အမေရိကန် နှင့် မြန်မာ့အရေး

Derek Chollet, counselor of the U.S. Dept. of State, with Kin Moy, principal deputy asst. secretary for the Bureau of East Asian and Pacific Affairs, and Craig Hart, U.S. deputy asst. administrator for East Asia and the Pacific at the embassy in Jakarta on Oct. 21, 2021.

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လက်ရှိဘဏ္ဍာနှစ်အတါက် ကွန်ဂရက်လွှတ်တော်မှာ ပြဌာန်းတဲ့ အမျိုးသားကာကွယ်ရေး အက်ဥပဒေ NDAA – National Defense Authorization Act for 2022 ဟာ စာမျက်နှာ (၉၁၀) ရှိပြီး ပုဒ်မပေါင်း (၆၆၁၀) ရှိပါတယ်။ ဒီအထဲမှာ ပုဒ်မ (၆၅၁၀) ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ဆိုင်ပါတယ်။ NUG အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံပြီး၊ တရားဝင်အောင် လုပ်ဆောင်ရေး၊ CDM အာဏာဇီဆန်ရေး လှုပ်ရှားမှုနဲ့ အခြားဒီမိုကရေစီ အစုအဖွဲ့များကို ကူညီရေး၊ စစ်ကောင်စီ အထောက်အပံ့ မရရေးနဲ့ တရားမဝင်ရေးအတွက် ဆောင်ရွက်ရန် အတိအလင်း ဖော်ပြပါတယ်။ ဒဏ်ခတ်အရေးယူမှုကိုလည်း ဖော်ပြထားပါတယ်။။

စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ဖို့ ကိစ္စလည်း ပါဝင်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာသန်း (၇၇၀,၀၀၀) ထဲမှာ မြန်မာ့ဒီမိုကရေစီရေးအတွက်သုံးမယ့် စရိတ်လည်း ပါဝင်ပါတယ်။ မြန်မာအရပ်သားအစိုးရလက်ထက်က New York Federal Reserve ဘဏ်မှာ အပ်နံှထားတဲ့ ဒေါ်လာသန်း (၁၀၀၀) ကိုလည်း အမေရိကန်အစိုးရက ချုပ်ကိုင်လိုက်ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းကိုလည်း ဒဏ်ခတ်အရေးယူပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က တာဝန်ရှိသူ မြန်မာအရာထမ်း (၇) ဦးကို ဒဏ်ခတ်အရေးယူတာဟာ NDAA ဥပဒေကို ဆက်လက် အကောင်အထည်ဖော်တဲ့ သဘောပါ။

ဒဏ်ခတ်အရေးယူတဲ့ ရည်ရွယ်ချက်ဟာ စစ်ကောင်စီဝင်ငွေ နည်းပါးသွားဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းမှာ လူရာမဝင်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်အရေးယူလို့ စစ်အုပ်စု ပြောင်းလဲမှာ မဟုတ်ပါဘူး။ မြန်မာ့ဒီမိုကရေစီ မြှင်တင်ရေးလို့ ရေးထားတဲ့ အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ပုဒ်မ (၆၅၁၀) ရဲ့ အထင်ရှားဆုံး အားနည်းချက်ကတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်မှုရေးရာ ထောက်ပံ့ဖို့ မဖော်ပြတာပါပဲ။ ဒါပေမဲ့ စစ်မှုရေးရာနဲ့ မဆိုင်တဲ့ လူမှုစီးပွားရေး အကူအညီတွေပေးပြီး မြန်မာ့ဒီမိုကရေစီအရေးကို မြှင့်တင်နိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး USIP အမေရိကန်ငြိမ်းချမ်းရေးသုတေသနဌာနက ကျွမ်းကျင်သူ (၉) ဦးပါဝင်တဲ့ မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆွေးနွေးကြပါတယ်။

မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ သုံးသပ်ချက်တွေကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့က USIP က ထုတ်ပြန်ပါတယ်။ အရပ်သားအသင်းအဖွဲ့၊ တိုင်းရင်းသားအုပ်စုနဲ့ NLD အကြား ယုံကြည်မှု မခိုင်မာသေးလို့ စစ်ကောင်စီကို ဆန့်ကျင်ရာမှာ စည်းလုံးညီညွတ်ရေး အပြည့်အဝ မရနိုင်သေးတာလို့ ဆိုပါတယ်။ နိုင်ငံတကာတုံ့ပြန်မှုဟာလည်း ထိရောက်မှု မရှိဘူးလို့ သုံးသပ်ပါတယ်။ တရုတ်ကို မှီခိုလာရပေမယ့် တရုတ်ရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းနိုင်စွမ်း စစ်ကောင်စီမှာ မရှိဘူးလို့ ဆိုပါတယ်။ အမေရိကန်အနေနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေကို တင်ပြထားပါတယ်။ စစ်အာဏာရှင် ဆန့််ကျင်ရေးဆိုတဲ့ ဘုံလမ်းစဉ်ကို တပြည်လုံး ကျင့်သုံးပေမယ့် စစ်ကောင်စီကို အောင်နိုင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် စည်းလုံးရေးအင်အားကောင်းဖို့ လိုပါတယ်။ ဒီနေရာမှာ အမေရိကန်က ဝင်ရောက်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို သက်ဆိုးရှည်စေတဲ့ ရင်းမြစ်အမျိုးမျိုးကို ကန့်သတ်ချုပ်ချယ်ပြီး နိုင်ငံတကာက ဖိအားပေးတဲ့နေရာမှာလည်း အမေရိကန် ပါဝင်နိုင်ပါတယ်။ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ၊ အရာရှိကြီးတွေ၊ လုပ်ငန်းတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူထားပေမယ့် ထိရောက်မှု ရှိမရှိ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကိုတော့ မြန်မာ့အရေးမှာ ပိုမိုတက်ကြွလာအောင်လည်း အမေရိကန်က ကြံဆောင်နိုင်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ သံသယကင်းဖို့အတွက် တရုတ်အစိုးရနဲ့ ဆွေးနွေးတဲ့လမ်းကြောင်း ဖွင့်ထားရမယ်လို့ ဆိုပါတယ်။ အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေပုဒ်မ (၆၅၁၁) မှာ တရုတ်ရေးရာ အမေရိကန်မဟာဗျူဟာကို ဖော်ပြထားပါတယ်။ မြန်မာ့အရေးမှာ အမေရိကန်နဲ့ တရုတ် ကုလသမဂ္ဂမှာ နားလည်မှု ယူဖူးတဲ့ သာဓကလည်း ရှိပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့လည်း USIP လေ့လာရေးအဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ ပြည်တွင်းစစ် ဖြစ်နိုင်ချိန်မှာ ကူညီရတာ မလွယ်ကူပေမယ့် ဒေသခံ အရပ်သားအသင်းအဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့ခွဲ စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့လည်း ဒုက္ခသည်ကို ကူညီနိုင်ပါတယ်။ ဒေသဆိုင်ရာ အရပ်သားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကျယ်ပြန့်လာအောင် ကြိုးပမ်းဖို့လည်း အကြံပေးထားပါတယ်။ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တည်ဆောက်မယ့် အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု မဖြစ်ပွားအောင် စီစဉ်နိုင်ဖို့အတွက် အမေရိကန်အစိုးရက တော်လှန်ရေးအုပ်စုတွေကို အတတ်ပညာပိုင်းဆိုင်ရာ အကူအညီပေးဖို့ USIP မြန်မာ့ရေးရာလေ့လာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ ခေါင်းဆောင်ကောင်းပေါ်ပေါက်ရေး၊ ပြန်လည်တည်ဆောက်ရေးအတွက် မျိုးဆက်သစ်ထဲမှာ ပညာဉာဏ် ထက်မြက်တဲ့ အမာခံကေဒါ ပေါ်ထွန်းရေးအတွက် အမေရိကန်အစိုးရက ကူညီနိုင်ပါတယ်။ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုကို မှတ်တမ်းတင်ပြီး တရားစီရင်နိုင်ဖို့အတွက်လည်း အမေရိကန်အစိုးရက ကူညီသင့်ကြောင်း USIP လေ့လာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။


== Unicode ==







