခဲ့တဲ့ သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ပထမပိုင်း တင်ဆက်ပေးခဲ့သလို အခုဆက်ပြီး ဒုတိယပိုင်းကို မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကုန်လွန်တော့မယ့် ၂၀၂၁ ခုနှစ်ဟာ အမျိုးသမီးတွေအပါအဝင် မြန်မာပြည်သူ အများစုအတွက်တော့ အပြောင်းအလဲတွေ ကြီးကြီးမားမား ကြုံခဲ့ရတဲ့ နှစ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့ရတဲ့ အဘက်ဘက်က အကျပ်အတည်းကြောင့် အကောင်းထက် အဆိုးများတဲ့ နှစ်လို့ အမျိုးသမီး အများစုက ပြောကြပါတယ်။ ဒီလို အဆိုးတွေကြားမှာပဲ အကောင်းတချို့ ရှာ တွေ့ခဲ့တယ်လို့ ပြောသူကတော့ အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီး ခံရပြီး ၆ လကျော် အကျဉ်းထောင်တွင်း နေခဲ့ရပြီးမှ ပြန်လည် လွတ်မြောက်လာတဲ့ အလုပ်သမားရေး တက်ကြွ လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ပါ။

“၂၀၂၁ ကတော့ ဆိုးသောနှစ်ပေါ့။ သို့သော်လည်း ဒီဆိုးတဲ့နှစ်မှာ ကျမ အတွက် ကိုယ့်ကိုယ်ကို refreshing လုပ်ခဲ့ရတဲ့၊ ဖုန်းလိုမျိုး ဆိုရင်တော့ ခန reset ချတာတို့၊ ပါဝါ ပိတ်ပြီး update တင်ခဲ့ရတဲ့ နှစ်ပေါ့။ အဲ့ဒီလိုမျိုး ပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက တခါမှ ကိုယ့်အတွက်ရယ်လို့ နားခဲ့တဲ့ရက် မရှိဘူး။ တချိန်လုံး အလုပ်သမားတွေရဲ့ အမှုကိစ္စတွေ၊ ရေးရာတွေမှာ ကျမ အချိန် နှစ်ထားခဲ့တာ။ အဖမ်းခံရပြီးတဲ့ အခါ ကျတော့မှ ထောင်ထဲမှာ ၆ လ၊ ၇ လ ဘာမှ အလုပ်မရှိဘူး။ နေ့တိုင်း အချိန် ၂၄ နာရီက တော်တော်ကို ပိုနေတာ။ အဲ့ဒီကျမှ အပြင်မှာဆို သိပ်အိပ်ချင်တာ။ ထောင်ထဲမှာဆို မအိပ်ချင်ဘူး။ အဲ့ဒီအချိန်ကျတော့မှ ကျမ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လို့ရတဲ့ နှစ်တနှစ် ဖြစ်သွားတယ်။ ဘာတွေ ပြင်ဖို့ လိုတာလဲ။ ဘာတွေ မှားနေတာလဲ။ ဘာတွေ ထပ်ပြီး လေ့လာဖို့ လိုလဲ။ အထူးသဖြင့် စာအုပ်တွေလည်း အဲ့ဒီအချိန်ကျမှ ပိုပြီး ဖတ်ဖြစ်တယ်။ ဟိုတုန်းကတော့ စာအုပ်တွေ ဖတ်တယ်။ လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အခါကျတော့ စာအုပ် ဖယ်ပြီးတော့ လုံး၀ စာနဲ့ ဝေးသွားခဲ့တယ်ပေါ့။ တကယ်ဆိုလို့ ရှိရင်တော့ လုံး၀ ဒီမိုကရေစီ ဆိတ်သုဉ်းသွားတဲ့အချိန်၊ ကျမတို့ အလုပ်တွေ လုံး၀ ရပ်နားသွားတဲ့အချိန် အဆိုးဆုံးကာလပေါ့။ တော်လှန်ရေးကို ဖြတ်သန်းနေတဲ့ ကာလကြီးမှာ ကျမ ၆ လတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အချိန် ရပြီးတော့ ကိုယ့်ဟာကိုယ်လည်း ပြန် သုံးသပ်နိုင်ခဲ့တယ်ပေါ့။”

ဒီလို အဆိုးထဲက အကောင်းကို ရှာနိုင်သူတွေ ရှိသလို၊ အကောင်းဆိုတာ မမြင်ရလောက်အောင် အဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင် နေရသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းမှု နောက်ပိုင်း အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အသက်ဆုံးရှုံးရသူတွေ၊ ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ၊ မိသားစု ဆွေမျိုးတွေနဲ့ နေရပ်ကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ လူငယ်တွေ အများအပြား ရှိနေပြီး ဒီအထဲမှာ တယောက် အပါအဝင် ဖြစ်တဲ့ ဒေါက်တာ အိ က ၂၀၂၁ ဟာ သူ့အတွက် ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းလဲတွေနဲ့ နာကျည်းစရာ နှစ်လို့ ပြောပါတယ်။

“၂၀၂၁ မှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရသလဲ ဆိုရင် အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက် ဒဏ်ရာ ရတာတွေကို ဆေးကု ပေးရတယ်ပေါ့နော်။ အမှန်အတိုင်း ပြောရရင်တော့ မြို့ပေါ်မှာနေတော့ ကျနော်တို့အတွက် ဆိုရင် ကျည်ထိ ဒဏ်ရာ လူနာတွေကို ကြုံတွေ့ ရနိုင်မယ်လို့ တကယ် တခါမှ မတွေးခဲ့ဖူးဘူး။ တိုင်းရင်းသားရွာတွေ နယ်မြေတွေကိုတော့ ခုလို ဝန်ခံရတာကို အားနာပါတယ်။ ဒါပေမဲ့ တကယ်ကို လုံး၀ မျှော်လင့်မထားဘူး။ တွေ့ခဲ့တဲ့လူနာတွေ ဆိုတာကလည်း တကယ့်ကို ဆိုးဆိုးရွားရွားတွေ။ ခေါင်းကို ထိမှန်ထားတဲ့ လူနာတွေ၊ အူတွေ ပွင့်ထွက် ထားတဲ့လူနာတွေ။ အဲ့ဒီလို ကြုံတွေ့ရလိမ့်မယ်လို့ တခါမှ မတွေးဖူးဘူး။ ပြီးတော့ ကျနော့် အနေနဲ့ဆိုရင် ကျနော်က ဆရာဝန်တယောက် နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ဘယ် ပါတီဝင်မှလည်း မဟုတ်ဘူး။ ကျနော့်ရဲ့ professional အရဆိုရင် ကျနော်က ဆေးကုတယ်။ လူနာရှိရင် ကျနော် ဆေးကုမယ်။ ဒါပေမဲ့ ထင်မှတ်မထားတာက အဲ့ဒီ ဆေးကုတဲ့ဟာ က စစ်ကောင်စီ လက်အောက်မှာ တခုခု အနေနဲ့ သတ်မှတ်ခံရမှာ တခါမှ မတွေးခဲ့ဖူးဘူး။ လုံးဝကို မထင်မှတ်ထားတဲ့ အရာတွေ ပေါ့နော်။”

စစ်အာဏာ မသိမ်းခင် အချိန်အထိ သူတို့လို ဆေးဝန်ထမ်းတွေဟာ ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်ခဲ့ကြလို့ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြု ခံခဲ့ရပေမဲ့၊ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ပစ်မှတ်ထား နှိပ်ကွက် ခံခဲ့ရတယ်လို့လည်း ဒေါက်တာ အိက ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် လူမှု စီးပွား အကျပ်အတည်းတွေ အဘက်ဘက်က ကြုံနေရချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် အခက်အခဲတွေ ပိုဖြစ်ရတယ်လို့ ပြောသူ နောက်တဦး ကတော့ ရန်ကုန်မြို့က ဈေးဆိုင်ပိုင်ရှင် တဦး ဖြစ်တဲ့ မယဉ်ထွန်းပါ။

“၂၀၂၁ ခုနှစ်မှာ လုပ်ငန်း ကိုင်ငန်းတွေက အစ်မတို့သိတဲ့ အတိုင်းပဲ ဒီအကောင်တွေနဲ့က ဘယ်လိုမှကို အဆင်မပြေပါဘူး။ အရင်က ရောင်းဝယ်ရတဲ့ ကဏ္ဍမှာ အရောင်းရော အဝယ်ရောက သူ့ဈေးနဲ့သူ မ ျှတတယ်လေ။ ကုန်ဈေးနှုန်း ကအစ၊ ပြန်ရောင်းရတဲ့ နေရာမှာကအစပေါ့။ အခုကျတော့ အဲ့ဒီလို အရင်နှစ်တွေလောက် ထင်သလောက် ကိုယ့်အတွက် မကျန်ဘူးပေါ့။ စိုက်ရတာ များပြီး အဖက်တင်တာ နည်းတာပေါ့။”

၂၀၂၁ မှာ တက္ကသိုလ် ဂုဏ်ထူးတန်း ဆက်တက်ဖို့ရှိနေတဲ့ ကျောင်းသူ မအေးမြင့်အောင်အောင် ကတော့ အာဏာသိမ်းမှုနဲ့ ကြုံရတဲ့ ၂၀၂၁ ဟာ သူ့အတွက် ပညာရေးနဲ့ လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံး နစ်နာခဲ့ရတဲ့နှစ်လို့ ပြောပါတယ်။

“plan တွေက ရှိခဲ့ပါတယ်။ ညီမတို့က ၂၀၂၀ မှာ ဘွဲ့ရခဲ့တယ် ဆိုပေမဲ့ ဂုဏ်ထူးတန်း ဆက်တက်ရတာပေါ့နော်။ ဂုဏ်ထူးတန်း ဆက်တက်ရတဲ့ အချိန်မှာ ကျောင်းပြီးတဲ့အခါ ကိုယ်လုပ်မယ့်၊ ရွေးချယ်မယ့် career အတွက်၊ အလုပ်ထဲကို ဝင်ဖို့အတွက် ပြင်ဆင်ထားတာပေါ့။ ၂၀၂၁ ဆိုရင်တော့ အလုပ်ထဲမှာ စပြီးတော့ အလုပ် အတွေ့အကြုံ ယူမယ်ဆိုပြီး ပြင်ဆင်ထား တာပေါ့။ အဲ့ဒီမှာမှ ခုလို ဖြစ်သွားတဲ့အခါ ကျတော့ ညီမတို့ အနေနဲ့ ဘာအလုပ် အတွေ့အကြုံမှလည်း မယူရတော့ဘူး။ နောက်တခုက ညီမတို့က ဥပဒေ ပညာရပ် ဖြစ်တာကြောင့် မိုလို့ တရားရုံးတွေမှာ chamber ဆင်းရတယ်။ chamber ဆင်းရတဲ့အခါမှာ အခု အာဏာသိမ်းလိုက်ပြီး ကတည်းက တရားရုံးတွေကို ညီမတို့ boycott လုပ်လိုက်တယ်။ chamber လုံး၀ မဆင်းတော့ဘူး။ ဒါမျိုးတွေပေါ့နော်။ အဲ့ဒီတော့ ရှေ့နေလိုင်စင်လည်း မရခဲ့ဘူးပေါ့။ ကိုယ်ယူမယ့် အလုပ် အတွေ့အကြုံတွေလည်း အကုန်လုံးတော့ ဆုံးရှုံးလိုက်ရတာပေါ့။”

၂၀၂၁ မှာ ခုလို အဆိုးတွေ ကြုံရပေမဲ့ လာမယ့် ၂၀၂၂ ကိုတော့ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ထုတ်နိုင်တဲ့နှစ် ဖြစ်ချင်တယ်လို့ မအေးမြင့်အောင်အောင်က ပြောပါတယ်။ ဒီအတွက် ကျရာ နေရာမှာ ပါဝင် လှုပ်ရှားနေပြီး နှစ်သစ်မှာလည်း အာဏာရှင်ကို တိုက်ထုတ်နိုင်တဲ့ အထိ ဆက်ပြီး ပါဝင်သွားမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ညီမ ထင်တယ်။ ညီမတို့တော်လှန်ရေးကြီး ကတော့ ပြီးမှာ မဟုတ်သေးဘူးပေါေ့နာ်။ ၂၀၂၂ နှစ်မှာလည်း ညီမတို့ ဆက်ပြီး တော်လှန်နေ ကြရဦးမှာပဲပေါ့။ တော်လှန်ရေး ဆိုတာ က လုပ်ပြီးလို့ရှိရင် ဖြတ်ချလို့ရတဲ့ အမျိုးလည်း မဟုတ်ဘူး။ နောက်ပြန်လှည့်လို့ ရတဲ့အရာလည်း မဟုတ်ဘူးပေါ့။ အဲ့ဒီတော့ ညီမတို့တွေ ရှေ့ဆက်ပြီးတော့ သွားဖို့ပဲ ရှိတယ်။ အဲ့ဒီတော့ ၂၀၂၂ နှစ်မှာလည်း စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကိုယ် ရရာကဏ္ဍ၊ ကျရာကဏ္ဍ ကနေ ဆက်ပြီးတော့ ကူနေဦးမယ်။ သွားနေဦးမယ်။ ဒီကြားထဲ ထောင်ကျရင်လည်း ကျနိုင်တယ်။ အသက်ဆုံးရှုံး သွားရင်လည်း သွားနိုင်တယ်။ ဘာမှပြောလို့ မရဘူးပေါ့နော်။ ဖြစ်ချင်တာကတော့ ၂၀၂၂ မှာတော့ တော်လှန်ရေးကြီးကို အပြီးသတ် သွားချင်တယ်။ ၂၀၂၃ ကျရင်တော့ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့ အမြန်ဆုံး ရောက်ချင်ပါတယ်။ အဲ့ဒီအတွက်လည်း အများကြီး ကြိုးစားကြဖို့ လိုအပ်သလို၊ ညီမတို့တွေ ခန့်မှန်းလို့တော့ မရပေမဲ့ ၂၀၂၂ ကိုတော့ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းစဉ်၊ တော်လှန်ရေးလုပ်ငန်းစဉ် အပြီးသတ်တဲ့ နှစ်တနှစ်ဖြစ်ဖို့ ခန့်မှန် မေ ျှာ်လင့်ထားပါတယ်။”

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ဖီဆန်တဲ့ အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် တခြားသော ဆေးဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး မိသားစုတွေနဲ့ အဝေးမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေါက်တာ အိ ကတော့ ၂၀၂၂ နှစ်မှာ အိမ်ပြန်ခွင့်ရဖို့ မျှော်လင့်နေသူပါ။

“ကျနော် မေမေ ချက်တဲ့ ဟင်းတွေကို လွမ်းပြီ။ မေမေက ဟင်းချက် အရမ်းကောင်းတယ်။ ပြီးတော့ ဖေဖေနဲ့အတူ သီချင်းတွေ ဆိုလိုက်။ အရင်လို မိသားစု စုံစုံညီညီနဲ့ ပျော်လိုက်၊ လည်စရာရှိတာ လည်လိုက်။ အဲ့ဒီလို နေချင်တယ်။ အဲ့လိုပဲ မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရ သူတွေလည်း ပြန်လည် လွတ်မြောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် မိသားစုလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ဒါပေမဲ့ တချို့တွေဆိုရင် အိမ်မပြန်နိုင်တော့ဘူးလေ။ မိသားစုတွေနဲ့လည်း တသက်လုံး ပြန်မတွေ့ရတော့ဘူး။ ကျနော့် ကိုယ်ပိုင် ဆန္ဒအရဆိုရင် အိမ်ပြန်ချင်တယ်။ မိသားစုနဲ့ ပြန်တွေ့ချင်တယ်။ ဆန္ဒ ကြီးကြီးမားမားကြီး တခု အနေနဲ့ ဆိုရင်တော့ ၂၀၂၂ မှာ စစ်ကောင်စီ လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ချင်တယ်။ အကျအရှုံး အထိအခိုက် နည်းနိုင်သမျှ နည်းနည်းနဲ့ ပြည်သူ့အောင်ပွဲကို ရစေချင်တယ်။ အဲ့ဒါကတော့ အမျှော်လင့်ဆုံး ဆန္ဒပါ။”

အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ရဲ့ နှစ်သစ် မျှော်လင့်ချက်ကရော ဘယ်လိုများ ရှိပါလဲ။

“၂၀၂၂ မှာ အကောင်းဆုံးကို မျှော်လင့်တာပေါ့နော်။ မျှော်လင့်သလို ဖြစ်လာနိုင်ဖို့မှာတော့ ရေခံမြေခံကတော့ လိုဦးမယ်လို့ ထင်တယ်။ ၂၀၂၂ ရဲ့ အိပ်မက်ရှည်ကြီးကို ကျမတို့ တကယ်ပဲ အတူတူ မက်ခွင့်ရမလား။ ဒီကြားထဲမှာပဲ ကျမတို့က ဒုတိယမ္ပိ ပြန်ပြီးတော့ update သွားတင်ရမှာ လားပေါ့နော်။ တကယ်ပဲ ကျမတို့ အားလုံး တူညီတဲ့ အနာဂတ်ဆီကို ရောက်မလား ဆိုတာ မပြောနိုင်ဘူးပေါ့။ မျှော်လင့်ချက် ကတော့ ထားတယ်။ သို့သော် ဒီမျှော်လင့်ချက်သည် တောင်းယူလို့ မရ။ လုပ်ယူလို့မရ။ တိုက်ယူမှရမှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံး ညီဖို့တော့ လိုတယ်။ တနိုင်ငံလုံး ညီဖို့တော့ လိုပါတယ်။”

ဈေးဆိုင်ပိုင်ရှင် မယဉ်ထွန်း ကတော့ နှစ်သစ်မှာ ဘေးကင်းလုံခြုံမှု ရှိရှိနဲ့ အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ရတဲ့ အခြေအနေမျိုး ပြန်ရချင်ပြီလို့ ပြောပါတယ်။

“၂၀၂၂ ခုနှစ်မှာတော့ အကုန်လုံးပေါ့နော်။ ကိုယ့်နိုင်ငံက လူတွေ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်လို အေးအေးချမ်းချမ်း စီးပွားရေးလေး ပြန်ရှာစေချင်တယ်။ လုံလုံခြုံခြုံပေါ့နော်။ နေရ ထိုင်ရတဲ့ အနေအထားက အစ။ မိန်းခလေး ဆိုလည်း အရင်တုန်းက ပုံစံမျိုး။ ဥပမာ - ကိစ္စရှိလို့ ည ၉ နာရီ ၁၀ နာရီ ထွက်နေရင်တောင်မှ လုံခြုံ စိတ်ချရတဲ့ အနေအထားမျိုးတွေပေါ့။ ကိုယ့်က မိန်းမတယောက် ဖြစ်နေတဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။ အကုန်လုံး စီးပွားရေး အဆင်ပြေပြေနဲ့ ကျန်းမာရေး ကောင်းကောင်းနဲ့ လူတိုင်းကို ဖြစ်စေချင်တာပေါ့နော်။”

လက်ရှိ စစ်အုပ်ချုပ်မှုအောက်မှာ ကတော့ ပြည်သူတွေ အတွက် ဘေးကင်း လုံခြုံမှုမရှိသလို၊ ကျီးလန့်စာ စားနေရတဲ့ဘဝတွေနဲ့ စားဝတ်နေရေး အကျပ်အတည်း မျိုးစုံကို ရင်ဆိုင်နေရတယ်လို့ အမျိုးသမီး အများစုက ပြောဆိုကြပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြား တနှစ်တာအတွင်း တဦးနဲ့တဦး ကြုံတွေ့ရတဲ့ ဖြစ်ရပ် တခုချင်းစီ မတူကြပေမဲ့လို့ ၂၀၂၁ ခုနှစ် ဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက် ဆုံးရှုံးနစ်နာမှု များတဲ့နှစ်လို့ ဆိုရင် ငြင်းနိုင်ကြမယ် မထင်ပါဘူး။

ဒါကြောင့် လာမယ့်နှစ်သစ်မှာတော့ ဒီလို အဆိုးတွေကနေ လွန်မြောက်ပြီး ကြုံနေရတဲ့ ကပ်ဘေးအသွယ်သွယ် ကနေ လွန်မြောက် နိုင်ကြပါစေ။ မျှော်မှန်းထားတဲ့ အနာဂတ်နဲ့ ဘေးကင်း လုံခြုံ အေးချမ်းတဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။
==============================
[Unicode]
အမြိုးသမီးကဏ်ဍ



















