မြန်မာ့နိုင်ငံရေးအကျပ်အတည်း နှင့် ပေါ်ထွက်လာနိုင်တဲ့ အခွင့်အလမ်းများ

VOA မသိင်္ဂီထိုက် နှင့် ဦးကျော်ဇံသာ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ ဆန့်ကျင် တော်လှန်မှုတွေက အခုနောက်ပိုင်းမှာ ပိုပြီး အရှိန်ရ ပြင်းထန်လာတာနဲ့ အတူ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေဟာလဲ ပိုပြီးရက်စက် ကြမ်းကြုတ်လာနေပါတယ်။ ဒီလို သွေးထွတ်သံယို နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကနေ အပြုသဘောဆောင်တဲ့ အခွင့်အလမ်း တစုံတရာ ပေါ်ထွက်လာနိုင်ပါသလား၊ ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို အခွင့်အလမ်းမျိုးလဲ ဆိုတာကို မသိင်္ဂီထိုက်က မေးမြန်းပြီး ဦးကျော်ဇံသာက ဖြေဆိုထားပါတယ်။

မေး ။ ။ အန်ကယ်ဦးကျော်ဇံသာ အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတဲ့အပေါ်မှာ စစ်တပ်က အင်အားသုံးပြီးတော့ ပိုပြီးတော့ နှိမ်နင်းလာပါတယ်။ ဒါပေမဲ့လဲ လူထုရဲ့တော်လှန်ရေး၊ လူထုရဲ့ ဆန္ဒပြမှုတွေက ပိုပြီးတော့ အားကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ ဆိုတော့ ဒီလူထုတော်လှန်ရေးကနေ လူထုလိုချင်နေတဲ့ အပြောင်းအလဲမျိုး ပေါ်ပေါက်လာမယ့် အလားအလာပေါ် အရင်ဆုံးသုံးသပ်ပေးပါရှင့်။

ဖြေ ။ ။ မသိင်္ဂ ီပြောသလိုပဲ စစ်တပ်က ပိုပြီးနှိမ်နင်းသလို၊ လူထုဘက်ကလည်း ယခင်နဲ့မတူတဲ့ ယခင်မကြုံဘူးတဲ့ တော်လှန်အုံ့ကြွမှုမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် တော်တော်လေးကို ထိရောက်တဲ့ လှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားကြီးက ရပ်ဆိုင်းသွားတာ။ စစ်တပ်အာဏာသိမ်းတာ ရက်ပေါင်း (၄၀) ကျော်လာပြီ၊ အုပ်ချုပ်ရေးယန္တရားကို ဘာမှမလုပ်နိုင်ဘူး။ အဆိုးဆုံးက ဘဏ်လုပ်ငန်းကအစ စီးပွားရေးလည်း ရပ်ဆိုင်းသလို ဖြစ်နေတယ်။ စစ်တပ်က ဘယ်လောက်ပစ်ပစ်၊ သတ်သတ် လူတွေကတော့ ဆက်ပြီးတော့ ထွက်နေတယ်ဆိုတော့ တော်တော်လေးကို ပြင်းထန်တဲ့ တိုက်ပွဲတော်လှန်ရေး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်လာနိုင်စရာအကြောင်းကတော့ အများကြီး ရှိပါတယ်။ တကယ်တော့ အပြောင်းအလဲ ဖြစ်နေတယ်ဆိုတာ စောစောက ပြောခဲ့တဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းတာတို့ ဘာတို့ဆိုတာ ကြီးကျယ်တဲ့ အပြောင်းအလဲ ဖြစ်လာတာပါ။ သို့သော်လဲ အဲဒီအပြောင်းအလဲဟာ ဆက်ပြီးတော့ အချိန်ယူပြီးတော့ သွားရအုံးမယ် ထင်ပါတယ်။ စစ်တပ်ရဲ့ သဘောသဘာဝက ကျနော်တို့ ရှုံးပါပြီးဆိုကာ လက်မြှောက်ပြီး ထွက်ပြေးမယ့် စစ်တပ်မျိုး မဟုတ်ပါဘူး။ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်ဆိုတဲ့ mentality ဒီသဘောထားမျိုး သူတို့ဆီမှာ အမြဲတမ်း ရှိနေတာပါ။

ဆိုတော့ ဆန္ဒပြတဲ့ ပြည်သူတွေဘက်ကပဲ သူတို့ရဲ့ အခြေအနေကိုကြည့်ပြီးတော့ အတက်အဆုတ် ကစားပြီးတော့ အပြောင်းအလဲကို ပိုပြီးပီပီပြင်ပြင်ဖြစ်အောင် ရှေ့ဆက်သွားရအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ပြည်သူတွေ မျှော်လင့်ထားတဲ့အတိုင်း အပြောင်းအလဲတွေ ခပ်မြန်မြန် ပေါ်မလာဘူးဆိုရင် ဒါဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက် ကုန်ဆုံးသွားတဲ့ သဘောများဖြစ်လာနိုင်မလားရှင့်။

ဖြေ ။ ။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီ Crisis အကျပ်အတည်း ပြဿနာတစ်ခု ဖြစ်လာရင် အဲဒီ crisis နဲ့အတူ opportunity ခေါ်တဲ့ အခွင့်အလမ်းဆိုတာလဲ တွဲပြီးတော့ ပါလာတတ်ပါတယ်။ ဆိုတော့ အခုန ကျနော်တို့ ပြောခဲ့တဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းက အရေးကြီးဆုံး အခွင့်အလမ်းပါပဲ။ စစ်အာဏာရှင်စနစ် ကျဆုံးပြီးတော့ သို့တည်းမဟုတ် စစ်အာဏာရှင်စနစ် မှေးမှိန်းသွားပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက်ကို အားသာသွားမယ်ဆိုရင် ဒါဟာ အခွင့်အလမ်းကြီးတစ်ရပ်ပါပဲ။ အဲဒီအခွင့်အလမ်းသာမကဘူး၊ အခြားအခွင့်အလမ်းတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် မူဝါဒဆိုင်ရာ အခွင့်အလမ်းပေါ့။ Policy Opportunity လည်း ဖြစ်လာနိုင်ပါတယ်။ အခုပဲ တိုင်းရင်းသားတွေကို နှစ်ဘက်စလုံးက စစ်တပ်ဘက်ကလဲအရ စည်းရုံးနေတယ်။ ဖယ်ဒရယ်ပြည်ထောင်စု ဖန်တီးပေးမယ်ဆိုတာ။ သူတို့ရဲ့ မူဝါဒကိုယ်တိုင်က ပြောင်းလဲလာတဲ့သဘောပါပဲ။ သူတို့က သိတယ် ငါတို့ဘက်ကို ဒီတိုင်းရင်းသားတွေပါမှ သူတို့လိုချင်တဲ့ဘက်ကို ရောက်မယ်လို့ မျှော်လင့်ထားသလို၊ အခုအခါမှာ CRPH ကလည်း ယခင် NLD အစိုးရထက် ပိုပြီးတော့ ထိရောက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ကြွေးကြော်သံတွေ ထွက်လာတယ်လို့ ကျနော် သုံးသပ်မိပါတယ်။ ဒါက ဖယ်ဒရယ်ဒီမိုကရေစီ . ဟိုတုန်းက ဒီမိုကရေစီ ဖယ်ဒရယ်လား ငြင်းခုံနေကြသေးတယ်။ ဖယ်ဒရယ်ဒီမိုကရေစီ လုပ်ရမယ်၊ ဖယ်ဒရယ်ဖြစ်ဖို့အတွက် သိပ်အရေးကြီးတယ်ဆိုတာကို ဦးစားပေးပြောလာတယ်။ အဓိကတော့ ပေါ်လစီပြောင်းလဲလာမယ့် အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ အလားအလာကတော့ ဘယ်လိုမှ ဆုံးရှုံးမှေးမှိန်သွားတယ်လို့ ပြောလို့မရနိုင်ပါဘူး။

မေး ။ ။ အဲဒီတော့ ဒီလိုအပြောင်းအလဲတွေ ပေါ်လာဖို့အတွက် အဓိက လိုအပ်ချက်တွေကိုလည်း အန်ကယ် သုံးသပ်ပေးချင်ပါတယ်။

ဖြေ ။ ။ အဓိကတော့ တွန်းအားနဲ့ ဖိအားတွေပေါ့။ ပြည်သူတွေ ထိပ်တိုက်ရင်ဆိုင်ပြီးတော့ လမ်းပေါ်ထွက်ဆန္ဒပြနေကြတာကတော့ ဖိအားပေးနေကြတာပဲ။ ဟိုဘက်ကပစ်နေလဲ လုံးဝနောက်မဆုတ်ဘဲ အသေခံပြီးတော့ သိပ်ပြီးတော့ ကြေကွဲဝမ်းနည်းစရာ ကောင်းပါတယ်။ အင်မတန်ပြင်းထန်တဲ့ ဖိအားဖြစ်ပါတယ်။ တချိန်တည်းမှာလဲ နိုင်ငံတကာဖိအားလည်း သိပ်အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေကဆို ဖိအားပေးကြတယ်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တယ်။ အမျိုးမျိုးလုပ်လာကြတယ်။ စစ်တပ်က အကြီးအကဲတွေ၊ သူတို့သားသမီးတွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လှုပ်ရှားလို့ လုပ်လာလို့မရအောင် လုပ်လာကြတယ်။ အထောက်အပံ့ပေးမယ့် ကိစ္စတွေကို ရပ်ဆိုင်းဖို့ လုပ်လာကြတယ်။ သို့သော်လဲပဲ တဘက်မှာလဲ ဒီဖိအားအပြင် တွန်းအားတွေလည်း လိုပါတယ်။ အထူးသဖြင့် အာဆီယံ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယတို့လို အိမ်နီးနားချင်း နိုင်ငံတွေက ဖိအားထက် တွန်းတဲ့သဘောမျိုး ဆောင်တယ်လို့ ကျနော်နားလည်ယူဆပါတယ်။ ဆိုတော့ ဖိအားနဲ့ တွန်းအား ပူးတွဲပြီးတော့ လုပ်ရပါမယ်။ အာဆီယံကတော့ သူတို့မှာ သူများနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ အယူအဆရယ်၊ Consensus အများသဘောတူမှ ဖြစ်မယ်ဆိုတဲ့ အယူအဆတွေ ရှိပါတယ်။ အဲဒါကြောင့် အာဆီယံနိုင်ငံထဲမှာတင် ကွန်မြူနစ်လည်းပါတယ်။ သက်ဦးစံပိုင် ဘုရင်စနစ်လည်းပါတယ်။ စစ်တပ်က ဒီမိုကရေစီအရေခြုံပြီးတော့ အုပ်ချုပ်တဲ့ အစိုးရလည်းပါတယ်ဆိုတော့ လုံးဝပြောင်းဖို့က ဒီ အများသဘောတူညီမှု ရပြီးတော့ ဘယ်တော့မှ ဖိအားပေးမှာ မဟုတ်ပါဘူး။

တရုတ်ကလည်း စီးပွားရေးလုပ်နေကြတော့ ဒီဟာကို အများကြီး ချင့်ချိန်းစဉ်းစားပါလိမ့်မယ်။ အာဆီယံ၊ တရုတ်အပါအဝင် အိမ်နီးနားချင်း နိုင်ငံတွေက တနည်းအားဖြင့် စုပေါင်းပြီးတော့ တွန်းအားပေးရမယ်။ ဆိုတော့ အနောက်နိုင်ငံတွေ ကုလသမဂ္ဂ ဖိအားနဲ့ အိမ်နီးနားချင်း တရုတ်တို့ တွန်းအားနဲ့ပေါင်းပြီးတော့ သွားရင်တော့ နည်းနည်းရွေ့နိုင်တယ်လို့ ထင်ပါတယ်။ တချိန်တည်းမှာ အဓိကတော့ ပြည်တွင်းရဲ့အင်အားပေါ့။ ပြည်တွင်းက ပြည်သူလူထုရဲ့ ဆန္ဒပြအုံ့ကြွမှုနဲ့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်လာမှု သိပ်အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း လေသံနည်းနည်းပြောင်းလာတဲ့ သဘောထား ရှိပါတယ်။ ဒါပေမဲ့ မြန်မာစစ်အာဏာသိမ်းမှုတို့၊ ဘာတို့ ပြောဆိုရှုတ်ချမှုတွေတော့ မရှိသေးပါဘူး။ ဆိုတော့ တရုတ်ဘက်က ဒီလိုလေသံ ပြောင်းလာပေမယ့်လဲ မြန်မာစစ်တပ်ကို သူတို့က အလျှော့ပေးခိုင်းတဲ့အထိ ရောက်လာပါ့မလားရှင့်။

ဖြေ ။ ။ အလျှော့ပေးခိုင်းတဲ့အထိတော့ ရောက်မလာနိုင်ပါဘူး။ အလျှော့ပေးခိုင်းတာကိုတော့ မြန်မာစစ်တပ်က ဘယ်တော့မှ လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ သို့သော်လဲ သိပ်ပြီးတော့ တွန်းအားပေးနိုင်တဲ့ အင်အားက တရုတ်မှာ ရှိတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာလဲ တရုတ်က အာဏာသိမ်းနေလို့ဆိုပြီး မရှုတ်ချပါဘူး။ ပြည်သူတွေကို ရက်ရက်စက်စက် မလုပ်ပါနဲ့၊ ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ပေးပါ ဘာညာတောင်းဆိုတဲ့ ကိစ္စမှာတော့ ကုလသမဂ္ဂနဲ့ တသံတည်းထွက်လာတာ အင်မတန် တိုးတက်လာတဲ့ လက္ခဏာလို့ ဆိုနိုင်ပါတယ်။ အဲဒါကိုပဲ တချို့က အချိန်ကိုက်ပဲ သုံးသပ်ကြတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စက်ရုံတွေကို ဆန္ဒပြသမားတွေ မီးရှို့တယ်ဆိုပြီးတော့ စစ်တပ်ဘက်ကလဲ လုပ်နေတယ်ဆိုပြီးတော့လဲ တချို့က ပြောနေကြတာ တွေ့ရပါတယ်။ ဘယ်လောက် မှန်သလဲ၊ မမှန်ဘူးလဲဆိုတာကတော့ ကျနော်တို့ မီဒီယာသမားတွေက စောင့်ကြည့်ရမှာပေါ့။ ဆိုတော့ ဒီကိစ္စကိုလည်း တရုတ်က ချင့်ချိန်းပါလိမ့်မယ်။ တရုတ်ရဲ့ စီးပွားရေးက ဒီစက်ရုံတွေကို မီးရှို့တာတင်မကဘူး၊ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ရေနံပိုက်လိုင်းတို့ကို အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်လုပ်ထားတဲ့ မဟာဗျူဟာမြောက်တဲ့ လမ်းကြောင်းတွေ အစီအစဉ်တွေလည်း ရှိတော့၊ ဒါကိုလဲ သူတို့ဘယ်တော့မှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကတော့ ဖြစ်နိုင်သမျှ ပြေလည်အောင် ညှိနှိုင်းဖို့ အဲဒီကိစ္စကိုပဲ တရုတ်က တွန်းတွန်းတိုက်တိုက် ဝင်ပြီးတော့၊ ကျန်တဲ့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ လုပ်ဖို့ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေကလဲ ဖိအားပေးတဲ့နေရာမှာ တရုတ်လိုနိုင်ငံမျိုးကို ရှေ့ကိုတွန်းထုတ်ပြီး - ကဲ မင်းတို့ရှေ့ကသွား ငါတို့ နောက်ကလိုက်မယ်ဆိုတဲ့ ပုံစံမျိုး လုပ်လာရင်တော့ တမျိုးတမြည် ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

မေး ။ ။ နောက်တစ်ခုကတော့ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်ကနေ ပြည်တွင်းမီဒီယာတွေ အားကောင်းတဲ့ မီဒီယာကြီးတွေအပါအဝင် မီဒီယာတွေကို ပိတ်ပင်လိုက်ပါတယ်။ နောက်ပြီးတော့ သတင်းထောက်တွေကိုလည်း ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးပါတယ်။ ဆိုတော့ အဲဒီမှာ မီဒီယာအားကလည်း လျော့နေပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းက ဆန္ဒပြမှုတွေမှာ Live ထုတ်လွှင့်တဲ့အခါမှာဆိုရင်တော့ ဒီနေရာမှာတော့ မီဒီယာ အားနည်းနေပါတယ်ဆိုတဲ့ လူထုရဲ့ ဆန္ဒတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလူထုတော်လှန်ရေး၊ ဆန္ဒပြပွဲတွေမှာ မီဒီယာရဲ့ အခန်းကဏ္ဍ၊ မီဒီယာတွေဘက်က ဘာတွေများ လုပ်ပေးနိုင်ပါသလဲရှင့်။ အန်ကယ် ဘယ်လိုများ မြင်ပါသလဲ။

ဖြေ ။ ။ အခုဖြစ်နေတဲ့ကိစ္စ္မမှာ မီဒီယာက သိပ်အရေးပါပါတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံရဲ့ မီဒီယာကို သိပ်အထင်ကြီး၊ သိပ်လေးစားပါတယ်။ သတ္တိလည်း အင်မတန်ကောင်းကြပါတယ်။ အဲဒီမီဒီယာတွေကြောင့် ဒီအဆင့်ကို ရောက်လာပါတယ်။ မီဒီယာဆိုတာ ကျနော်တို့ professional media အပြင် citizen journalist တွေကလည်း မီဒီယာပါပဲ။ ဒီမီဒီယာတွေရဲ့ ကွန်ရက်ကြောင့် ဒီလိုအဆင့်ကို ရောက်လာတာ၊ နိုင်ငံတကာက သိလာတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ အတော်လေး ပွင့်လင်းလာတဲ့အခါမှာ မီဒီယာကလည်း အဆမတန် တိုးတက်လာပါတယ်။ သတင်းသမားတွေ မေးတဲ့မေးခွန်းတွေကို အင်မတန်ချီးကျူးပါတယ်။ ဟိုဘက်က ဖြေတဲ့လူက ကတ်ကတ်လန့်ပြန်ပြီး ရန်တွေ့နေတယ်။ ဒါပေမဲ့ မီဒီယာက စိတ်ရှည်သည်းခံပြီးတော့ သူတို့လိုချင်တဲ့ မေးခွန်းကို သူတို့ရအောင် မေးတာကို ကျနော် အင်မတန်မှ ချီးကျူးတယ်။ တော်တယ်လို့ ချီးကျူးပါတယ်။ သူတို့ရဲ့ စွမ်းအင်ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာကို စစ်တပ်က ပိတ်ပစ်လိုက်တယ်ဆိုတာ အဲဒါက ပြသနေပါတယ်။ အာဏာရှင်က အင်မတန် ကြောက်လို့သာ သူတို့ကို ပိတ်ပင်တယ်။ သူတို့ကို ဖမ်းတယ်။ ထောင်ချဖို့လုပ်တယ်ဆိုတာ မီဒီယာရဲ့ စွမ်းအား ကြီးမားလို့သာ ဖြစ်ပါတယ်။ ဆိုတော့ မီဒီယာရဲ့ စွမ်းအားဟာ လုံးဝအထင်သေးစရာ မဟုတ်ပါဘူး။ အင်မတန် တန်းဖိုးရှိတယ်။ သိပ်အရေးပါတယ်လို့ ကျနော်က ပြောလိုပါတယ်။

မေး ။ ။ အခုန အန်ကယ်ပြောတဲ့အထဲမှာလဲ ပါပါတယ်။ Citizen Journalist တွေရဲ့ အခန်းကဏ္ဍကိုလည်း ပြောပါအုံး။ သူတို့အချင်းချင်းပဲ ရိုက်ကူးထုတ်လွှင့်နေတဲ့ အခန်းကဏ္ဍပေါ်မှာ အန်ကယ်အနေနဲ့ ဘာမှမှတ်ချက်ပေးလိုပါလဲ။

ဖြေ ။ ။ Citizen Journalist လိုခေါ်တဲ့ အရပ်ဘက်မီဒီယာတွေလည်း သိပ်တန်းဖိုးကြီးပါတယ်။ သို့သော်လဲ Citizen Journalism က ဘာဖြစ်လဲဆိုတော့ ကြိုတင်ပြီးတော့ editing တွေ မရှိဘူး။ ကျနော်တို့လို professional media တွေ, media house တွေမှာတော့ မလွှင့်ခင် edit လုပ်ရတယ်။ မှန်လားမမှန်လား အနည်းဆုံး double sources နှစ်ခုလောက်နဲ့ ချင်ချိန်းရတယ်။ တကယ့်မှန်ကန်မှ ထုတ်ခွင့်ရတယ်။ Citizen Journalist ကတော့ လွှင့်ပစ်လိုက်တယ်။ လွှင့်ပြီးမှ မှန်လားမမှန်လား ပြန်စဉ်းစားကွာဆိုပြီး editing ပိုင်းက နောက်မှာလာတယ်ဆိုတော့ သူတို့ဟာက publish first, editing later. ကျနော်တို့လို media house, professional media အဖွဲ့အစည်းတွေကတော့ editing first, ပြီးတော့မှ publish လုပ်တယ်ဆိုတော့ အဲဒါတော့ နည်းနည်းကွာပါတယ်။ ပြည်သူတွေရဲ့ ရင့်ကျတ်မှု ဒီနေရာမှာ အရေးကြီးပါတယ်။ အဲဒါကို အမှန်တရားနဲ့ ချင့်ချိန်းပြီးတော့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို ချင့်ချိန်းပြီးတော့ ယုံရမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်ရှင့်။ အခုဖြစ်နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ CRPH လို့ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဘက်လဲ အတော်လေး ပြောလာသလို၊ အာဏာသိမ်းစစ်တပ်ဘက်ကလဲ အတော်လေး ပြောလာပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားတွေရဲ့ အားပေးထောက်ခံမှု၊ တိုင်းရင်းသားတွေရဲ့ သဘောထားအပေါ် အန်ကယ် ဘယ်လိုမြင်ထားပါလဲရှင့်။

ဖြေ ။ ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါလဲဆိုတာကို နှစ်ဘက်စလုံးက ပိုပြီးသဘောပေါက်နေကြလို့ နှစ်ဘက်စလုံးက အပြိုင်အဆိုင် ဆွယ်နေကြတယ်။ အပြိုင်အဆိုင် ပြောနေကြတယ်လို့ ယူဆပါတယ်။ ဘယ်ဘက်ကပြောတာ genuine ဖြစ်သလဲ။ တကယ့် political will က လှိုက်လှိုက်လဲှလှဲ ဖြစ်သလဲဆိုတာကိုတော့ တိုင်းရင်းသားတွေက ချင့်ချိန်းကြပါလိမ့်မယ်။ ရှင်းရှင်းပြောရရင်တော့ ဘယ်တိုင်းရင်းသားမဆို စစ်အာဏာရှင်နဲ့ စေ့စပ်ညှိနှိုင်းမလား။ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အင်အားစုနဲ့ ညှိနှိုင်းဆောင်ရွက်မလားဆိုရင် လူတိုင်းဟာ ဒီမိုကရေစီအင်အားစုနဲ့ပဲ ညှိနှိုင်းဆောင်ရွက်ချင်မှာ ဖြစ်ပါတယ်။ သို့သော်လဲ တခြားနည်းမရှိရင်တော့ ဒီဟာသည်သာလျှင် တစ်ခုတည်း ရွေးချယ်စရာ ဖြစ်နေရင် အဲဒီဘက်ကို ပါသွားမှာ ဖြစ်ပါတယ်။ အခုအခါမှာ CRPH ကလည်း တိုင်းရင်းသားတွေပေါ်မှာ နားလည်မှုကို ပိုပြီးတော့ ပြသလာတယ်လို့ ယူဆပါတယ်။ လက်တွေ့ပြသနိုင်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာတော့ သူတို့ ပြသနိုင်တဲ့ အခြေအနေ မရှိဘူး။ သူတို့လက်ထဲမှာ အာဏာမရှိဘူး။ စစ်တပ်ကတော့ သူတို့လက်ထဲမှာ အာဏာရှိနေတယ်ဆိုတော့ တိုင်းရင်းသားတွေအနေနဲ့ ဒါကိုချင့်ချိန်းစဉ်းစားနေကြတယ်။ အချိန်ယူကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့လိုချင်တဲ့ တိုင်းရင်းသားအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လက်တွဲအကောင်အထည် ဘယ်သူဖော်နိုင်မလဲဆိုတာကို သုံးသပ်စောင့်ကြည့်ကြမယ်လို့ပဲ ယူဆပါတယ်။