Coronavirus ပိုး ကူးစက် သေဆုံးသူအရေအတွက် ပိုများနိုင်ကြောင်း WHO ပြော

Coronavirus ပိုး ရှိသူဟု သံသရရှိသူကို ဆေးရုံသို့ ပိုဆောင်နေစဉ် (၂၀၂၀ ဇန်နဝါရီလ ၂၂ ရက်နေ့ )

(Zawgyi / Unicode)

တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက်ခံရမှုနဲ့ အဲဒီ ရောဂါပိုးကြောင့် သေဆုံးခဲ့ရသူ အမှန်တကယ် အရေအတွက်ဟာ အခုသိရှိထားတဲ့ အရေအတွက် ထက် ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ပြောပါတယ်။

နောက်ဆုံး ရထားတဲ့ သတင်းအချက်အလက်တွေအရ သေဆုံးသူ ၂၆ ဦးအပါအဝင် ရောဂါကူးစက်ခံရမှုပေါင်း ၉၀၀ နီးပါး ရှိနေပါပြီ။ Geneva မြို့ WHO ဌာနချုပ်က ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြထားပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက်ဖြစ်ပွားမှု အများစုနဲ့ အသက်သေဆုံးရမှု အားလုံး ဟာ တရုတ်နိုင်ငံ အတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒီ ရောဂါ ကူးစက်ခံရသူတွေကို တွေ့ရှိတယ်လို့ ကြေညာခဲ့တဲ့ တခြားနိုင်ငံတွေကတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံအထိ ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေက လူနာတွေကတော့ ရောဂါ သိပ် မပြင်းထန်လို့ အားလုံး ပြန်လည် သက်သာ ကောင်းမွန် လာနေကြပြီ ဖြစ်ပါတယ်။

သေဆုံးသူဦးရေနဲ့ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအပေါ်မှာ အခြေခံပြီး ဒီ coronavirus ပိုး ဘယ်လောက် ပြင်းထန်မှုရှိသလဲဆိုတာ ပြောဖို့ စောလွန်းနေသေးတယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic က ပြောပါတယ်။

"အခုလို ရောဂါမျိုး စတွေ့တဲ့အချိန်မှာ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတဲ့ လူနာတွေအပေါ်မှာပဲ ပိုပြီး ဂရုစိုက် ကြည့်မိတတ်ကြတယ်။ အဲဒီ အချိန်မှာ coronavirus ပိုး ကူးစက်ခံနေရပြီး ရောဂါ မပြင်းထန်သူတွေလည်း ရှိနေနိုင်တယ်။ သူတို့တတွေ အနည်းအကျဉ်းပဲ ဖျားတာ နာတာ ဖြစ်မယ်။ ပြီးတော့ ရောဂါမစစ်ဆေးလိုက်ရဘဲ ပြန်ကောင်းသွားနိုင်တာကြောင့် အဲဒီလို လူနာမျိုးတွေကို ကျွန်တော်တို့ လွတ်သွားနိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့ အခု အနီးကပ် စောင့်ကြည့်တဲ့အခါမှာ ရောဂါ မပြင်းထန်ဘဲ ကူးစက်နေသူတွေကိုလည်း ပိုပြီး တွေ့လာဖို့ များပါတယ်။"

WHO အရေးပေါ် ကျန်းမာရေး ဌာနက ဒါရိုက်တာဖြစ်သူ Michael Ryan က pneumonia နမိုးနီးယားနဲ့ အလားသဏ္ဌာန်တူတဲ့ အခု ဖြစ်ပွားနေတဲ့ ရောဂါသစ်အတွက် ကုထုံး သတ်သတ်မှတ်မှတ် မရှိသေးဘူးလို့ ပြောပါတယ်။

"အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ပိုးကို တိုက်ဖျက်ရာမှာ အသုံးပြုတဲ့ ဓာတ်ပေါင်း ဆေးတွေကတော့ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ coronavirus ပိုးကို ကုသရာမှာ ထိရောက်မှုရှိတယ်ဆိုပြီး သတ်မှတ်လက်ခံထားတဲ့ ကုထုံးတော့ မရှိဘူး။ အဲဒီ အချက်က သိပ် အရေးကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးဝါးတွေ ဖော်စပ်ပြီး ဆေးခန်းနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်လိုက်ရင်တော့ အဖြေပေါ်မှာပါပဲ။ ဒါကိုပဲ ကျွန်တော်တို့ အလေးပေး လုပ်ဆောင်နေပါတယ်။ ကုထုံးတွေကို ရှာဖွေ ဖော်ထုတ်ပြီး ဆေးဝါးသစ်တွေနဲ့ စမ်းသပ်ဖို့ အခွင့်အရေး ရလာမှာပါ။"

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ WHO ကျွမ်းကျင်သူများ ကော်မတီကတော့ coronavirus ပိုးကူးစက်ပြန့်ပွားမှုကို ကမ္ဘာတစ်ဝန်း အရေးပေါ် အခြေအနေအဖြစ် မကြေညာသေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ရောဂါဟာ တရုတ်နိုင်ငံအတွင်း အရေးပေါ် အခြေအနေဖြစ်ပေမဲ့ ကမ္ဘာ တဝှမ်း အရေးပေါ် အခြေအနေအဖြစ် ကြေညာဖို့တော့ အချိန်မရောက်သေးဘူးလို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။

ဒါပေမဲ့ ဒီ ရောဂါ ကူးစက် ပြန့်ပွားမှုအပေါ် မူတည်ပြီး လိုအပ်လာရင်တော့ WHO အရေးပေါ် အစည်းအဝေး နောက်ထပ်တခု ကျင်းပဖို့ အဆင့်သင့် ရှိနေကြောင်း WHO အကြီးအကဲက ထပ်ပြီး ပြောကြားသွားပါတယ်။

Your browser doesn’t support HTML5

Coronavirus ပိုး ကူးစက် သေဆုံးသူအရေအတွက် ပိုများနိုင်ကြောင်း WHO ပြော


.......................


( Unicode)








