ရန်ကုန်လေဆိပ် တိုးချဲ့ရေး ဒေါ်လာသန်း (၃၀၀) တန် ကန်ထရိုက်ရဖို့ လျှောက်ထားတဲ့ ကုမ္ပဏီ (၇) ခု ရှိပါတယ်။ ဒီအထဲက သင့်တော်တဲ့ ကုမ္ပဏီတခုကို ကမ္ဘာ့စံချိန်အတိုင်း ရွေးချယ်နိုင်အောင် အစိုးရက ကျွမ်းကျင်သူတွေကို တာဝန်ပေးပြီး စီစစ်ခိုင်းပါတယ်။ အရည်အသွေးအလိုက် ကုမ္ပဏီ (၇) ခုကို တန်းစီတဲ့အခါမှာ Asia World ကုမ္ပဏီက စတုတ္ထ ရပါတယ်။ ဒါပေမဲ့ သူ့အထက်က နိုင်ငံခြားကုမ္ပဏီကြီး (၃) ခုကိုကျော်ပြီး Asia World ကို ဒေါ်လာသန်း (၃၀၀) တန် လုပ်ငန်းချပေးလိုက်လို့ ကျွမ်းကျင်သူ အကဲဖြတ်တွေ အံ့သြရကြောင်း သြဂုတ်လ (၁၂) ရက်နေ့ထုတ် The Wall Street Journal မှာ ဖော်ပြပါတယ်။
Asia World ဟာ ကွယ်လွန်သူ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား ဦးထွန်မြင့်နိုင်ရဲ့ ကုမ္ပဏီဖြစ်ပြီး အမေရိကန် ဒဏ်ခတ်တာကို ခံနေရဆဲ ဖြစ်ပါတယ်။ Asia world ဟာ ရန်ကုန်လေဆိပ်မှာ ဝန်ဆောင်လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်နေသူဖြစ်လို့ လေဆိပ်တိုးချဲ့ဖို့ ကန်ထရိုက် ပေးရတာလို့ ဆိုပါတယ်။ ဒီလိုဆိုရင် လျှောက်လွှာခေါ်ပြီး ကျွမ်းကျင်သူ ငှားတာဟာ အယောင်ဆောင်ဟန်ပြပြီး လိမ်လည်လှည့်ဖြားတဲ့သဘော ဖြစ်နေပါတယ်။ ဒါကိုကြည့်ရင် စစ်အစိုးရခေတ်မှာ ကြီးပွားချမ်းသာလာကြတဲ့ ခရိုနီသူဌေးတွေဟာ အရပ်သားအစိုးရလက်ထက်မှာလည်း အရင်လိုပဲ အခွင့်ထူးခံစားနိုင်သလို ဖြစ်နေပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကတော့ ခရိုနီသူဌေးရှိဖို့ အလွန်လိုအပ်ကြောင်း ဗွီအိုအေနဲ့ တွေ့ဆုံစဉ်က ပြောသွားပါတယ်။ ဟုတ်ပါတယ်။ ခရိုနီတွေနဲ့ “ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ” အပြန်အလှန် မှီခိုနေသူတွေအဖို့ကတော့ ခရိုနီဟာ အရေးကြီးပါတယ်။ တကယ်တော့ နေပြည်တော်ဆိုတာဟာ အခွင့်ထူးခံစားရတဲ့ ခရိုနီတွေနဲ့ တရုတ်က တည်ထောက်ထားတဲ့မြို့ ဖြစ်ပါတယ်။ စစ်အစိုးရ နိဂုံးချုပ်ခါနီးမှာ ပုဂ္ဂလိကပိုင်လုပ်တော့ နိုင်ငံပိုင်လုပ်ငန်းအတော်များများ ခရိုနီလက်ထဲ ရောက်သွားပါတယ်။ ခရိုနီတွေနဲ့ ဗိုလ်ချုပ်တွေ ဝေစားမျှစား လုပ်ကြပါတယ်။ ဗိုလ်ချုပ်မိသားစု အကျိုးစီးပွားကို ခရိုနီက မြှင့်တင်ပေးလို့ စစ်ခေါင်းဆောင်ပိုင်းတွေဟာ ကုဋေကြွယ်သူဌေးတွေ ဖြစ်ကုန်ပါတယ်။ မြန်မာပြည်မှာ အခွန်အများဆုံးပေးသူတွေဟာ ခရိုနီသူဌေးဖြစ်တဲ့အတွက် အချမ်းသာဆုံး လူတစု ဖြစ်လာပါတယ်။
စစ်အစိုးရခေတ် စီးပွားရေးစနစ်ဆိုတာ ခရိုနီတွေနဲ့ အာဏာပိုင်အသိုင်းအဝိုင်း အပေးအယူလုပ်ပြီး စီမံချက် အကောင်အထည်ဖော်တဲ့နည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ခိုင်းတာကို လုပ်ပေးနိုင်တဲ့ ခရိုနီတွေဟာ အခွင့်ထူးခံစားရတဲ့အတွက် နေချင်းညချင်း ကြီးပွားချမ်းသာလာကြပါတယ်။ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ကုန်သွယ်ရေး၊ သယံဇာတ၊ သစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ အဖျော်ယမကာ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း စတာတွေမှာ ခရိုနီသူဌေးတွေ နေရာယူပြီး ချမ်းသာလာပေမယ့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာ့လူမှု စီးပွားရေးလောကရဲ့အထာကို သိနေတာဟာ ခရိုနီတွေရဲ့ အားသာချက် ဖြစ်တယ်လို့ တချို့က မြင်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ခရိုနီတွေကို အသုံးချဖို့ ဆွေးနွေးလာကြပါတယ်။
ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တရားမျှတစွာ ပြိုင်ဆိုင်ရေးစနစ် အကောင်အထည်ဖော်ရာမှာ ခရိုနီအရင်းရှင်တွေကို ဝိုင်းပယ်ထားတာမျိုး မလုပ်သင့်ဘူးလို့ သုတေသီ Stuart Larkin က ဇူလိုင် (၂၂) ရက်နေ့ထုတ် Myanmar Tycoons စာတမ်းမှာ ဖော်ပြထားပါတယ်။ ပြုပြင်ရေးမှာ ပါဝင်ပြီး စားသုံးသူတွေကို အဓိကထားတဲ့ တာဝန်သိ ခရိုနီတွေ ပေါ်ထွက်လာတာရှိသလို အခွင့်ထူးခံ ခရိုနီတွေလည်း ရှိနေပါတယ်။ အခြေခံ အဆောက်အအုံ တည်ဆောက်ရာမှာ ခရိုနီတွေကို သုံးနိုင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်လုပ်တဲ့ စီမံချက်တွေ အကောင်အထည်ဖော်ဖို့ အကြံပေးထားပါတယ်။ ခရိုနီတွေမှာ သဘောထားအမျိုးမျိုး ရှိတာမို့ သင့်တော်တဲ့ ခရိုနီကို အစိုးရက ရွေးရမယ်လို့ ဆိုပါတယ်။ အာရှအခြေခံ အဆောက်အအုံဘဏ် တည်ထောင်တာကို အခွင့်ကောင်းယူပြီး လုပ်ငန်းစနိုင်ကြောင်း Stuart Larkin က သုံးသပ်ပါတယ်။
စစ်အစိုးရနဲ့ အပေးအယူလုပ်တဲ့ ခရိုနီတွေဟာ တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့မှာ လုပ်နိုင်တဲ့အင်အား ရှိပါတယ်။ ဒါကြောင့် ခရိုနီအတော်များများ ပြုပြင်ရေးမှာ ပါဝင်နိုင်ဖို့ ပြင်ဆင်လာကြပါတယ်။ အမြတ်အစွန်းများတဲ့ သယံဇာတနဲ့ ကုန်သွယ်ရေးတင်မကဘဲ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်လုပ်ငန်းမှာ တာဝန်သိစွာ ခရိုနီတွေ ပါဝင်လာနိုင်အောင် အစိုးရက အားပေးသင့်တယ်လို့ စီးပွားရေးပညာရှင် Toshihiro Kudo နဲ့ ဦးအောင်မင်း က အကြံပေးထားပါတယ်။ အခွင့်ထူးမပေးဘဲ ခရိုနီကို အသုံးပြုဖို့ ဖြစ်ပါတယ်။
အစိုးရပေးတဲ့ အခွင့်ထူးကို ခံစားပြီး ကြီးပွားချမ်းသာတဲ့ ခရိုနီက အများစု ဖြစ်ပေမယ့် သာတူညီမျှ ပြိုင်ဆိုင်ပြီး ပုံမှန်စီးပွားရေး လုပ်ချင်သူတွေ ခရိုနီထဲက ပေါ်ထွက်လာနိုင်ပါတယ်။ အရပ်သားအစိုးရခေတ်မှာ အလုပ်သမား အင်အားသုံးတဲ့ ကုန်ထုတ်လုပ်ငန်းကို ခရိုနီတွေ မြှင့်တင်နိုင်ပါတယ်။ လူမှုပရဟိတလုပ်ငန်းမှာတော့ ခရိုနီတွေရဲ့ အလှူငွေဟာ သူတို့ရထားတဲ့ ဥစ္စာဓနနဲ့ ယှဉ်လိုက်ရင် အလွန်နည်းပါးနေပါတယ်။ ခရိုနီတွေဟာ လက်ဝါးကြီးအုပ် အရင်းရှင် ဖြစ်လာမလား (ဒါမှမဟုတ်လဲ) နိုင်ငံကို ဖွံ့ဖြိုးစေမယ့် လုပ်ငန်းရှင်တွေ ဖြစ်လာမလားဆိုတာကိုတော့ အချိန်အတော်ကြာမှ သိနိုင်ပါလိမ့်မယ်။