သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နဲ့ ဖယ်ဒရယ် ပြဿနာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတာကို ပြောနေကြပေမယ့် ဘယ်လို ဖယ်ဒရယ်ပုံစံလဲဆိုတာ မသတ်မှတ်နိုင်ကြခြင်းဟာ အဓိကပြသနာတရပ် ဖြစ်တယ်လို့ အမေရိကန်ပညာရှင် ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတချို့ လိုချင်နေတဲ့ ဗမာအပါအဝင် (၈) ပြည်နယ်စနစ်ကိုလည်း စစ်တပ်က လက်ခံဖို့ သိပ်ခက်ခဲလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Steinberg ခင်များ … မြန်မာနိုင်ငံမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရတရပ်တော့ တက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ အရပ်သားအစိုးရဟာ စစ်တပ်ကို ထိန်းချုပ်နိုင်ပါ့မလား။ စစ်တပ်ဟာ အရပ်သား သြဇာကို ခံယူမယ့် အရိပ်အရောင် တွေ့ရပါသလား။

Prof. Steinberg ။ ။ ဒီအနောက်နိုင်ငံတွေမှာတော့ စစ်တပ်ဟာ အရပ်သား ထိန်းချုပ်မှုအောက်မှာ ရှိရမယ်ဆိုတဲ့ ကိစ္စဟာ သိပ်အရေးပါတဲ့ နိုင်ငံရေး အယူအဆပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အချိန်တော်တော် ကြာမြှင့်တဲ့အထိ ဖြစ်လာနိုင်လိမ့်အုံးမယ်လို့ မထင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက်ကြောင့် မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာတဲ့ အကြောင်းတရားရဲ့ အကျိုးဆက်တွေပါ။ အာရှက တခြားစစ်တပ်အာဏာ တန်းခိုးထွားတဲ့ နိုင်ငံတွေရဲ့ အခြေအနေနဲ့ မတူဘဲ၊ မြန်မာနိုင်ငံမှာ တနိုင်ငံတည်းသာ စစ်တပ်ဟာ လူမှု့ဘဝ တိုးတက်ရေးလမ်းကြောင်းအားလုံးကို ချုပ်ကိုင်ထားခဲ့တာပါ။ ပညာရေး၊ စီးပွားရေးသာမက ဘာသာရေးကိစ္စအထိ သံဃာတော်တွေ အရေးကိစ္စအထိ စစ်တပ်က ချုပ်ကိုင်ထားခဲ့တာပါ။ အခုတော့ မဟုတ်တော့ပါဘူး။ လူမှုဘဝ တိုးတက်ရေးအတွက် အများကြီး လမ်းပွင့်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဒီအခြေအနေ ရင့်ကြတ်ဖို့ အချိန်ယူရပါမယ်။ ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။ စစ်တပ်က လုံးဝနောက်ဆုတ်ပြီးတဲ့အခါတော့ အရပ်သားတွေကပဲ ထိန်းချုပ်လာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခုတော့ စစ်တပ်က တိုင်းရင်းသားပြည်နယ်တွေကို အာဏာပိုပြီး ခွဲဝေပေးမယ့် ကိစ္စမျိုးကို စစ်တပ်ကပဲ တွန့်ဆုတ်ထိန်းချုပ်ထားမြဲဆဲလို့ ထင်ပါတယ်။

Prof. Steinberg ။ ။ မှန်ပါတယ်။ စစ်တပ်က တွန့်ဆုတ်နေပါတယ်။ ဆယ်စုနှစ်များစွာ စစ်တပ်ရဲ့ ရည်ရွယ်ချက်က အမျိုးသားစည်းလုံး ညီညွှတ်ရေးပါ။ ဒါကို သူတို့ အကြိမ်ပေါင်း တစ်ထောင်မက ကြွေးကြော်ခဲ့ပါတယ်။ သူတို့ စိုးရိမ်စိတ် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့တိုင်းရင်းသားတွေက လွတ်လပ်ရေး လိုချင်ကြတယ်။ တချို့က ဗဟိုထိန်းချုပ်ထားမှုကနေ လုံးဝကင်းလွတ်ချင်ကြတယ်။ အခုတော့ ပြောင်းလဲသွားပါပြီ။ သူတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး လိုချင်တယ်။ ဖယ်ဒရယ် လိုချင်ကြတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဖယ်ဒရယ်စနစ် ကျင့်သုံးမယ်လို့ အောက်တိုဘာလ (၁၅) ရက်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လို ဖယ်ဒရယ်စနစ်လဲဆိုတာ ဘယ်သူကမှ အတိအကျ မဖွင့်ဆိုကြပါဘူး။ ဖယ်ဒရယ်ဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လို အဓိပ္ပါယ်နဲ့ ပြောနေကြလဲ။ ဒီလို အတိအကျ သတ်မှတ်ဖွင့်ဆိုချက် မရှိတာ။ သဘောတူညီမှု မရနိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ တိုင်းရင်းသားအရေး ပြေလည်ဖို့ကိစ္စမှာ အဓိက အဟန့်အတားက စစ်တပ်ရဲ့ သဘောထား မဟုတ်ဘူးလား။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ တချိန်တုန်းကတော့ စစ်တပ်က အဓိက အဟန့်အတားပါ။ အခု တိုင်းရင်းသားတွေဘက်မှာလဲ အဟန့်အတားတွေ ရှိနေပါတယ်။ ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ တဖွဲ့နဲ့တဖွဲ့ သဘောမတူညီကြပါဘူး။ တဖွဲ့က တမျိုး၊ နောက်တဖွဲ့က တမျိုး ကွဲလွဲနေကြပါတယ်။ တချို့ဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ တချို့က ခက်ခဲပါတယ်။ ဆိုတော့ ဘယ်ဒင်းက လက်တွေ့ဖြစ်နိုင်သလဲ၊ ညှိနှိုင်းလို့ ရနိုင်မလဲ။ အဲဒါတွေက မြန်မာလူထုက ဆုံးဖြတ်ကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ လွတ်လပ်ရေးရကတည်းက မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံဆိုပြီး ခေါ်ခဲ့တာပါ။ ဆိုတော့ ဒီပြည်ထောင်စုဆိုတဲ့ နာမည်က တကယ်တော့ ဖယ်ဒရယ် သဘောပဲပေါ့။ ပြည်ထောင်ဆိုတာ States တွေကို စုထားလိုက်တယ်။ Unite လုပ်ထားလိုက်တယ်။ အဲဒီအချိန်ကတည်းက Federation ဖွဲ့ထားတဲ့ သဘောမဟုတ်ဘူးလား။

Prof. Steinberg ။ ။ အဲဒါ မှန်ပါတယ်။ သေချာပါတယ်။ ဒါပေမဲ့ ပြဿနာက ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပင်လုံညီလာခံ က ဖယ်ဒရယ်စနစ်ကို ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ လွတ်လပ်ရေးရတော့ ဖယ်ဒရယ် အစစ်အမှန် မဖြစ်လာခဲ့ပါဘူး။ ဒေသန္တရအစိုးရတွေ ထားရှိပြီးတော့ ဗဟိုက ချုပ်ကိုင်တဲ့စနစ် ဖြစ်လာခဲ့ပါတယ်။ ဒေသန္တရအစိုးရကလည်း လူနည်းစုတချို့အတွက်ပဲ ရှိခဲ့ပါတယ်။ ဆိုတော့ ပြဿနာက ဒါ မပြေလည်ခဲ့ပါဘူး။ ဘယ်အရပ်သား အစိုးရကမှ မဖြေရှင်းနိုင်ခဲ့ပါဘူး။ စစ်အစိုးရတွေကလည်း ဒီပြဿနာကို ပိုဆိုးအောင် လုပ်ခဲ့ပါတယ်။ အခုတော့ ဦးသိန်းစိန်အစိုးရက ဖြေရှင်းဖို့ အားထုတ်တယ်။ အပြည့်အဝ မအောင်မြင်ပါဘူး။ အပစ်အခတ် ရပ်စဲရေးတောင် အဖွဲ့တချို့နဲ့ လုပ်နိုင်တယ်။ ခရီးအဝေးကြီး ကျန်ပါသေးတယ်။ အပစ်ရပ်တယ်ဆိုတာ ငြိမ်းချမ်းရေး မဟုတ်သေးပါဘူး။ တိုင်းရင်းသားဒေသတွေကို နိုင်ငံရေးအာဏာ ဘယ်လောက်ပေးမယ်။ စီးပွားရေး အကျိုးအမြတ်တွေ ဘယ်လို ခွဲဝေပေးမယ်ဆိုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာဟာ အလွန်အင်မတန်ကို ခက်ခဲတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလက်ရှိမှာ အပစ်ရပ်စဲရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာတာလဲ စစ်တပ်ကြောင့် မဟုတ်ဘူးလား။ စစ်တပ်ကပဲ ထိုးစစ်တွေ ဆင်နေတာပါ။ အခုလောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စက။

Prof. Steinberg ။ ။ မှန်ပါတယ်။ စစ်တပ်က တိုင်းရင်းသားတွေကို မယုံကြည်ပါဘူး။ တိုင်းရင်းသားတွေကလဲ စစ်တပ်ကို ယုံကြည်တာ မဟုတ်ပါဘူး။ ပြီးတော့ တိုင်းရင်းသားတချို့ဟာ စစ်တပ်က ပေးချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အတိုင်းအတာထက် ပိုပြီးတော့ လိုချင်ကြတာပါ။ ဒါကို သူတို့ အပေးအယူ ညှိနှိုင်းရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်က ပေးချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အတိုင်းအတာကို ပြောပါအုံး။ သူတို့က ဘယ်လောက်အထိ ပေးချင်လဲ။

Prof. Steinberg ။ ။ အဲဒါကတော့ မေးခွန်းကောင်းပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် Autonomy ဆိုတာ အင်မတန် ရှုပ်ထွေးပွေလီတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြည်နယ်တခုမှာ လွှတ်တော်တခုဆီ ထားရှိနိုင်ရုံလောက် မဟုတ်ပါဘူး။ ပြည်ထဲရေးဌာနရဲ့ သြဇာအာဏာတွေကို ဖြန့်ခွဲဝေငှပေးဖို့ ကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာပြည်နယ်မှာရှိတဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားတရပ်လုံးကို ထိန်းချုပ်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဒါတွေအားလုံး စစ်တပ်က ထိန်းချုပ်ထားဆဲပါ။ ဒါကို ကိုင်တွယ်ဖို့ သိပ်ကိုခက်ခဲပါတယ်။ အချိန်ယူ ဖြေရှင်းရမယ့်ကိစ္စပါ။ အာရှဒေသအတွင်းမှာ တခြားနိုင်ငံတွေမှာလဲ ဒီပြဿနာကို ဖြေရှင်းခဲ့ကြပါတယ်။ တချို့ကလဲ သိပ်အခက်ကြုံကြရပါတယ်။ အဓိကတော့ ဗဟိုအုပ်ချုပ်ရေး ယန္တရားနဲ့ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားကို သီးခြားဆီ ခွဲပြစ်လိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ စစ်တပ်က အလွန်အကျွံ အကဲစမ်းနေတဲ့ ကိစ္စလို့ ထင်ပါတယ်။ အရပ်သားတွေအပေါ်မှာလဲ သူတို့ အယုံအကြည် မရှိဘူးဆိုတာ ပြတာပါပဲ။ ဒါဖြင့် ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရမလဲဆိုတာကို ပြောပါအုံး။

Prof. Steinberg ။ ။ ဒါက အဆင့်ဆင့် တည်ဆောက်သွားရမယ့် ကိစ္စ ဖြစ်ပါတယ်။ ရှင်းရမယ့် ကိစ္စတရပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ဗဟိုအစိုးရက ဘယ်လို အတိုင်းအတာအထိ ထိန်းချုပ်မှု ရှိမလဲဆိုတဲ့ ကိစ္စပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖျက်သိမ်းလိုက်ဖို့။ ဒါမှမဟုတ် စစ်တပ်ထဲမှာ တနည်းနည်းနဲ့ သွတ်သွင်းလိုက်ဖို့ဆိုတာ ယုံကြည်မှု အတော်အသင့်ရှိကြမှ ဖြစ်နိုင်မှာပါ။ တိုင်းရင်းသားဒေသမှာ စစ်တပ်က မတော်မတရား ကြီးစိုးချယ်လှယ်နေလို့လဲ မရပါဘူး။ ဒါဟာ မြန်မာလူထု ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ ပြည်ပက လုပ်လို့မရပါဘူး။ ဘယ်နိုင်ငံမှာ ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာလောက်ပဲ ရှင်းပြနိုင်မှာပါ။ မြန်မာတွေကိုယ်တိုင် ဆုံးဖြတ်ကြရမယ့်ကိစ္စပါ။ လွယ်လင့်တကူ ဖြေရှင်းလို့ မရတာက စိတ်ပျက်စရာတော့ ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ရက်တွေအတွင်းက ငြိမ်းချမ်းရေးညီလာခံမှာ ထင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်တွေကို သူ့စစ်တပ်ထဲမှာ လာဖို့ လမ်းဖွင့်ထားတယ်။ ကမ်းလှမ်းတယ်လို့လည်း ကြားမိပါတယ်။

Prof. Steinberg ။ ။ ဘယ်လို သတ်မှတ်ချက်မျိုးနဲ့လဲဆိုတာကို ပြန်ပြီးတော့ မေးရပါမယ်။ အရင်အစိုးရက ဒါမျိုး ကြိုးပမ်းခဲ့ဖူးပါတယ်။ တိုင်းရင်းသားတွေ လက်မခံခဲ့ကြပါဘူး။ ဒီလို စစ်တပ်ထဲဝင်ခိုင်းခဲ့တာဟာ ဒေသခံ တပ်ဖွဲ့တွေကို ဖျက်သိမ်းပြစ်မယ်ဆိုတဲ့ သဘောသာ ဖြစ်ပါတယ်။ အခုလဲ လူတော်တော်များများ လက်ခံနိုင်မှာ မဟုတ်တဲ့ကိစ္စလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတဲ့အခါမှာ တိုင်းရင်းသားတချို့က ဗမာကိုလည်း ပြည်နယ်တခုပဲ သတ်မှတ်မယ်ဆိုတော့ တိုင်းရင်သားတွေအားလုံး ပါဝင်မယ့် ပြည်နယ် (၈) ပြည်နယ် ဖြစ်သွားမယ်။ အဲဒါက ဗမာ ပြည်မက ပါတီတချို့က လက်မခံကြဘူး။

Prof. Steinberg ။ ။ နိုင်ငံရဲ့ လူဦးရေ (၃) ပုံ (၂) ပုံ ရှိတဲ့ ဗမာတွေအတွက်လည်း ပြည်နယ်တခု ဖြစ်ရမယ်ဆိုတာက လက်တွေ့မကျဘူးလို့ ကျနော် ထင်ပါတယ်။ စစ်တပ်က လက်ခံလိမ့်မယ် မဟုတ်တဲ့ တောင်းဆိုချက်လို့ ထင်ပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံရေးအရ အတိုင်းအတာတခုအထိ တိုင်းရင်းသားဒေသတွေကို ခွဲဝေပေးဖို့ကတော့ အရေးကြီးတယ်လို့ ထင်တယ်။ ဒါပေမဲ့ ရှစ်ပြည်နယ် ပုံစံကိုတော့ လက်တွေ့ဖြစ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာကြည့်ပါ။ လူဦးရေ နည်းနည်းလေးရှိတဲ့ Rhode Island, Delaware တို့ ပြည်နယ်တွေ ရှိသလို၊ ဧရာမ Texas, California တို့ ပြည်နယ်ကြီးတွေလည်း ရှိကြတာပဲ။ လူဦးရေ အချိုးအစားနဲ့ တန်တူပြည်နယ် ဟုတ်မဟုတ်ဆိုတာ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီမှာ ဖြစ်နေတာပဲ။ မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်နိုင်ဘူးလဲ။

Prof. Steinberg ။ ။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ အင်မတန် ထူးခြားတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ပြည်ထောင်စုကို ဘယ်လို ဖွဲ့စည်းကြမလဲ။ ပြည်နယ်တွေကို တန်းတူအခွင့်အရေး ပေးမယ်ဆိုတာတွေ သဘောတူညီခဲ့ကြတာပါ။ ပြည်နယ်တိုင်း ကြီးငယ်မဟုတ်ဘူး ဆီနိတ်လွှတ်တော်အမတ် (၂) ယောက်၊ အောက်လွှတ်တော်အမတ် အရေအတွက်ကိုတော့ လူဦးရေအချိုးအတိုင်း ရွေးဖို့ အပေးအယူလုပ်ပြီးတော့ ညှိနှိုင်းခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာလဲ ဘယ်လို ပုံစံမျိုး လုပ်မယ်ဆိုတာ အပေးအယူ လုပ်နိုင်ကြဖို့အတွက် ညှိနှိုင်းကြရပါလိမ့်မယ်။ ဘယ်လို သဘောတူညီမှုမျိုး ရမလဲဆိုတာကတော့ မပြောနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလို လွှတ်တော်နှစ်ရပ်ထားပြီးတော့ အထက်လွှတ်တော်ကြတော့ ပြည်နယ်တိုင်း တန်းတူ၊ အောက်လွှတ်တော်ကြတော့ လူဦးရေအလိုက် အခွင့်အရေး ယူရွေးဆိုပြီး လုပ်ခဲ့တာ ဖယ်ဒရယ်စနစ်ရဲ့ စံ မဟုတ်ဘူးလား။

Prof. Steinberg ။ ။ လွှတ်တော်နှစ်ရပ်စနစ် ရှိတယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်တရပ်ထဲလည်း ဖြစ်နိုင်ပါတယ်။ တခါ အခြေအနေအမျိုးမျိုးနဲ့လဲ သတ်မှတ်နိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများမှာ မဲပေးပိုင်ခွင့်ကို မြေပိုင်ဆိုင်မှု၊ ငွေကြေးပိုင်ဆိုင်မှုနဲ့ ဆုံးဖြတ်ခဲ့ကြတဲ့ ကာလလည်း တော်တော်ကြာကြာ ရှိခဲ့ပါတယ်။ အမျိုးသမီးတွေလည်း မဲပေးခွင့်ဟာ ထို့အတူပါ။ အားလုံးတဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြတာပါ။ ယဉ်ကျေးမှုအလိုက် ကွဲပြားပါတယ်။ တချိန်ချိန်မှာတော့ မြန်မာနိုင်ငံလည်း ဒီလို ပြဿနာတွေကို အနည်းနဲ့အများ ကိုင်တွယ်ဖြေရှင်း လာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိက အကျဆုံးကတော့ Willingness to compromise အပေးအယူ ညှိနှိုင်းလိုတဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒါက အရေးအကြီးဆုံးပါပဲ။ NLD ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် ညှိနှိုင်းဖြေရှင်းလိုတဲ့ ဆန္ဒ ရှိရပါလိမ့်မယ်။ စိတ်ကောင်းစေတနာနဲ့ တဖြည်းဖြည်း ယုံကြည်မှု ရှိလာကြပြီဆိုရင်တော့ စစ်တပ်ရဲ့သဘောထား အတင်းမာဆုံး အစိတ်အပိုင်းသည်ပင် တိုင်းပြည်ရဲ့ ပြဿနာကို ညှိနှိုင်းအဖြေရှာရလိမ့်မယ်ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။

XS
SM
MD
LG