စစ်ဗိုလ် နဲ့ နိုင်ငံရေး

တိုင်းပြည်တည်ဆောက်ရာမှာ စစ်တပ်ပါဝင်တဲ့ကဏ္ဍကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမွမ်းအမံနဲ့ တန်ဆာဆင်ပြီး ဇန်နဝါရီလ (၄) ရက်နေ့က နေပြည်တော်မှာ ပြောသွားပါတယ်။ ဒါပေမဲ့ လူသိများတာက အမျိုးသားလွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေကို ထောက်ခံတယ်၊ ကန့်ကွက်တယ်စသဖြင့် အဖြေမပေးဘဲ မတုန်မလှုပ် ငြိမ်နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်အပြင်ထွက်ခိုင်းရလိမ့်မယ်လို့ ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့် က (၂၀၁၃) မှာ သတိပေးလိုက်တာ ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်ဗိုလ်နဲ့ နိုင်ငံရေး မဆီလျှော်တာကို အမျိုးသားလွှတ်တော်က သက်သေပြလိုက်တာပါ။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးအမိန့်ကိုသာ နာခံပြီး သစ္စာရှိနေတဲ့ စစ်ဗိုလ်ဟာ ဒီ ဗိုလ်ချုပ်မှူးကြီး အလွဲသုံးစားလုပ်တာကို ခံရပါလိမ့်မယ်။ အမိန့်နာခံပြီး စစ်တပ်တတပ်လုံး ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့ စစ်ဗိုလ်တယောက်မှ မရှိတော့ပါဘူး။ စစ်မှုထမ်း တန်းဖိုးထားတဲ့ အမိန့်နာခံမှုဟာ နိုင်ငံရေးမှာ သုံးလို့မရပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးဟာ ဆက်စပ်နေတာ အများကြီးရှိပေမယ့် စစ်ဗိုလ်လူတန်းစားအားလုံး အစိုးရယန္တရားမှာ ပါဝင်စရာ မလိုပါဘူး။ တိုင်းပြည်တည်ဆောက်ရေးဟာ စစ်ဗိုလ်နဲ့ မသင့်တော်တာကို မြန်မာပြည်ကြည့်ရင် သိနိုင်ပါတယ်။

စစ်မှုထမ်း (၁) သန်းကျော်နဲ့ အရန်အင်အား ရှစ်သိန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ အသုံးစရိတ် အများဆုံးနဲ့ အင်အားအကောင်းဆုံးဟာ အမေရိကန်စစ်တပ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးစနစ်မှာ သမ္မတဟာ စစ်တပ်ရဲ့ အကြီးအကဲဖြစ်ပြီး သမ္မတကခန့်တဲ့ ကာကွယ်ရေးဝန်ကြီးဟာ ဒုတိယအကြီးအကဲ ဖြစ်ပါတယ်။ သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီး စစ်ရေးမှုရေးရာကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့အတွက် ပူးတွဲစစ်ဦးစီးချုပ် (၇) ဦး ပါဝင်တဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ ရှိပါတယ်။ ပူးတွဲစစ်ဦးချုပ်ရုံးရဲ့ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌဟာ အမျိုးသားလုံခြုံရေးအဖွဲ့ကို ဦးဆောင်တာမို့ စစ်ခေါင်းဆောင်ပိုင်းဟာ နိုင်ငံရေးနဲ့ အမြဲတမ်း ထိတွေ့နေပါတယ်။ လက်နက်ကိုင်အဖွဲ့ဟာ နိုင်ငံတည်ထောင်ကတည်းက အဓိက အခန်းက ပါဝင်ပေမယ့် ဒီမိုကရေစီကို လေးစားတာမို့ အမေရိကန်မှာ စစ်တပ်က ဦးဆောင်တာမျိုး မပေါ်ထွက်နိုင်ခဲ့ပါဘူး။

အမေရိကန်စစ်တပ်ဟာ နိုင်ငံရေးမှာ သြဇာအရှိန်အဝါ မရှိပေမယ့် စစ်အင်အား အလွန်ကြီးမားတဲ့ စစ်မှုထမ်းတပ် ဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့စနစ် မဟုတ်ပေမယ့် တရားဥပဒေကို လေးစားတာကြောင့် စစ်အာဏာရှင်စနစ် ပေါ်ပေါက်နိုင်ဖို့ အခွင့်အလမ်း မရှိပါဘူး။ စစ်မှုရေးရာမှာ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက် ရယူရမယ့်ကိစ္စတွေ ရှိပါတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုဌာနဟာ စစ်တပ်ကို ထိန်းထားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ မြန်မာပြည်မှာကတော့ တရားဥပဒေက အဓိကမဟုတ်ဘဲ လူပုဂ္ဂိုလ်က အဓိက ဖြစ်နေပါတယ်။ ဥပမာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အဖွဲ့ဟာ အနားယူသွားတာတောင် နိုင်ငံတော်စရိတ်နဲ့ နေပြည်တော်မှာ ရာသက်ပန်စံမြန်းနေတဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေက သူ့ကို ဦးတိုက်နေရပါတယ်။ အာဏာရှင်ဘုရင်စနစ်ရဲ့ လောင်းရိပ်က မထွက်နိုင်သလို ဖြစ်နေပါတယ်။

စစ်တပ်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ အခြေခံဥပဒေပုဒ်မ (၂၀) မှာ ဖော်ပြပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ထားနိုင်တယ်လို့ ပုဒ်မ (၃၄၂) က ဆိုတာမို့ စစ်ရေးကိစ္စမှာ ဒီကောင်စီဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့လို ဖြစ်နေပါတယ်။ တိုင်းပြည်အခြေအနေမကောင်းလို့ အရေးပေါ်ပြဌာန်းရာမှာ ကာကွယ်ရေးဦးစီးချုပ်၊ ဒုဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့နဲ့ သမ္မတညှိနှိုင်းပြီး ထုတ်ပြန်ကြေညာနိုင်တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဟာ ကာချုပ်က ခန့်ထားတဲ့ စစ်ဗိုလ်တွေဖြစ်တာမို့ ပြည်သူ့ကိုယ်စားလှယ်ကို ဂရုမစိုက်တဲ့စနစ် ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့ရာမှာ နိုင်ငံတော်လုံခြုံရေးဟာ အကြောင်းပြလို့ အကောင်းဆုံးကိစ္စ ဖြစ်ပါတယ်။ လုံခြုံရေးအန္တရာယ်ကို ပြနိုင်လေလေ စစ်တပ်အသုံးစရိတ်တောင်းလို့ ကောင်းလေလေပါ။ ဒီနည်းနဲ့ တိုင်းပြည်ရဲ့ ဓနအင်အားကို လက်ဝါးကြီးအုပ်နိုင်တဲ့အတွက် သူဌေးစစ်ဗိုလ်၊ ဒေါ်လာဗိုလ်ချုပ်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အစိုးရရဲ့ လက်အောက်မှာ စစ်တပ်ကိုထားတာဟာ ယနေ့ကမ္ဘာမှာ လက်ခံထားတဲ့ ပုံမှန်စနစ် ဖြစ်ပါတယ်။ နိုင်ငံရေးတည်ဆောက်ရေးက စစ်ဗိုလ်လုပ်တဲ့အလုပ် မဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

လုံခြုံရေးအခြေအနေ တင်ပြပြီး အစိုးရကို အကြံပေးဖို့နဲ့ အစိုးရခိုင်းတာကို လုပ်ဖို့ဟာ စစ်ဗိုလ်ရဲ့ တာဝန်ဖြစ်ပါတယ်။ ကာချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ သူမသိတဲ့ နိုင်ငံရေးအကျိုးဆက်တွေ ရှိနိုင်ပါတယ်။ စစ်ရေးမဟာဗျူဟာ နဲ့ နိုင်ငံရေးမူဝါဒ ရောထွေးသွားလို့ စစ်ခေါင်းဆောင်တွေ ဉာဏ်မမီတဲ့ သာဓကတွေ ရှိပါတယ်။ ဥပမာ ၁၉၅၀ ပြည့်လွန်အစောပိုင်း ကိုရီးယားစစ်ပွဲအတွင်းမှာ အစိုးရမူဝါဒနဲ့ ထိပ်တိုက်တွေ့လာတဲ့ နာမည်ကျော် ဗိုလ်ချုပ်ကြီး Douglas MacArthur ကို အမေရိကန်သမ္မတ Harry Truman က ရာထူးက ဖယ်ရှားလိုက်ရတဲ့ ဖြစ်ရပ်ဟာ စစ်ဗိုလ်နဲ့ နိုင်ငံရေးကို ခွဲခြားရာမှာ အထင်ရှားဆုံးဥပမာ ဖြစ်ပါတယ်။