အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့နေတယ်လို့ တအန်းအမျိုးသမီးအဖွဲ့ ကလည်း ပြောပါတယ်။ လူအခွင့်အရေးချိုးဖောက်မှုနဲ့ လူသားမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ အမျိုးသမီးအများစုက ရင်ဆိုင်နေရတဲ့ အခြေအနေ ရန်ကုန်က သတင်းပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။
စစ်ကောင်စီတပ်က နည်းမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် နေ့စဉ်ဆိုသလို အသက်ဆုံးရှုံးနေရတာလို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ပြောပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း အောက်တိုဘာ တလထဲမှာတင် စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အဲ့ဒီထဲမှာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ တာကနေ သေဆုံးသူ ၄ ဦးရှိပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က နိုဝင်ဘာ ၅ ရက် သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
သေဆုံးထိခိုက်ရတဲ့သူတွေဟာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် မြို့နယ် ၁၁ ခုက အမျိုးသမီးတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သတ်ဖြတ် ခံရမှု၊ ဒရုန်းတိုက်ခိုက်မှု၊ ပစ်သတ်ခံရမှု၊ မြေမြှုပ်မိုင်း၊ တိုက်ပွဲကြား ကျည်ထိမှန်မှု၊ မီးရှို့သတ်ဖြတ်မှု၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် သေဆုံးထိခိုက်ရကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ စနစ်တကျ မှတ်တမ်းတင်သွားမယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောပါတယ်။
“စစ်အုပ်စုရဲ့ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးသွားရတဲ့ အမျိုးသမီးတွေ၊ ထောက်ပို့လုပ်လို့ ဖမ်းဆီးနှိပ်စက်ခံပြီးတော့မှ သေဆုံးသွားရတဲ့ အမျိုးသမီးတွေ၊ မီးရှို့ခံရတဲ့အမျိုးသမီးတွေ- နည်းပေါင်းစုံနဲ့ အဆိုးရွားဆုံး၊ ယုတ်မာကောက်ကျစ်မှုတွေနဲ့ ကျူးလွန်မှု တွေကို အကြိမ်ကြိမ်ပြုလုပ်နေတဲ့ ဒီစစ်အုပ်စုနဲ့ အပေါင်းအပါတွေကို ဒီလိုအကြမ်းဖက်မှုတွေ ရပ်တန့်သွားနိုင်ဖို့အတွက်ကို တတ်နိုင်တဲ့ နည်းနဲ့ ကျမတို့ လုပ်ဆောင်သွားမယ်။ သူတို့ရဲ့ ကျူးလွန်မှုတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာအောင် ကျမတို့က လုပ်ဆောင်သွားရမှာတွေ ရှိတယ်။ အဲ့ဒီအတွက် ကျမတို့ နိုင်ငံတကာကနေပြီးတော့မှ အကူအညီလိုအပ်တာတွေ၊ ပြီးလို့ရှိရင် နိုင်ငံတကာ ဥပဒေတွေနဲ့ ကျမတို့ ပြန်ပြီးတော့ တရားစွဲဆိုနိုင်ဖို့ စွဲဆိုနိုင်လောက်တဲ့ အခင်းအကျင်းတွေ ဖြစ်လာဖို့အတွက် ကျမတို့ မှတ်တမ်းတင်တဲ့ကိစ္စတွေကို စနစ်တကျလုပ်ဆောင်တယ်။”
နိုင်ငံတကာအနေနဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုဖို့ တိုက်တွန်းတဲ့အကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောပါတယ်။
“နိုင်ငံတကာနဲ့ တွေ့ဆုံပြီးတော့မှ ဒီအစိုးရတွေကို ကျမတို့က စစ်အုပ်စုကို အသိမှတ်မပြုဖို့ ကိစ္စတွေ၊ ပြီးတဲ့အခါကျရင် ဒီလေကြောင်းတိုက်ခိုက်မှုတွေ ဆက်မဖြစ်ဖို့၊ ဒီစစ်အုပ်စုကြီးနဲ့ စီးပွားရေး လုပ်နေတဲ့ ကိစ္စတွေ ရပ်တန့်ဖို့ ကိစ္စတွေ အပြင်ကို လူသားချင်းစာနာထောက်စာမှုအကူအညီတွေကို တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီ ထိထိမိမိနဲ့ ထိထိရောက်ရောက် ရောက်နိုင်ဖို့အတွက်ကို အများကြီးလုပ်ဆောင်နေတာလည်း ဖြစ်တယ်။”
စစ်အာဏာသိမ်းကာလမှာ အဆိုးရွားဆုံးလူအခွင့်အရေးချိုးဖောက်မှုတွေ လူသားမဆန်တဲ့ ညှင်းပန်း နှိပ်စက်မှုတွေ နိုင်ငံတဝန်း လူမျိုးပေါင်းစုံက အမျိုးသမီးတွေ ခါးစည်းရင်ဆိုင်နေရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ဗွီအိုအေကို ပြောပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့နေတယ်လို့ တအန်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“ပဋိပက္ခတွေကြားမှာ အမျိုးသမီးက ပစ်မှတ်တခုအနေနဲ့ ခံနေရတယ်လို့တော့ ပြောလို့ရတယ်ပေါ့နော်။ တခြား ပဋိပက္ခကြောင့်မှာပဲပြောပြော၊ ခုနပြောတဲ့ လိုင်ပိုင်ဆိုင်ရာ ထိပါးမှုတွေမှာပဲပြောပြော အများဆုံးခံနေရတာ အမျိုးသမီးတွေ ဖြစ်ကြတယ်။ အမျိုးသမီးတွေအတွက်က လုံခြုံမှုကင်းမဲ့နေတဲ့ ပုံစံမျိုးတွေ ပြောလို့ရတာပေ့ါနော်။ ဘယ်မှာပဲ နေနေ ဘယ်အရာပဲကြည့်ကြည့် ဒီအမျိုးသမီးတွေက အများဆုံးပြန်ခံနေရတဲ့ အနေအထားမှာ ရှိနေတဲ့အခါကျတော့ လုံခြုံမှုမရှိဘူး၊ တစ်ချိန်လုံး စိုးရိမ် ကြောက်လန့်နေရတဲ့ စိတ်တွေများတယ်ပေါ့နော်။ ဒီအမျိုးတွေအနေနဲ့ ဘယ်မှာနေနေ ဘယ်နေရာ ရောက်ရောက် လုံခြုံမှုကင်းမဲ့နေတယ်လို့ အကောင်းဆုံးကတော့ ပြည်သူလူထုရှိတဲ့ ဒေသတွေ ဧရိယာမှာ မတိုက်ခိုက်ဖို့ အရေးကြီးတာပေ့ါနော်။”
စစ်ကောင်စီတပ်တွေရဲ့ ရန်ကြောင့် အမျိုးသားတွေ တိမ်းရှောင်နေရချိန် အိမ်မှာ ကျန်ရှိနေတဲ့ အမျိုးသမီးတွေ ပိုထိခိုက်ရတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ပြောပါတယ်။
“ကျမတို့ ဒီအမျိုးသမီးတွေ ပိုထိခိုက်ရတာပေါ့နော်။ ကျမတို့ အထူးသဖြင့် ရှမ်းပြည်မှာဆိုရင် အမျိုးသားတွေက အလုပ်သွားကြတယ်။ လယ်ယာလုပ်ငန်းဖြစ်ဖြစ် တခြားအလုပ်ဖြစ်ဖြစ်၊ ဒါ့အပြင်ကို လက်နက်ကိုင်တပ်တွေရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေ စကစ စစ်မှုထမ်းဖို့ဆင့်ခေါ်တာ ဒါတွေကို ရှောင်ပြေးကြတယ်ပေါ့နော်။ အများအားဖြင့် အမျိုးသားတွေက အိမ်မှာမရှိကြတာ များတယ်။ အဲ့ခါကျမှာ ဒီကလေးတွေနဲ့ ကိုယ့်ရဲ့ကျန်ခဲ့တဲ့ အိမ်ကို စောင့်ရှောက်ဖို့ အမျိုးသမီးတွေက ပိုပြီးမှ တာဝန်ဖြစ်လာတယ်။ အဲ့ဒီဟာမှာ အမျိုးသမီးတွေ ထိခိုက်မှု ပိုများလာတယ်လို့ ကျမမြင်တယ်ရှင့်။”
စစ်ရေးပဋိပက္ခတွေကြား အမျိုးသမီးတွေ ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာ အများဆုံး တိုက်ရိုက် ထိခိုက်ခံစားနေရပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီအပေါ်မှာ ဖိအားပေး အရေးယူဖို့ လိုအပ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြနေကြတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အချက်အလက်တွေအရလည်း အောက်တိုဘာလအတွင်း နိုင်ငံတဝန်းဖမ်းဆီးထိန်းသိမ်းခံရသူအမျိုးသမီးက (၁၂) ဦးအထိ ရှိနေပါတယ်။ စစ်တပ်အာဏာသိမ်းကာလကစလို့ ၂၀၂၄ ခု အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း နိုင်ငံတဝန်းအမျိုးသမီးပေါင်း ( ၅,၇၂၉) ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့လည်း AAPPB က သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂရဲ့ အောက်တိုဘာလထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတဝန်းမှာလက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်တွေကြောင့် နေရပ်စွန့်ခွာသူဦးရေ ၃ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5