သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေး ပထမ အဆင့် အောင်မြင်မှာလား


စစ်တပ်ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်စဉ် (ဖေဖေါ်ဝါရီလ ၁)
စစ်တပ်ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်စဉ် (ဖေဖေါ်ဝါရီလ ၁)

လာမယ့် မတ်လ ၁၇ ရက်နေ့ကျရင် လွှတ်တော် အသီးသီးကနေ ဒုသမ္မတ၊ သမ္မတ လောင်း ရွေးချယ် တင်မြှောက်ပွဲတွေ စ ပြီး လုပ်ပါတော့မယ်။ ခုအချိန်ကနေ စ တွက်ရင် ၂၅ ရက်မြောက်နေ့မှာ စ ပြီး အကောင်အထည် ဖော်မယ့် လွှတ်တော်ရဲ့ အရေးကြီး လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ သမ္မတသစ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် စ ပြီးတာဝန်ယူနိုင်မယ့် နေ့နဲ့ တွက်ရင်တော့ ရက်ပေါင်း ၄၀ နီးပါးလိုပါသေးတယ်။ ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့် ပြီးမြောက်ဖို့ လိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီ အသွင်ကူးပြောင်းရေး အချိန်ကာလကို အေးအေးချမ်းချမ်းပဲ ဖြတ်ကျော်နိုင်ကြမလား၊ ပြသနာ အခက် အခဲ တစ်စုံတစ်ရာ ကြုံရနိုင်သေးသလား ဆိုတာ အားလုံးက ရင်တမမ နဲ့ စောင့်ကြည့်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဲဒီလို စိတ်တဝင်စား စောင့်ကြည့်နေကြသူတွေထဲမှာ မြန်မာနိုင်ငံသားတွေတင်ကမ နိုင်ငံတကာ အသိုင်းအဝိုင်းလည်း ပါဝင်ပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ပထမ အဆင့် အဆင်ပြေ ချောမွေ့နိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ သွားရာလမ်းမှာ အသွင်ကူးပြောင်းရေး ဆိုတဲ့ ကာလကို နှစ်အတော်ကြာ ဖြတ်သန်းရပါဦးမယ်။ ဒီမိုကရေစီ စနစ် ဆိုတာဟာ တိုင်းပြည်ရဲ့ အရေးအရာ အရပ်ရပ်ကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သူတွေက အပြည့်အ၀ စီမံခန့်ခွဲ၊ အုပ်ချုပ်ခွင့် ရှိတဲ့ အခြေအနေကို ခေါ်ဆိုတာမို့၊ စစ်တပ်ဟာ အရပ်ဘက် အုပ်ချုပ်ရေး အောက် လုံးလုံးလျားလျား ရောက်သွားချိန်၊ တပ်မတော်ဟာ အရပ်သား အစိုးရ လက်အောက်မှာ ကာကွယ်ရေး တာဝန်ကိုပဲ ပရော်ဖက်ရှင်နယ် ပီပီသသ ထမ်းဆောင်ချိန် ရောက်မှ ခေါ်နိုင်တာမို့ အချိန် စောင့်ကို စောင့်ရပါလိမ့်မယ်။
သိပ်မကြာခင် ပေါ်ပေါက်လာမယ့် အသွင်ကူးပြောင်းရေးကို ပထမ အဆင့် ခေါ်ရတာကတိုင်းပြည်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရ တစ်ရပ်ရော၊ သူ့ဖာသာသူ သီးခြား ရပ်တည်နေတဲ့ တပ်မတော် တစ်ရပ်ကပါ အပြိုင် တည်ရှိနေလို့ပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ပြောင်းလဲသွားတဲ့ နိုင်ငံပေါင်းများစွာ ရှိပါတယ်။ အသွင်ကူးပြောင်းကြပုံတွေကလည်း အမျိုးမျိုး ရှိနေပါတယ်။ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားပြီးမှ ပြောင်းလဲသွားတဲ့ နိုင်ငံတွေ ရှိသလို၊ လူထု အုံကြွမှုကြီးတွေ ဖြစ်ပွားပြီးမှ ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ အလားတူ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်သံယိုမှုလည်း မဖြစ်၊ ကြီးကျယ်တဲ့ လူထု ဆန္ဒပြမှုကြီးတွေလည်း မဖြစ်ခဲ့ပါပဲနဲ့ ပြောင်းလဲမှုကို စတင်လိုက်နိုင်တာတွေလည်း ရှိခဲ့တာပါပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ပုံစံလိုမျိုးဟာ ကမ္ဘာမှာ ပထမ ဦးဆုံး ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေးကို အောင်မြင် ဆုံးခန်းတိုင်တဲ့အထိ သွားဖို့ ဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ပထမ အဆင့် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ပေါ်ဖို့ လိုပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေး ပထမ အဆင့်ဟာ ကျေနပ်နိုင်ဖွယ်ရာ ရှိပါသလား ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ် အမျိုးမျိုးအောက်မှာ ရာစုနှစ် တစ်ဝက်ကျော် နေခဲ့ရတဲ့ တိုင်းပြည် တစ်ပြည်ပါ။ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးမှာ ပြည်သူ့ဆန္ဒ လုံး၀ ပါဝင်ခွင့် မရခဲ့တာလည်း ရာစုနှစ် တစ်ဝက်ကျော်ပါ။
အခု အသွင်ကူးပြောင်းရေး ပထမ အဆင့် အောင်မြင်သွားရင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အမတ်တွေက ဥပဒေပြုရေးကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ကြပါလိမ့်မယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ၊ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်း အစိုးရတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ အရင်အာဏာရှင်တွေ ပြဌာန်းပေးသွားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အသီးသီးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ရွေးကောက်လိုက်တဲ့ အမတ်တွေဟာ တပ်မတော်က သဘောမတူပဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ တပ်မတော်ဟာ သီးခြား အဖွဲ့အစည်းအနေနဲ့ ရပ်တည်နေမှာ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ရဲချုပ်တွေကို သမ္မတ ခန့်အပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အတွေ့အကြုံအရ ပြောရရင် လက်ခံနိုင်လောက်တဲ့ အသွင်ကူးပြောင်းရေး အစ ပါ။
နိုင်ငံတကာကို လေ့လာကြည့်ရင် ခုလို အသွင်ကူးပြောင်းရေး ပုံစံမျိုး တောင်အမေရိကတိုက်က ချီလီနိုင်ငံမှာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေေးကာက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ကို အပြတ်အသတ် မဲပေးပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ ကို ပယ်ချလိုက်သလို၊ ၁၉၈၈ တုန်းက ချီလီမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးကို သမ္မတ တင်မြှောက်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ချလိုက်တာနဲ့ အတူ အသွင်ကူးပြောင်းရေးကို အစ ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ အဲဒီ အချိန်တုန်းက ချီလီမှာ သူ့ဖာသာသူ ရပ်တည်တဲ့ စစ်တပ် ရှိနေပြီး အာဏာရှင် ပီနိုချေးဟာ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရသလိုပဲ အဲဒီအချိန်တုန်းက သမ္မတ ဖြစ်နိုင်ချေ အရှိဆုံး ရီကာဒို လာဂို့စ် ကလည်း စစ်တပ်က အာဏာပြန်သိမ်းနိုင်ခြေကို ချင့်တွက်ပြီး သမ္မတ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ မြန်မာ့လွှတ်တော်မှာလိုပဲ အဲဒီအချိန် ချီလီ အထက်လွှတ်တော်မှာလည်း ရွေးကောက်ခံ မဟုတ်သူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ချီလီ အတိုက်အခံတွေဟာ ဗိုလ်ချုပ်ကြီး ပီနိုချေးရဲ့ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။ အသွင်ကူးပြောင်းမှု စတင်ပြီး နောင် ၁၀ နှစ်ကြာမှ ရီကာဒို လာဂို့စ် သမ္မတ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းပြီး ၁၅ နှစ်အကြာမှာ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေကို ဖယ်ရှားလိုက်နိုင်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ ရဲချုပ်တွေကိုလည်း သမ္မတ က ရာထူးကနေ ဖယ်ရှားခွင့် ရှိလာပါတယ်။
ပြောရရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်နိုင်ငံ တစ်ခုခုနဲ့မှ လုံး၀ ထပ်တူ တူညီတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်တူတာတွေ၊ လေ့လာ အတုယူစရာ နိုင်ငံတွေတော့ ရှိပါတယ်။ အဲဒီထဲမှာ ချီလီ အသွင်ကူးပြောင်းရေးကနေ သင်ခန်းစာ ယူနိုင်တာ ဖြစ်ပါတယ်။ ချီလီသင်ခန်းစာ အရ အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ လိုပါတယ်။ ချီလီထက် ကံကောင်းတာက မြန်မာနိုင်ငံမှာ ပီနိုချေးလို စစ်အာဏာရှင် တစ်ယောက်ယောက် ဆက်ပြီး အာဏာရှိမနေတာပါပဲ။ ဒီအတွက် လက်ရှိ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကရော၊ တပ်မတော်ဘက်ကပါ နှစ်ဖက်စလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပြီး အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှသာလျင် ဒီမိုကရေစီ ပန်းတိုင်ဆီ သွားရာလမ်း ဖြောင့်ဖြူးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG