ရွှေတြိဂံနယ်မြေက မူးယစ်ဆေး သံသရာ

မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံတို့ ဆုံတွေ့တဲ့ ရွှေတြိဂံနယ်မြေရဲ့ မူးယစ်ဆေးထုတ်လုပ်မှုကို နယ်သာလန်နိုင်ငံ အခြေစိုက် TNI-Transnational Institute က စောင့်ကြည့်နေတာ ကြာပါပြီ။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မူးယစ်ဆေး ထုတ်လုပ်မှုကျဆင်းပုံကို ကွင်းဆင်းလေ့လာတဲ့ အစီရင်ခံစာ (၂၀၀၉) မှာ ထုတ်ဝေပါတယ်။ နောက်တော့ (၂၀၀၇) ကစပြီး ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေး အထွက်နှုန်း (၂) ဆ တိုးလာပုံကို ဖော်ပြတဲ့ Bouncing Back ဆိုတဲ့ အစီရင်ခံစာကို လွန်ခဲ့တဲ့လက ထုတ်ဝေလိုက်ပြန်ပါတယ်။ မူးယစ်ဆေး ပပျောက်ဖို့ အစိုးရက ကြိုးပမ်းနေတုန်းမှာ မူးယစ်ဆေးအထွက်တိုးနေပုံကို ဖော်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

(၂၀၀၉) က (၂၀၁၃) အထိ ဒေသခံသုတေသီတွေ ကွင်းဆင်းလေ့လာထားတာကို အခြေခံပြီး အစီရင်ခံစာ ရေးသားတာ ဖြစ်ပါတယ်။ ရွှေတြိဂံနယ်မြေနဲ့ တရုတ်၊ အိန္ဒိယက မူးယစ်ဆေးလုပ်ငန်းတွေ ဆက်သွယ်နေပုံကိုလည်း ဖော်ပြထားပါတယ်။ မူးယစ်ဆေး အထွက်နှုန်းတိုးတာဟာ တနိုင်ငံတည်း ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ပါဘူး။ မူးယစ်ဆေး နှိမ်းနင်းရေး စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ကြားက မူးယစ်ဆေးထုတ်လုပ်မှုနဲ့ စားသုံးမှု တိုးပွားလာတာဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့လမ်းစဉ် ချမှတ်ရာမှာ အရပ်သားအဖွဲ့တွေ ပါဝင်ဖို့ လိုတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးတဲ့နယ်မြေ ဧကတသိန်းခွဲနီးပါးရှိပြီး လာအိုနိုင်ငံမှာ ဧက (၁) သောင်းလောက် ရှိပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဧက (၅၀၀) ဝန်းကျင်လောက်သာ ဘိန်းစိုက်ပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှာလည်း ဘိန်းခင်းတွေ တိုးပွားနေပါတယ်။ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသမှာ ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်လိုက်တာကြောင့် အခြားနေရာဒေသမှာ ဘိန်းခင်းတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ ပြည်နယ်တွေမှာ မြေယာသိမ်းပိုက်မှုတွေ များပြားလာလို့ လယ်ယာမဲ့ဖြစ်သွားတဲ့ တိုင်းရင်းသားတွေဟာ ဝေးလံတဲ့ဒေသတွေမှာ ဘိန်းစိုက်ပြီး ဘဝရပ်တည်ကြပါတယ်။ စိုက်ပျိုးမြေမှာ လယ်ယာလုပ်ခွင့်ရသူကသာ သီးနှံစိုက်ပျိုးနိုင်ကြပြီး မြေယာမရှိသူဟာ ဘိန်းစိုက်ပျိုးကြတာများတယ်လို့ ဆိုပါတယ်။ ဘိန်းဈေးနှုန်းဟာ လွန်ခဲ့တဲ့ (၁၀) နှစ်ကထက် လေးဆလောက် တိုးပွားလာတယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဘိန်းခင်းဧက (၁) သိန်းခွဲလောက် ရှိတာကြောင့် ဘိန်းတန်ချိန် ရှစ်ရာကျော်ထွက်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံးရဲ့ အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုမှာ အာဖဂါနစ္စတန်က ပထမဖြစ်ပြီး၊ မြန်မာက ဒုတိယ ဖြစ်ပါတယ်။ ဘိန်းထုတ်လုပ်မှုကို ခန့်မှန်းရာမှာ ကုလသမဂ္ဂ နဲ့ မြန်မာအစိုးရ ပူးပေါင်းထုတ်လုပ်တဲ့ စာရင်းဇယားကို အားကိုးကြတာများပါတယ်။ အမေရိကန်အစိုးရကလည်း (၂၀၀၄) အထိ ဘိန်းထုတ်လုပ်မှုစစ်တမ်း ထုတ်ဝေခဲ့ပြီး အခုတော့ ကုလသမဂ္ဂနဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။ တရုတ်ကလည်း ဂြိုလ်တုက ရိုက်ကူးတဲ့ ဓါတ်ပုံတွေသုံးပြီး ဘိန်းထုတ်လုပ်မှုကို လေ့လာနေပေမယ့် အစီရင်ခံစာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဘိန်းအထွက်နှုန်း တိုးလာရင် တိုင်းရင်းသားလက်နက်ကိုင်တွေကို တရားခံအဖြစ် လက်ညှိုးထိုးလေ့ ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်းပဋိပက္ခမှာ ပါဝင်နေသူအားလုံးဟာ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြပါတယ်။ အစိုးရကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေ၊ ဘိန်းလုပ်ငန်းမှာ ခြေသွက်တယ်လို့ ဆိုပါတယ်။ ဒီပြည်သူ့စစ်ခေါင်းဆောင်အချို့ဟာ ကြံ့ဖွံ့ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်တွေတောင် ဖြစ်နေကြပါတယ်။ ဒါကြောင့် မူးယစ်ဆေးက ငွေမဲတွေ နိုင်ငံရေးရန်ပုံငွေ ဖြစ်လာမယ့် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးလုပ်ငန်းမှာ အဂတိလိုက်စားမှုတွေများတာမို့ ဘက်စုံအရေးယူနိုင်မယ့်လမ်းစဉ်ကို ကျင့်သုံးဖို့လိုကြောင်း အကြံပေးထားပါတယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးပြည်သူစစ်က ဘိန်းဘုရင်လော်စစ်ဟန်နဲ့ ခွန်ဆာပေါ်ထွက်လာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ် အသွင်ပြောင်းတာဟာ မူးယစ်ဆေးရဲ့ အကျိုးဆက်တခုဖြစ်ပါတယ်။

မူးယစ်ဆေး ကင်းရှင်းရေးကို ဦးသိန်းစိန်အစိုးရ ကြွေးကြော်နေပေမယ့် ပြည်သူ့စစ်နဲ့ အစိုးရတပ်တွေဟာ ဘိန်းလုပ်ငန်းမှာ ငွေရှာနေကြတုန်း ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ ကွတ်ခိုင်၊ တန်ယန်း နဲ့ သိမ်းဂီမြို့နယ်တွေက ပြည်သူ့စစ်အဖွဲ့တွေဟာ ဘိန်းလုပ်ငန်းမှာ အကြီးအကျယ် ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီဒေသတွေမှာ အစိုးရတပ်တွေလည်း ရှိပါတယ်။ နမ့်ခမ်းမြို့နယ်က လီစူးတရုတ် ဦးကျော်မြင့်ခေါင်းဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်ဒေသမှာ ဘိန်းခင်းအများဆုံး ရှိပါတယ်။ မူးယစ်ဆေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုးကန့်တရုတ် ဘိုင်ဆုံချိန်၊ လူဂိုရှိ၊ ဦးဟော်၊ ကွတ်ခိုင်ဦးခွန်မြတ်၊ ဦးမြင့်လွင် နဲ့ မူဆယ် ဦးကင်းမိုင်းတို့ လွှတ်တော်အမတ်ဖြစ်လာပုံကို ရှမ်းမူးယစ်ဆေးဝါး အစီရင်ခံစာမှာ (၂၀၁၀) ကတည်းက ဖော်ပြထားပါတယ်။ ပြည်သူ့စစ်အဖွဲ့ကို (၂၀၀၈) အခြေခံဥပဒေမှာ အသိအမှတ် ပြုထားပါတယ်။

(၂၀၀၇) ကစပြီး ဒီနေ့အထိ မူးယစ်ဆေး ထုတ်လုပ်မှု တိုးပွားလာပုံကို ပြည်ထဲရေးဌာန ဒု-ဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက လွန်ခဲ့တဲ့လက ပြည်သူ့လွှတ်တော်မှာ ရှင်းပြသွားပါတယ်။ ကွတ်ခိုင်ဦးခွန်မြတ်ကတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးမရမချင်း မူးယစ်ဆေးထုတ်လုပ်မှု ပပျောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မူးယစ်ဆေးထုတ်လုပ်မှု ကျဆင်းအောင် စီမံချက်ချပြီး လုပ်ဆောင်နေတုန်း မူးယစ်ဆေးထုတ်လုပ်မှု တိုးပွားလာတာဟာ ညံ့ဖျင်းချက်နဲ့ အားနည်းချက်တွေ ရှိနေတာကို ပြတာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက မှတ်ချက်ချကြောင်း သိရှိရပါတယ်။