Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ NLD အစိုးရလက်ထက် ခေါင်းဆောင်မှုဆီမှာ အာဏာစုစည်းမှုများနေလို့ လုပ်ငန်းတွေ ရှေ့မတိုးဖြစ်နေတယ်လို့ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ဆိုပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေကို ထိန်းညှိနေရတယ်လို့လဲဆိုပါတယ်။ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ NLD အစိုးရ တက်လာပြီးချိန်ကစလို့ လုပ်ကိုင်နိုင်ခဲ့တဲ့ အချက်တွေ၊ အောင်မြင်ချက်တွေ၊ မအောင်မြင်တဲ့အချက်တွေကို စတင်ပြီးတော့ အကျဉ်းရုံးသုံးသပ်ပေးပါ။
Prof. Steinberg ။ ။ နံပတ်တစ်အချက်ကတော့ အသွင်ကူးပြောင်းရေး အစိုးရဆိုတာ အခက်အခဲရှိစမြဲပါ။ ကမ္ဘာ့ဘယ်နေရာမဆို ဒီလိုပါပဲ။ နံပတ်နှစ် အစိုးရအနေနဲ့ သိပ်အကျိုးရှိမယ့် အလုပ်တွေလုပ်ဖို့ ကြိုးစားကြပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ရှိနေပေမယ့် လူတဦးတယောက်လက်ထဲမှာ အာဏာတွေ စုစည်းနေပါတယ်။ ဆိုလိုတာက လူတွေဟာ ခေါင်းဆောင်ပိုင်းက သဘောမတူဘဲ၊ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် မလုပ်ရဲတဲ့ သဘောမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒရှိပေမယ့် အားလုံးလိုလို ပိတ်ဆို့နေပါတယ်။ သူတို့ပြောနေတဲ့ အမျိုးသားညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး စတာတွေဟာ သိပ်ကိုလိုအပ်တဲ့ အရာတွေပါ။ ရေရှည်လုပ်ရဦးမှာပါ။ စေ့စပ်ညှိနှိုင်းမှုတွေ တကယ် မစတင်နိုင်သေးပါဘူး။ ပြည်ထောင်စုလောက်၊ ပင်လုံညီလာခံလောက်နဲ့တော့ မလုံလောက်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီလို အာဏာ စုစည်းနေတာ လူတယောက်ကြောင့်လား။ ဒါမှမဟုတ် အာဏာရှင်စနစ်အောက်မှာ အနေကြာခဲ့လို့ ကျန်ရစ်ဖြစ်နေတဲ့ စိတ်နေသဘောထားလားဆိုတာကို ဘယ်လို သုံးသပ်လိုပါလဲ။
Prof. Steinberg ။ ။ ဘုရင်တွေခေတ်ကိုကြည့်ရင်၊ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ခေတ်ကိုကြည့်ရင် အာဏာကို ဗဟိုကနေ ချုပ်ကိုင်ထားတာကို တွေ့ရမှာပါ။ အာဏာဆိုတာ တကယ့်ကိုယ်ပိုင်ပစ္စည်းလို ဖြစ်နေပါပြီ။ ဒါဟာ ခေါင်းဆောင်ဖြစ်သူရဲ့စိတ်ထားလား။ လူထုရဲ့သဘောထားလားဆိုတာ မေးစရာပါ။ တနည်းပြောရရင် ခေါင်းဆောင်က ဒီမိုကရေစီ လိုချင်ရင်တောင်မှ သူ့ပတ်ဝန်းကျင်က လူတွေက ခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မရရင် မလုပ်ရဲကြပါဘူး။ ပြဿနာပါ။
ဦးကျော်ဇံသာ ။ ။ ဒီပြဿနာကို ဘယ်လို ကုစားမလဲ။ ကုထုံးကိုလည်း ပြောပါအုံး။
Prof. Steinberg ။ ။ ကုထုံးကလည်း တဖြည်းဖြည်းပြောင်းလဲမှု ဖြစ်ပါတယ်။ ပြောင်းတော့ပြောင်းမယ် ဒါပေမဲ့ ကြာမယ်။ ပညာရေးနဲ့လည်း ဆက်စပ်နေပါတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းထဲ လူသစ်တွေ ဝင်ရောက်လာမှုနဲ့လည်း ပတ်သက်နေပါတယ်။ နိုင်ငံရေးစနစ် မကြာသေးခင်ကမှ ပြန်လည်ပွင့်လင်းလာတယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ အချိန်ပေးရဦးမှာပါ။ လူတွေရဲ့ စိတ်ဓါတ်ပွင့်လင်းလာဖို့ တွေးခေါ်မျှော်မြင်လာနိုင်ဖို့ လိုပါတယ်။ လွှတ်တော်အမတ်တွေလည်း သူတို့လုပ်နေတာ မှန်ရဲ ့လားဆိုတာကို ပိုင်းဖြတ်နိုင်ဖို့၊ အိမ်စာလုပ်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်အမတ် တဦးချင်းဆီမှာ လိုအပ်တဲ့အချက်တွေ ရှာဖွေပေးဖို့ သုတေသနလုပ်ပေးဖို့ ရုံးအဖွဲ့ မရှိပါဘူး။ သူတို့တယောက်ထဲလည်း အားလုံးကို မသိနိုင်ပါဘူး။ ဆိုတော့ ဖြစ်တော့ဖြစ်လာမယ်။ ဒါပေမဲ့ ကြာမယ်။
ဦးကျော်ဇံသာ ။ ။ မနေ့တနေ့ကမှ ကျနော် NLD ထိပ်တန်းခေါင်းဆောင်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူတို့အစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ အရင်မျှော်လင့်ခဲ့တာထက် အများကြီး ခက်ခဲနေတယ်။ အခက်အခဲဆုံးအလုပ်က ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ မဖြစ်နိုင်တာဘဲလို့ ပြောပါတယ်။
Prof. Steinberg ။ ။ မေးစရာက ဖွဲ့စည်းပုံရဲ့ ဘယ်အစိတ်အပိုင်းကို ပြင်ဆင်ချင်တာလဲ။
ဦးကျော်ဇံသာ ။ ။ စစ်တပ်နိုင်ငံရေးမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းပေါ့။
Prof. Steinberg ။ ။ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် ဖွဲ့စည်းပုံမှာ ချက်ချင်းပြင်ဖို့ လိုအပ်တာက ဒေသန္တရအစိုးရတွေရဲ့ အာဏာကို ပြင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်နယ်ဒေသဆိုင်ရာ လွှတ်တော်တွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အာဏာတွေ တိုးပေးရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ချင်တယ်ဆိုရင် ပထမ ဦးစားပေးရမယ့် ကိစ္စတွေလည်း ကျနော် ယူဆပါတယ်။ ဒုတိယဦးစားပေးရမယ့် အချက်ကတော့ အရပ်သားအစိုးရအပေါ် စစ်တပ်ရဲ့ ယုံကြည်ချက် ရရှိရေး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီနေရာမှာ ပထမဦးစားပေးဆိုတဲ့ ပြည်နယ်နဲ့ ဒေသန္တရအစိုးရ တိုးချဲ့ပေးရမယ့်ကိစ္စကို စစ်တပ်က သဘောတူရဲ့လားဆိုတာ ပထမဦးဆုံး မေးစရာ ဖြစ်မနေဘူးလား။
Prof. Steinberg ။ ။ ဟုတ်ပါတယ်။ ဒါကတော့ ပြဿနာပါ။ ဒါပေမဲ့ ငြိမ်းချမ်းရေး လိုချင်ရင် ဒါကို တကယ်လုပ်ရမှာပါ။ ဒီလိုလုပ်ဖို့တော့ ဖွဲ့စည်းပုံ အခြေခံကို ပြင်ဖို့လိုအပ်သလား။ ဒါမှမဟုတ် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှာပဲ ဥပဒေပြဌာန်းပြီးတော့ လုပ်နိုင်မလား ဆိုတာတော့ ကျနော် မသိပါဘူး။ ကျနော့်အမြင်မှာတော့ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အခြေခံအားဖြင့် သုံးချက်လေးချက်လောက်တော့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ နံပတ်တစ်ကတော့ ဒေသန္တရအာဏာတွေ တိုးမြှင့်ပေးရေး။ နံပတ်နှစ် သယံဇာတဘဏ္ဍာငွေကြေး ဒေသန္တရကို ခွဲဝေပေးရေး။ နံပတ်သုံး စစ်တပ်အနေနဲ့ အလေးထားတဲ့ကိစ္စဖြစ်တဲ့ ဒေသန္တရလက်နက်ကိုင် စစ်တပ်တွေကို ဘယ်လိုလုပ်မလဲ။ ဒီအင်အားစုတွေကို ပြည်ထောင်စုရဲ့ ယန္တရားထဲမှာ ဘယ်လိုအဆင်ပြေအောင် သွတ်သွင်းမလဲဆိုတာပဲ ဖြစ်ပါတယ်။ နံပတ်လေးကတော့ တနိုင်ငံလုံး ပြည်ထဲရေးဝန်ကြီးဌာန အုပ်ချုပ်နေတဲ့ တနည်းအားဖြင့် စစ်တပ်က အုပ်ချုပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါကို ဘယ်လို ပြင်နိုင်မလဲဆိုတာက နံပတ်လေးပါ။
ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာ အဓိကဖြစ်နေတဲ့ ပြဿနာတခုကတော့ တနိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေက NCA တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ တချို့ကို ပြင်ဆင်ပေးစေချင်တယ်။ စစ်တပ်က မပြင်ဘူး။ ဒီအတိုင်း လက်မှတ်ထိုးရမယ်လို့ ပြောတယ်။
Prof. Steinberg ။ ။ စစ်တပ်က အာဏာကို ဆက်လက်ထိန်းထားချင်တယ်လို့ အများအားဖြင့် ယူဆနေကြပါတယ်။ ကျနော်ကတော့ မထင်ပါဘူး။ စစ်တပ်က တိုင်းရင်းသားတွေ ခွဲထွက်မှာကို တကယ် စိုးရိမ်တယ်လို့ပဲ ထင်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေ တော်တော်များများက မခွဲထွက်ချင်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး လိုချင်တယ်လို့ ဆိုနေပေမယ့် လွတ်လပ်ရေး တောင်းဆိုနေတဲ့ အဖွဲ့တွေလည်း ရေရှည်ရှိနေခဲ့တာပါ။ တချို့ကလည်း ဗဟိုအစိုးရကပေးဖို့ ပြင်ဆင်တာထက် ပိုများတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို တောင်းခံနေကြတာပါ။ စစ်တပ်ရဲ့ အဓိကဆန္ဒက ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားတွေ ခွဲမထွက်ရေး ဖြစ်ပါတယ်။ ဒါကို NLD ခေါင်းဆောင်ပိုင်းနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တကယ်တော့ ကျနော်ဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုရတာကို မြင်ချင်ပါတယ်။ ပိုမိုမျှတခွင့်တွေရှိတာကို မြင်ချင်ပါတယ်။ လူမှုတိုးတက်ခွင့်တွေ ပိုပြီးတော့ ပွင့်လင်းလာစေချင်ပါတယ်။ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ တိုင်းရင်းသားတွေ ပါဝင်လာတာကို မြင်တွေ့စေချင်ပါတယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားတွေအားလုံး ပြည်ထောင်စုသားအချင်းချင်းပဲ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ပေါ်မှာ မူတည်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ပြဿနာက တိုင်းရင်းသားဒေသမှာ စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေ၊ တိုင်းရင်းသားတွေအပေါ် ဆက်ဆံတဲ့ကိစ္စတွေ ဖြစ်တယ်လို့ ထည့်ပြောရမယ် ထင်ပါတယ်။ ပြည်ထောင်စု ညီညွှတ်ရေးပြဿနာဟာ အဓိကအားဖြင့် စစ်တပ်ကြောင့် ခက်နေရတယ်လို့ တိုင်းရင်းသားတွေကဆိုတယ်။ စစ်တပ်က တိုင်းရင်းသားအင်အားစုတွေကြောင့် ဖြစ်တယ်လို့ဆိုတယ်။ ဒီနှစ်ခုက ကြက်ဥနဲ့ကြက်မ ဖြစ်မနေဘူးလား။
Prof. Steinberg ။ ။ ဒါမှန်ပါတယ်။ တိုင်းရင်းသားဒေသတချို့မှာ စစ်တပ်က သိပ်ရက်စက်တာတွေ ရှိပါတယ်။ ဒါကို တိုင်းရင်းသားတွေက သိပ်စိုးရိမ်ပါတယ်။ စိုးရိမ်သင့်ပါတယ်။ ဒါမျိုးက ကျနော်လည်း လုံးဝမလိုလားပါဘူး။ စစ်တပ်ဟာ ဗမာတွေအပေါ်မှာလည်း ရက်စက်တာပါပဲ။ ဒါကို စစ်တပ်က ပြုပြင်ရမှာပါ။ အင်အားသုံးတဲ့နေရာမှာ သတ်မှတ်ချက် အတိုင်းအတာနဲ့အညီ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကို သူတို့သေချာ မလိုက်နာပါဘူး။ အင်အားတွေ အလွဲသုံးနေတာကိုလည်း အရေးယူတာမျိုး မရှိပါဘူး။ ဒါဟာ ရေရှည်ဖြစ်လာခဲ့တဲ့ ပြဿနာကြီးပါ။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို ကြည့်ရအောင်ပါ။ တချို့ကပြောတယ် အခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဘက်ကို ယိမ်းသွားပြီ။ စစ်တပ်ဘက်ကို ဘက်လိုက်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
Prof. Steinberg ။ ။ မဟုတ်ပါဘူး။ သူဟာ အင်မတန် အတိမ်းအစောင်းမခံနိုင်တဲ့ အလုပ်ကို လုပ်နေရတာပါ။ တဆက်တည်းရှိလာတဲ့ စစ်တပ်ရဲ့ သြဇာအာဏာနဲ့ ဒီမိုကရေစီအကြားမှာ အင်မတန် သတိထားပြီးတော့ ထိန်းညှိနေရတာပါ။ လုံးဝအတိမ်းအစောင်း မခံနိုင်တာကိစ္စပါ။ စေ့စပ်ညှိနှိုင်းမှုက နှစ်ဘက်စလုံးကို အကျိုးအမြတ် တစုံတရာ ရှိစေမယ်။ စေ့စပ်အောင်မြင်ရင် အားလုံးကို အကျိုးရှိစေမယ်ဆိုတာ နေ့စဉ်ဆိုသလို အာမခံချက် ပေးနေရတာပါ။ ဒါဟာ သိပ်ခက်ခဲတဲ့ကိစ္စပါ။ အပစ်ရပ်ဖို့ စစ်တပ်ကို ပြောလိုက်ပါလားလို့ လူထုတချို့က ပြောချင်ပါတယ်။ စစ်တပ်က လက်ခံမှာ မဟုတ်ပါဘူး။ စစ်တပ်ဟာ ရဲတွေ၊ ထောက်လှမ်းရေးနဲ့ အုပ်ချုပ်ရေးယန္တရားကိုပါ ထိန်းချုပ်ထားတာပါ။ ဒါတွေနဲ့ ညှိနေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ဒီအတွက် ကြိုးစားနေတယ်ဆိုတာ သေချာပါတယ်။ ကြိုးစားတဲ့နည်းလမ်း မှန်သလားဆိုတာကိုတော့ ကျနော် အဲဒီမှာမပါလို့ မသိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေရတဲ့ အရေးကြီတဲ့ နောက်ပြဿနာတရပ်ကတော့ ရခိုင်ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ထောက်ခံသူတွေ ရှိသလို၊ ပြည်ပက အထူးသဖြင့် ဝေဖန်ကြတယ်။ ရှုတ်ချကြတယ်။ ဒါကိုလဲ ဆရာကြီး သုံးသပ်ပါအုံး။
Prof. Steinberg ။ ။ ဒီကိစ္စမှာလည်း သူဟာ အတိမ်းအစောင်းမရှိအောင် လုပ်နေရတာပါ။ ပြည်ပက လူတချို့ဆိုရင် တော်တော်စိတ်ပျက်နေကြပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီရဲ့ ပြယုဂ်တခုအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ။ အဲဒါ သူက ကျမဟာ ဒီမိုကရေစီပြယုဂ် မဖြစ်ချင်ပါဘူး။ နိုင်ငံရေးသမားပါပဲလို့ သူကိုယ်တိုင်းပဲ တိုက်ရိုက်ပြောခဲ့ပါတယ်။ သူတို့ ဒီမိုကရေစီပြယုဂ်အခန်းမှာပဲ ဆက်ပြီးရှိစေချင်တာပါ။ သူကတော့ နိုင်ငံရေးသမားတယောက်အနေနဲ့ အဘက်ဘက်ကို မျှတအောင် ထိန်းညှိနေရပါတယ်။ တချို့နေရာတွေမှာ သူစွန့်စားရတာတွေ ရှိပါတယ်။ စစ်တပ်ဘက်က စိတ်ချရအောင် ရတက်အေးအောင်လည်း လုပ်နေရတာပါ။
ဦးကျော်ဇံသာ ။ ။ နောက်တချက်က ဒီမိုကရေစီစနစ်အရ ရွေးကောက်တဲ့ အစိုးရ တက်လာမှ မြန်မာနိုင်ငံမှာ ပြဿနာတွေ ပိုမိုများပြားလာတယ်ဆိုပြီး ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီကိစ္စကို ဘာပြောချင်ပါလဲ။
Prof. Steinberg ။ ။ ကမ္ဘာတလွှား သမိုင်းတလျှောက်ကို ခြုံု ကြည့်မယ်ဆိုရင် အာဏာရှင်အစိုးရတွေဟာ တစုံတရာသော အချိန်ကာလအထိ ထိန်းချုပ်ထားနိုင်တာကို တွေ့ရမှာပါ။ နိုင်ငံအတွင်းမှာ အေးချမ်းငြိမ်သက်မှုလည်း ရှိနေပါလိမ့်မယ်။ တခါတခါ ဖွံ့ဖြိုးမှုလည်း ရှိပါလိမ့်မယ်။ တခါတခါလည်း မရှိပါဘူး။ ဒီမိုကရေစီကတော့ ရှုပ်ထွေးမှု ရှိပါတယ်။ လူတိုင်းပြောဆိုခွင့် ရှိရမယ်။ လူတိုင်း အရေးပါပါတယ်။ သူတို့အကျိုးအတွက် သူတို့ ပြောကြပါတယ်။ ဒါကြောင့် အခက်အခဲတွေ သိပ်များပါတယ်။ အခု အမေရိကန်ပြည်ထောင်စုကိုပဲ ကြည့်ပါ။ အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့ လူအများအပြား စိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် ဒါကို အကြမ်းဖက်တုံ့ပြန်ဖို့ မလိုလားကြပါဘူး။ စိတ်ရှည်ရှည်ထားပြီးတော့ ပြည်တွင်းမှာပဲ ဖြေရှင်းကြရမှာပါ။ ရှုပ်ထွေးတဲ့ကိစ္စပါ။ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာလည်း ဒါမျိုး ဖြစ်မှာပါ။ အရေးကြီးတာက နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးတော့ လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိက အရေးကြီးတဲ့ ကိစ္စတခုကတော့ လူထုအကျိုးရှိစေဖို့ လူအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အမေရိကန်အစိုးရဆိုလို့ အခု Donald Trump အစိုးရလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိစ္စလည်း ပြောပါအုံး။ သုံးသပ်ပါအုံး။ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေး နိုင်ငံတခုအဖြစ် ဆက်လက်တည်ရှိနိုင်ပါသေးလား။
Prof. Steinberg ။ ။ မြန်မာနိုင်ငံဆိုတာထက် အရှေ့တောင်အာရှတောင် ဦးစားပေးဖြစ်မယ် မဖြစ်ဘူးဆိုတာ ပြောသံမကြားရသေးပါဘူး။ အာဆီယံ နှစ် (၅၀) ပြည့်ပါတော့မယ်။ အမေရိကန်သမ္မတ သွားတက်မလား။ မတက်ဘူးလား။ နိုင်ငံခြားရေးဝန်ကြီး သွားတက်မလား။ ဘယ်လောက် ဦးစားပေးမှာလဲ။ လုံးဝမသိရသေးပါဘူး။ အာရှပစိဖိတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဘယ်သူဖြစ်လာမလဲပေါ်မှာလဲ မူတည်ပါလိမ့်မယ်။ အခုတော့ မသိရသေးပါဘူး။ နိုင်ငံခြားရေး ဖြစ်လာမယ့်လူကတော့ အာရှနဲ့ ပတ်သက်လို့ ဘာအတွေ့အကြုံမှ မရှိပါဘူး။ နောက် ပထမဦးဆုံး စပြီးတော့ ကိုင်တွယ်ရမယ့် ကိစ္စတွေကတော့တရုတ်နဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိစ္စကို ခေတ္တဖယ်ထားတာကတော့ မြန်မာအစိုးရအတွက် ကံကောင်းတယ်လို့ပဲ ဆိုရမှာပါ။