ဒီမိုကရေစီ စိတ်နေစိတ်ထား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ လူအသိုင်းအဝိုင်းအနေနဲ့ ဘယ်လို စိတ်နေစိတ်ထားမျိုးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါသလဲ၊ ဘယ်လို ပြုပြင်သင့်ပါသလဲ၊ CRDB လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးကော်မီတီ စတင်တည်ထောင်ခဲ့သူတွေအထဲက တဦးအပါအဝင်ဖြစ်တဲ့ လူမှုရေးစိတ်ပညာရှင် ပါမောက္ခဒေါက်တာကျော်ဝင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရေစီ စိတ်နေစိတ်ထား


ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခု ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ပြီလို့ ထင်ပါသလား။ ဘယ်လောက် လိုပါသေးသလဲ။ ပြည့်ဝသလား။ ဖော်ဆောင်ရေးအရ ဘယ်အဆင့် ရောက်နေပြီလဲလို့ သုံးသပ်ပါလဲ။

ဦးကျော်ဝင်း ။ ။ အဲဒါကတော့ အစပဲ ရှိသေးတယ်။ နောက် ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ကျနော်လည်း မပြောနိုင်ဘူး။ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်စရာ အကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို မရောက်ခင် အောက်က foundation အုတ်မြစ်ဟာ လုပ်စရာတွေ အများကြီးရှိတယ်။ ကျနော်တို့ ပညာရေး တော်တော်လေး ပျက်ဆီးသွားတယ်။ အဲဒါကို ပြန်ထူထောင်ရမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ လုပ်ပေးရမယ်။ လူတွေရဲ့ နေထိုင်စားသောက်ရေး အဆင့်အတန်းလည်း မြှင့်ပေးရမယ်။ ပညာရေးအရ အလွန်အရေးကြီးတယ်။ ပညာမရှိလို့ရှိရင် ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ အဲဒါ ကျနော့် အထင်အမြင်ပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူတွေ ပညာရေးနဲ့ ဆက်စပ်မယ် ထင်ပါတယ်။ အဓိက မေးချင်တာက လူတွေရဲ့ စိတ်ဓါတ်က ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်ဖြစ်အောင် ဘယ်လို ပြုပြင်ရမလဲ။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကြတ်မှု၊ ဒီမိုကရေစီနဲ့ ထိုက်တန်မှုကို ဘယ်လို သုံးသပ်လိုပါသလဲ။ အခု မြန်မာနိုင်ငံမှာ အစိုးရကတော့ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဖြစ်လာပြီဆိုတော့ လူတွေရဲ့ စိတ်ဓါတ်ကို ဘယ်လိုပြုပြင်ဖို့ လိုသေးတယ်လို့ ဆရာ ထင်ပါသလဲ။

ဦးကျော်ဝင်း ။ ။ စိတ်ဓါတ်ကလည်း အများကြီး ပြုပြင်ဖို့ လိုတယ်။ ကျနော်တို့ ဗုဒ..ဘာသာအဆိုအရ လောဘ၊ ဒေါသ၊ မောဟ (၃) ပါး ရှိတယ်။ လူကို ဖျက်ဆီးတဲ့ဟာတွေ။ အဲဒါတွေကို ပပျောက်အောင် ဘာသာရေးဘက်ကလိုက်ရမယ်။ လူမှုရေးဘက်က လိုက်ရမယ်။ နောက်ပြီးတော့ လူတွေကိုယ်တိုင်ကလည်း တယောက်နဲ့တယောက် သင့်သင့်မြတ်မြတ် နေနိုင်အောင်၊ ရွှင်ရွှင်လန်းလန်း နေနိုင်အောင် သူတို့စိတ်ထဲမှာ မေတ္တာနဲ့ တယောက်နဲ့တယောက် ဆက်ဆံရမယ်။ အဲဒါကို လုပ်တဲ့အခါကြရင် သူများအကျိုးကိုလည်း ကြည့်ရလိမ့်မယ်။ သူများအကျိုးဆိုတာ တိုင်းပြည်တပြည်လုံးရဲ့အကျိုး။ ကျနော်တို့ဥစ္စာ ကိုယ့်တဲထဲမှာ ကိုယ်နေပြီးတော့ တခြားတဲထဲမှာနေတဲ့ အကျိုးကိုလည်း ဆောင်ရွက်ရမယ်။ အဲဒါ ဖြစ်နိုင်တယ်။ ဒေါသတို့ ဘာတို့ဆိုတာ လူကဖန်တီးတာ။ အဲဒီတော့ လူဖန်တီးတဲ့ဟာကို လူကိုယ်တိုင်က ပပျောက်အောင် လုပ်နိုင်တဲ့ အရည်အချင်းက လူ့ဆီမှာရှိတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ လောလောဆယ် လက်တွေ့ကြုံနေရတဲ့ ပြဿနာတခုကတော့ အစိုးရကတခုခုပြောင်းပြီး အကောင်အထည်ဖော်ချင်တယ် ဆိုပေမယ့်လဲ ဒီမိုကရေစီယန္တရားက လိုက်မပါဘူး။ အဲဒါကို လူတွေက ခေါက်ရိုးကျိုးနေတယ်။ ဒီအတိုင်းပဲ ဖြစ်နေကြတယ်။ ဒါကို ပြုပြင်ဖို့ သိပ်ခဲယဉ်းတယ်လို့ ဆိုပါတယ်။ ဥပမာ တချို့ရုံးတွေဆိုရင် အစိုးရက ပြောင်းလဲသွားပြီ၊ နိုင်ငံတော်အကြီးအကဲပုံ ချိတ်ရမယ့်နေရာမှာ ဦးသိန်းစိန်ရဲ့ပုံကို ချိတ်ထားတုန်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဦးကျော်ဝင်း ။ ။ ကျနော် အပြင်ကနေ ကြည့်မယ်ဆိုရင် ဗမာပြည်မှာ အခုဖြစ်နေတာက အစိုးရနှစ်ရပ်ရှိတယ်။ တခုက လူတွေတင်မြှောက်တဲ့ ပါလီမန်။ နောက်တခုက လူတွေမတင်မြှောက်ဘဲနဲ့ အပေါ်ကနေ လက်နက်အင်အားသုံးပြီးတော့ လုပ်ထားတာ။ အဲဒီနှစ်ခုဟာ တခုတည်း ဖြစ်ရမယ်။ တိုင်းသူပြည်သားတွေက တင်မြှောက်ထားတဲ့ အဖွဲ့ ဖြစ်ရမယ်။ အဲဒီလက်နက်အင်အား ကိုင်ထားတဲ့လူတွေက ဘာဖြစ်လို့ လက်နက်ကိုင်ထားတာလဲ။ သူတို့ လူတွေကို ကြောက်သလား။ ဘာဖြစ်လို့ ကြောက်ရမှာလဲ။ လူတွေက သင့်သင့်မြတ်မြတ်နေမယ်ဆိုရင် ကြောက်စရာ ဘာမှမရှိဘူး။ မှန်မှန်ကန်ကန်လုပ်လို့ရှိရင် ဘာမှ ကြောက်စရာ မရှိဘူး။ အဲဒီဥစ္စာကို နည်းနည်းဖြေဖြေလျှော့ပေးရမယ်။ အခုက ဒီလို မဟုတ်ဘူး ဗမာပြည်မှာက။ ကျနော် ရှင်းရှင်းလင်းလင်း ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ဖြစ်နေတဲ့ကိစ္စက သူတို့ကလဲ ယုံကြည်မှု မရှိဘူး။ တကယ်လို့ သူတို့ စိတ်ထဲမှာလဲ တကယ်စွဲနေတာလဲ ဖြစ်ကောင်းဖြစ်မှာပေါ့။ Reality မဟုတ်တောင်မှ Perception က ပြည်ထောင်စုပြိုကွဲမယ်။ တိုင်းပြည်က ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တယ်။ ငါတို့သာ မထိန်းချုပ်ခဲ့ရင်ဆို။ သူတို့က နှစ်ပေါင်း (၅၀-၆၀) ကျော် စွဲလာတဲ့၊ ရိုက်သွင်းခံလိုက်ရတဲ့ စိတ်ဓါတ်တွေက ဒါပဲရှိတာ။

ဦးကျော်ဝင်း ။ ။ Initiative ဆိုတာ သူတို့ကိုယ်တိုင်က ပထမ ခြေလှမ်းကို လုပ်ရလိမ့်မယ်။ သူတို့လက်ထဲကရှိတဲ့ သေနတ်တွေကို ခဏချထားပြီးတော့ လူတွေကို သွားပြောရမယ်။ မင်းတို့ ငါတို့ကို ဘာဖြစ်လို့ ကြောက်တာလဲ။ မင်းတို့ကြောက်တဲ့ အချက်အလက်တွေ ငါတို့ကို ပြစမ်း။ သူတို့ဖော်ပြတဲ့အခါ အဲဒီအချက်အလက်တွေကို နှိမ်နှင်းသွားရမယ်။ အဲဒီသဘောနဲ့ တပ်မတော်က လူထုရဲ့ဆန္ဒကို သိရမယ်။ ဟိုဘက်က ပြောတဲ့ဟာကို နားထောင်၊ ဒီဘက်က ပြောတဲ့ဟာကိုလည်း ပြောပြအုံးမယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်က အဲဒီလို ဆွေးနွေးလို့ရှိရင် ဖြစ်နိုင်တယ်။ ဒီဥစ္စာဟာ လူက ဖန်တီးတာပဲ။ အမေမွေးတုန်းက လောကကြီးမှာ ဘာမှပါလာတာ မဟုတ်ဘူး။ နောက်မှ ဖြစ်လာတာ။ ဒီလူက ဟိုကျောင်းသွားတယ်။ ဒီလူက ဟိုအဖွဲ့ကိုဝင်တယ်။ ဒီလူက ဟိုဘာသာ ကိုးကွယ်တယ်။ အားလုံး ဘာသာတွေက ကောင်းတာကြီးပဲ။ မေတ္တာတော်ကို သင်ပေးတယ်။ လူတွေက interpret လုပ်တယ်။ သူတို့အဓိပ္ပါယ် သူတို့လုပ်ယူတာ။ ကျနော့်အနေနဲ့ဆိုရင် လက်နက်ကိုင်ထားတဲ့ အာဏာအဖွဲ့ ပုလိပ်ရဲ၊ တပ်မတော်သားတွေကို Go out to the communities လူတွေနေတဲ့ နေရာတွေကို သွားပြီးတော့ - ကလေးတွေကို ကျောင်းထဲကို ဝင်ပြီးတော့ စစ်တပ်က ဘာလုပ်တယ်။ သင်ပေးလိုက်။ ရဲကို ကြောက်စရာမရှိအောင်။ သူတို့ကို မကြောက်လို့ရှိရင် ဘာမှ ကြောက်စရာမရှိဘူး။ အမှောင်ထဲမှာ ဘာမှမရှိဘူးဆိုတာ သူတို့ သိဖို့လိုတယ်။ အဲဒီတော့ အမှောင်ထဲမှာ အမှောင်ပပျောက်သွားအောင် မီးထွန်းပေးလိုက်လို့ရှိရင် အမှောင်ထဲမှာ ဘာမှမရှိဘူး။ ငါတို့ ဘာလို့ ကြောက်နေတာလဲ။ အဲဒီ သဘောပဲ။ ကျနော် Psychology က ဝင်လာတာ။

ဦးကျော်ဇံသာ ။ ။ အဲဒါကြောင့် ကျနော်က လူထုရဲ့စိတ်ဓါတ်။ အဖက်ဖက်က စိတ်ဓါတ်ကို ဘယ်လို ပြုပြင်ရမယ်ဆိုတာကို အဓိကထား သိချင်တာပါ။

ဦးကျော်ဝင်း ။ ။ အဲဒါ ကလေးဘဝက စတယ်။ ပထမတန်း၊ သူငယ်တန်း။ အိမ်ကလည်း စတယ်။ Family လည်းပါတယ်။ အကုန်လုံးပါတယ်။ တဦးနဲ့တဦးကို ရိုသေရမယ်။ လေးစားရမယ်။ သူ့ယုံကြည်ချက်ကို လေးစားမယ်။ ငါ့ယုံကြည်ချက်ကို လေးစားရမယ်။ အဲဒီက စရမယ်။ ကျောင်းထဲမှာ အကုန်သင်ပေးရမယ်။ ကလေးဘဝထဲက။ (၁၆) နှစ် ကျော်သွားလို့ရှိရင် မရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခုမှ ပိုပြီးတော့ အခြေအနေ တင်းမာလာတဲ့ကိစ္စတခုက ဘာသာရေး မတူတဲ့အတွက်၊ ဘာသာကွဲတွေကြား ဖြစ်လာတဲ့ ပဋိပက္ခပါ။ တချို့ နိုင်ငံရေးပရောဂလို့ ဆိုသလို၊ အဲဒီအထဲမှာ နိုင်ငံရေးမသိတဲ့ အရပ်သားတချို့လည်း ရောပါနေတာ အမှန်ပဲ။ အဲဒါကို ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။

ဦးကျော်ဝင်း ။ ။ နိုင်ငံရေးသမားတွေ အသုံးပြုတာပဲ။ သူတို့ရဲ့အကျိုး ကြည့်ပြီးတော့ လုပ်နေတာပဲ။ ဆွပေးနေတာလည်း ရှိတယ်။ ခရစ်ယာန်ဘက်မှာလည်း fundamental လူတွေ ရှိတယ်။ ဒို့ခရစ်တော်က ဒါသင်ပေးတာ။ ဟုတ်တာလဲ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ဖန်တီးပြီးတော့ လုပ်ကြတာ။ အဲဒီတော့ ဘာသာအရပ်ရပ်ပိုင်းက လူကြီးတွေ၊ ဆရာကြီးတွေ သူတို့ကိုယ်တိုင်လည်း တယောက်နဲ့တယောက် ဆွေးနွေးရမယ်။ ကတ်သလစ် နဲ့ ပရော်တစ်နဲ့၊ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ၊ ဟိန္ဒူ နဲ့ မူစလင်။ အကုန်လုံးက သင့်သင့်မြတ်မြတ် နေဖို့က တယောက်နဲ့တယောက် They must start စကားပြောရမယ်။ တရုတ်ပုံပြင်တခုက ရွာလေးတခုမှာ ရွာသူရွာသားတွေက တဦးနဲ့တဦး မသင့်တင်တာတွေ ဖြစ်လို့ရှိရင် ရွာသူကြီးတွေက သူတို့ကိုလာပြီးခေါ်တယ်။ ကောင်းပြီ မင်းက ဒီဘက်က၊ မင်းက ဟိုဘက်က။ မင်း မကျေနပ်တာကို ပြော။ ဟိုကောင်ကလည်း ဖြေ။ ပထမ လက်သီးထိုးတဲ့ကောင်က မင်းရှုံးသွားပြီတဲ့။ သူမှာ အကြံကုန်သွားပြီ - Run out of ideas. The one who blow first is loser. That’s the story. မှန်တာတွေ အများကြီးရှိတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောရမယ်။ စကားမပြောရင် လက်သီးသုံး၊ တုတ်တွေ ဒါးတွေနဲ့ ထွက်လာကော။

ဦးကျော်ဇံသာ ။ ။ မြန်မာလူမျိုးတွေ မြန်မာတိုင်းရင်းသားတွေရဲ့ အစဉ်အလာမှာလဲ ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာထက်၊ နောက်ကွယ်မှာ ပြောတာတွေက ရှိနေတယ်။ အဲဒီလို ယဉ်ကျေးမှုအားဖြင့်လဲ ပြုပြင်ရမယ့် စိတ်ဓါတ်တွေလို့ ထင်ပါတယ်။ အဲဒါတွေကြတော့ ပညာရေးနဲ့ဆိုင်လား။

ဦးကျော်ဝင်း ။ ။ ယဉ်ကျေးမှုအားဖြင့် ပြုပြင်ရမယ်။ မသိတဲ့ဟာကို ကြောက်နေလို့ရှိရင် မသိတဲ့ဟာကို သိသွားအောင် လုပ်ရမယ်။ အခုန ကျနော်ပြောတယ် - အမှောင်ကို မီးထွန်းပေးလိုက်လို့ရှိရင် ဘာမှ ကြောက်စရာ မရှိဘူး။ ကျနော်တို့ အယူအဆ၊ ယုံကြည်တဲ့ဟာတွေက သဘာဝက ပေးတာမဟုတ်ဘူး။ ကိုယ့်ဘာသာ လူတွေ ဖန်တီးတာ။ လူတွေ ဖန်တီးတဲ့ဟာတွေကို လူတွေက ဖျက်နိုင်တယ်။ ဒါကြောင့်မို့ ပညာရေးက တော်တော်ကို အရေးကြီးတယ်။ ဥပမာ ဗမာပြည်က လူတွေက ဟိုဘက်တိုင်းပြည်မှာ ဘာတွေလုပ်တယ်။ ဗမာပြည်အတွင်းမှာနေပြီတော့ ထိုင်းဘက်မှာ ဘာလုပ်နေတယ်ဆိုတာကို မသိတဲ့လူတွေ အများကြီးရှိတယ်။ တချို့ အာရီဇိုးနားမှာ တသက်လုံးနေပြီးတော့ Grand Canyon ကို တခါမှ မမြင်ဖူးဘူး။ အဲဒါမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျနော်က လူတွေနဲ့ ဆက်ဆံတဲ့အခါကြရင် You have to talk as a psychologist - စကားမပြောဘူးဆိုလို့ရှိရင် လက်သီးတွေ ထွက်လာတယ်။ အင်္ဂလိပ်စကား ပါလီမန်ဆိုတာ ပြင်သစ်စကားက ထွက်လာတာ။ ပါလီမန်ဆိုတာ စကားပြောတာ။ အင်္ဂလိပ်တွေ ပါလီမန်ကိုကြည့်ပါ - ဟိုဘက်နဲ့ဒီဘက် စကားတွေ ပြောကြတာ - အဲဒီလိုပဲ လုပ်ကြတယ်။ အဲဒီတော့ I go to education – basic education ပထမတန်း၊ မိသားစုလည်းပါတယ်။ ကျောင်းကိုပဲ လွှဲထားလို့ မရဘူး။ ကျနော်တို့ ဗုဒ္ဓက အတော်ကို ယဉ်ကျေးတဲ့ဘာသာ။ ကျနော်က ဗုဒ--- ဘာသာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဗုဒ္ဓကို ကောင်းကောင်းလေ့လာပါတယ်။ ဗမာပြည်မှာနေတုန်းက ကတ်သလစ်ကျောင်းသွားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အမျိုးသားရေးကို သိပ်ပြီးတော့ ဦးထိပ်ထားပြီးတော့ အမျိုးသားရေးစိတ်ဓါတ် ရိုက်သွင်းတဲ့ကိစ္စ။

ဦးကျော်ဝင်း ။ ။ အဲဒါ Ethnocentric ကိုယ့်လူမျိုး အကောင်းဆုံးလို့ ထင်တယ်။ အမှန်မှန်က တခြားလူမျိုးအကြောင်း မသိလို့ရှိရင် ကိုယ့်လူမျိုးကိုပဲ အကောင်းဆုံးလို့ ထင်နေတာပေါ့။ အဲဒါ ခင်များမေးတဲ့ မေးခွန်းက ဘယ်လို လုပ်ရမလဲဆိုရင် It’s a long process. တော်တော်ကို တာရှည်သွားရမယ့် ခရီး။ ဒါပေမဲ့ အစ စရမယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ပြန်ချုပ်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ခရီး၊ ဒီမိုကရေစီ အစစ်အမှန် ဖြစ်လာဖို့ဆိုတာ အတော်ဝေးသေးတယ်လို့ ပြောရမလား။

ဦးကျော်ဝင်း ။ ။ အတော်ဝေးတယ်လို့တော့ ကျနော် မဆိုလိုချင်ဘူး။ ဝေးတယ်လို့ပဲ ဆိုချင်တယ်။ ဒါပေမဲ့ အခုနည်းနည်း ပွင့်လာပြီ။ တဖြည်းဖြည်း ဖြစ်လာလိမ့်မယ်။ ဒီမိုကရေစီဆိုတာ ဒီကနေ ဟိုရောက်ပြီ ရပ်တာ မဟုတ်ဘူး။ တချိန်လုံး လုပ်နေရတယ်။ It’s continuous - ချောင်းထဲ ရေစီးနေသလို။ You have to continuously steer. တချိန်လုံး ရေနက်ထဲမှာ သွားလာနေတဲ့ သင်္ဘောက တချိန်လုံး လှည့်နေ ဟိုလှည့်ဒီလှည့် တချိန်လုံး ရေနက်ထဲမှာ နေရမယ်။ ရေတိမ်တဲ့နေရာ သွားထိုးလို့ရှိရင် သင်္ဘောပျက်သွားလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လမ်းကြောင်းမှန်တော့ ရောက်နေပြီပေါ့။

ဦးကျော်ဝင်း ။ ။ မှန်ပါတယ်။