နိုင်ငံရေး ဗဟုသုတစစ်တမ်း

Asia Foundation's Myanmar Public Opinion Survey

ပြောင်းလဲနေတဲ့ မြန်မာပြည်အကြောင်း နိုင်ငံသူနိုင်ငံသားတွေ ဘယ်လောက် နားလည်သဘောပေါက်တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် Asian Foundation အဖွဲ့က စုံစမ်းပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာမျက်နှာတရာကျော်စစ်တမ်းကို ထုတ်ဝေထားပါ တယ်။ မေလ က ဇွန်လအထိ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ လူပေါင်း ၃,၀၀၀ ကျော်ကို စိတ်ရှည်လက်ရှည် တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်သူလူထုဟာ စိတ်ထဲရှိတာကို ပြောရဲပေမယ့် အစိုးရသက်တမ်းနုပြီး ပြည်သူ့သဘောထား ကောက်ယူတဲ့ အစဉ်အလာ မရှိခဲ့တာမို့ အများစုဟာ နိုင်ငံရေးဗဟုသုတ နည်းပါးကြတယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ ဒီမိုကရေစီ လိုလားကြောင်းပြောဆိုပြီး မဲဆန္ဒပေးတဲ့အတွက် ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ တည်ဆောက်ရာမှာ လိုအပ်တဲ့ ကျင့်စဉ်နဲ့ မူဝါဒကို သိရှိနားလည်တဲ့နေရာမှာ အားနည်းနေတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီရှိရင် လွတ်လပ်မယ်လို့ ထင်ပေမယ့် ပြည်သူ့ကိုယ်စားလှယ်က တဆင့် အုပ်ချုပ်တဲ့စနစ်ဆိုတာကိုတော့ သဘောပေါက်သူ နည်းနေပါ တယ်။ ပြုပြင်ရေးကြောင့် ပြောင်းလဲလာတာကို ကြိုဆိုပေမယ့် လက်နက် ကိုင်ပဋိပက္ခ၊ အဂတိလိုက်စားမှု၊ စားဝတ်နေရေး ကျပ်တည်းမှု၊ လူမျိုးရေး အဓိကရုဏ်း စတာတွေကို အနုတ်လက္ခဏာအဖြစ် မြင်ကြပါတယ်။

ကိုယ်ထူကိုယ်ထ ကြိုးစားမှ မိမိဘဝ တိုးတက်မယ်လို့ ပြည်သူတွေ ယုံကြည်ကြပေမယ့် တရားမျှတစွာ သာတူညီမျှ အခွင့်အရေး ခံစားနိုင်အောင် အစိုးရက အာမခံပေးရမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ပတ်သက်တဲ့ ဗဟုသုတကတော့ အလွန်နည်းပါတယ်။ သမ္မတကို နိုင်ငံတော်အကြီးအကဲအဖြစ် နားလည်သူ ၉၀% ရှိပေမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး စတဲ့ အစိုးရဌာနတွေကို မသိနားမလည်သူက ၈၀% ကျော်ရှိနေပါတယ်။ သမ္မတကို ပြည်ထောင်စု လွှတ်တော်က ရွေးကောက်တင်မြှောက်တာကိုမသိဘဲ မဲဆန္ဒ ရှင် ပြည်သူလူထုက တင်မြောက်တယ်လို့ ယုံကြည်သူက တဝက်လောက် ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုတာကို သိသူက ၁၅% သာ ရှိပြီး မသိသူက အများစု ဖြစ်ပါတယ်။ မေးမြန်းခံရသူ ၅၀% ဟာ လွှတ်တော် ကို မသိသူတွေ ဖြစ်ပါတယ်။

ဒီထက်ပိုဆိုးတာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၅% ဟာ စစ်တပ်ကိုယ်စားလှယ်တွေ ဖြစ်တယ်ဆိုတာကို မသိသူတွေ အတော်များနေ တာပဲ ဖြစ်ပါတယ်။ မေးမြန်းခံရသူ ၃,၀၀၀မှာ စစ်တပ်ကိုယ်စားလှယ် ရှိတာကို သိသူက ၄၅၀ ပဲ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ရှိတာကိုလည်း တဝက်လောက်က မသိကြပါဘူး။ တိုင်းနဲ့ပြည်နယ်လွှတ်တော်က ဒေသကိုယ်စားလှယ်ရဲ့ အမည်ကိုသိသူက ၄% ပဲ ရှိပါတယ်။ အများစုဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အမည်ကိုပဲ သိကြပါတယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ တာဝန်ကိုသိသူ ၃၀% ကျော်သာ ရှိပါတယ်။ ဗဟိုအစိုးရ၊ တိုင်းနဲ့ ပြည်နယ်အစိုးရ နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေရဲ့ လုပ်ရပ်ဟာ ပြည်သူ့ဘဝကို အကျိုးသက်ရောက်စေတယ် ဆိုတာကို နားလည်သူဦးရေ နည်းပါးနေပါ တယ်။

အနှစ် ၅၀ စစ်တပ်က ဖိနှိပ်ထားတဲ့ လူ့အဖွဲ့အစည်းဖြစ်တာမို့ မဲဆန္ဒပေးဖို့ စိတ်ဝင်စားကြပေမယ့် နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ဆိုပါ တယ်။ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ဆွေးနွေးမှုကို အန္တရာယ်အဖြစ် မြင်ခဲ့တဲ့ အကျင့်ဓလေ့ကို ဖျောက်ဖျက်နိုင်ဖို့ ခက်ခဲနေကြပုံရပါတယ်။ လူဦးရေ ၃,၀၀၀ မှာ နိုင်ငံရေးစိတ်ဝင်စားသူက ၁၅၀ ပဲ ရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်း နဲ့ နိုင်ငံရေးဆွေးနွေးသူက ၉၀ သာ ရှိပါတယ်။ အမျိုးသမီးထဲမှာ နိုင်ငံရေး စိတ်ဝင်စားသူ အနည်းဆုံးဖြစ်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး စိတ်ဝင်စား ရင် အာဏာပိုင်တွေ ငြိုငြင်မှာစိုးရိမ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ နိုင်ငံရေး စိတ်မဝင် စားဘူးလို့ ပြောသူတွေဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားနေလို့ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၉၅) ရာခိုင်နှုန်း မဲပေးကြပြီး ဒီနှစ်ရွေးကောက်ပွဲ မှာလည်း မဲပေးကြပါလိမ့်မယ်။

စစ်အာဏာရှင်လအာက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ အကျိုးဆက်တခု ကတော့ တဦးနဲ့တဦး အယုံအကြည် ကင်းမဲ့ကြတာ ဖြစ်ပါတယ်။ လူတွေကို မယုံရဘူးလို့ ယူဆသူ ၈၀% ရှိပါတယ်။ အစိုးရဌာနတွေထဲမှာတော့ တရားရုံးနဲ့ စစ်တပ်ကို ယုံကြည်သူ ဦးရေနည်းပါးပြီး သမ္မတရုံးကို ယုံကြည်သူက ပိုများနေတာ တွေ့ရပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်နိုင်ဖွယ် ရှိတယ်လို့ မေးမြန်းခံရသူ အများစု က မြင်ပါတယ်။ ဒါပေမဲ့ ဖယ်ဒရယ်မူကို ကြားဖူးသူဦးရေ အလွန်နည်းနေ ပါတယ်။

အစိုးရဲ့ပြုပြင်ရေးလုပ်ငန်းကို ထောက်ခံကြပေမယ့် မိသားစု စီးပွားရေး အခြေအနေ ကောင်းမွန်မလာတာကို စိတ်ပျက်နေကြပါတယ်။ အစိုးရ ယန္တရားအဆင့်ဆင့်ရဲ့ တာဝန်ဝတ္တရားတွေကို နားမလည်တဲ့ အတွက် ဒေသပြဿနာကို ဖြေရှင်းဖို့ ဗဟိုအစိုးရမှာ တာဝန်ရှိတယ်လို့ ယူဆကြပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူရွေးကောက် တင်မြှောက် ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်က ပြည်သူ့အတွက် အုပ်ချုပ် တာဖြစ်လို့ ပြည်သူလူထုမှာ နိုင်ငံရေးဗဟုသုတ အနည်းနဲ့အများရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆန္ဒမဲပေးရတာ လွယ်ကူပြီး နိုင်ငံရေးစဉ်းစားရ တာ ခေါင်းရှုပ်စရာ ဖြစ်နေလို့ အဓိက ပြဿနာကို မသိနားမလည်ဘဲ ဆန္ဒမဲပေးဖို့သာ စိတ်ထက်သန်နေတာလည်း ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။