Your browser doesn’t support HTML5
မြန်မာပြည်မှာ အကောင်အထည်ဖော်မယ့် ပိုးခါးပတ်လမ်းသစ်အကြောင်း နယ်သာလန်အခြေစိုက် TNI (ခေါ်) Transnational Institute က တရုတ်ဘာသာ အထောက်အထားတွေကို အခြေခံပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလက သုံးသပ်ထားပါတယ်။ တရုတ်-မြန်မာ လျှပ်စစ်ဓါတ်အားလိုင်း၊ အမြန်ရထားလမ်း၊ ရေကြောင်း-ကုန်ကြောင်း သယ်ယူပို့ဆောင်ရေး၊ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန် စတဲ့ နယ်ပယ် (၄) ခုမှာ အကောင်အထည်ဖော်ဖို့ နိုင်ငံပိုင်တရုတ်ကုမ္ပဏီကြီးတွေနဲ့ ယူနန်ပြည်နယ်အစိုးရတို့ ကြိုပမ်းပုံကို ဖော်ပြထားပါတယ်။
မြစ်ဆုံဆည် စတင်တည်ဆောက်ချိန်က မြန်မာ့ရေအားလျှပ်စစ်ကို တရုတ်ပြည် တင်ပို့ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတော့ တရုတ်ပြည်မှာ လျှပ်စစ်ဓါတ်အားတွေ ပိုလျှံနေလို့ မြန်မာက ဝယ်ယူသုံးစွဲရမယ့် အခြေအနေ ရောက်လာပါတယ်။ တရုတ်ပြည်မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပိုလျှံနေပြီး ယူနန်နဲ့ ဆုချွမ်ပြည်နယ်တွေမှာ အများဆုံး ပိုလျှံနေပါတယ်။ ဗိယက်နမ်နဲ့ လာအိုနိုင်ငံတွေဟာ ယူနန်ပြည်နယ်က လျှပ်စစ်ဓါတ်အား ဝယ်ယူနေပါတယ်။ မြန်မာကလည်း တရုတ်တောင်ပိုင်း လျှပ်စစ်ဓါတ်အားလိုင်း CSGChina Southern Power Grid ကနေ မဂ္ဂါဝပ် (၁၀၀၀) ဝယ်ယူဖို့ သဘောတူထားကြောင်း သိရပါတယ်။
မြန်မာပြည်မြောက်ပိုင်းက နယ်စပ်မြို့အချို့ကို CSG ကုမ္ပဏီက လျှပ်စစ်ဓါတ်အားပေးနေတာ ကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းအထိ လျှပ်စစ်ဓါတ်အား ပို့ပေးနိုင်ဖို့အတွက် ကီလိုဗို့ (၅၀၀) သယ်ဆောင်နိုင်တဲ့ လျှပ်စစ်ကြိုးလိုင်းတွေကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံပိုင် CSG ကုမ္ပဏီဟာ ထင်ရှားပါတယ်။ အမှုထမ်း (၃) သိန်းနီးပါးရှိပြီး နှစ်စဉ်ဒေါ်လာသန်း (၈) သောင်း ဝင်ငွေရှိတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ CSG ရဲ့ ဝင်ငွေဟာ မြန်မာပြည်ရဲ့ ၂၀၁၈ အသားတင်ထုတ်လုပ်မှုထက် ပိုများပါတယ်။ မူဆယ်၊ ဟိုပုံ၊ လွိုင်ကော်နဲ့ ပဲခူးတိုင်းက ဘုရားကြီးအထိ လျှပ်စစ်လိုင်းတွေ တည်ဆောက်မယ့်သဘော ရှိပါတယ်။ မူဆယ်နဲ့ ဗန်းမော်ကို ဖြတ်သန်းတဲ့ လျှပ်စစ်ကြိုးလိုင်းစနစ် (၂) ခု တည်ဆောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အုန်းတော၊ နဘား နဲ့ ဗန်းမော်တို့ကို ချိတ်ဆက်တဲ့ လျှပ်စစ်လိုင်း ဖြစ်ပါတယ်။
ယူနန်လျှပ်စစ်လိုင်းနဲ့ မြန်မာအမျိုးသားလျှပ်စစ်လိုင်း ချိတ်ဆက်သွားရင် ယူနန်ကလျှပ်စစ် ရန်ကုန်အထိ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဒေသတွေကို ဖြတ်ရတဲ့ ကြိုးလိုင်းတွေဖြစ်လို့ အမြဲတမ်းလျှပ်စစ်ဓါတ်အား ရမယ်လို့ မပြောနိုင်ပါဘူး။ ပိုးခါးပတ်လမ်းကြောင်းထဲမှာ ရွှေလီ၊ ကျောက်ဖြူ ရထားလမ်းလည်း ပါဝင်ပါတယ်။ ဒေါ်လာသန်းတစ်သောင်း ကုန်ကျမယ့် စီမံကိန်း ဖြစ်ပါတယ်။ နိုင်ငံပိုင် တရုတ်မီးရထား ကုမ္ပဏီက ဦးဆောင်တည်ဆောက်မယ့် ရထားလမ်း ဖြစ်ပါတယ်။ အမှုထမ်း သုံးသိန်းနဲ့ နိုင်ငံခြားမှာ ရထားလမ်းတွေ တည်ဆောက်နေတဲ့ တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။ စက်တင်ဘာလကတော့ မူဆယ်-မန္တလေး ရထားလမ်း ဆောက်လုပ်ရေးကို လုံခြုံရေးကြောင့် ရပ်ဆိုင်းလိုက်ကြောင်း မြန်မာဘက်က ကြေညာပါတယ်။ ရွှေလီ-ကျောက်ဖြူ ရထားလမ်းဟာ စီးပွားရေး တွက်ချေမကိုက်ဘူးလို့ မြင်ကြပါတယ်။
ယူနန်က ကုန်ပစ္စည်းတွေ ဗန်းမော်ကို သယ်ယူပြီး ဧရာဝတီမြစ်ကြောင်းကတဆင့် ရန်ကုန်အထိ ပို့ဆောင်မယ့် အစီအစဉ်ကို “တရုတ်-မြန်မာ ကုန်ကြောင်း၊ ရေကြောင်းလမ်း” လို့ ခေါ်ပါတယ်။ ဒီ စီမံကိန်းကို ယူနန်အစိုးရ စာရွက်စာတမ်းတွေမှာ ဖော်ပြတာများပေမယ့် မြန်မာဘက်က သိပ်စိတ်ဝင်စားပုံ မရဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရက အထူးစီးပွားရေးဇုန်ကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဈေးကွက်စနစ် ကျင့်သုံးကတည်းက တရုတ်ပြည်မှာ တည်ဆောက်ထားတဲ့ အထူးစီးပွားရေးဇုန်ပေါင်း (၂၅၄၃) ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ ဂျပန်အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ သီလဝါဇုန်ကတော့ လုပ်ငန်းစနေပါပြီ။ ထားဝယ်ဇုန်ကတော့ လာမယ်ကြာမယ်ဆိုတဲ့ သဘောပဲ ရှိပါသေးတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံမှာ ကျောက်ဖြူ၊ မြစ်ကြီးနား၊ ကန်ပိုက်တီ၊ မူဆယ်နဲ့ ချင်းရွှေဟော် ဆိုတဲ့ ဇုန် (၅) ခု ထပ်တိုးတာမို့ မြန်မာပြည်မှာ အထူးစီးပွားရေးဇုန် (၇) ခု ရှိတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ယူနန်၊ ထိန်ချုံး၊ ဘောင်ရှန်း၊ ဟိန်ရုန်နဲ့ လန်ချန်းက နိုင်ငံပိုင် တရုတ်ကုမ္ပဏီတွေဟာ မန္တလေးနဲ့ မြစ်ကြီးနား စက်မှုဇုန်တွေအထိ ဝင်ရောက်ရင်းနှီးမြုပ်နံှနေကြပါတယ်။ နောက်ပြီး တရုတ်နယ်စပ်က ရွှေလီ၊ ဝမ်ဒိန်၊ ထိန်ချုံးနဲ့ လန်ချန်းမှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်နေပါတယ်။ စက်မှုဇုန် တည်ဆောက်လို့ ဒေသခံတွေ နစ်နာတာမို့ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ပိုးခါးပတ်လမ်းသစ်ဟာ တရုတ်အရင်းရှင်စနစ်မှာ ပိုလျှံနေတာတွေကို မြန်မာပြည်ထဲ သယ်ဆောင်လာတဲ့ သဘောမျိုးမဖြစ်ဖို့ အရေးကြီးတယ်လို့ Transnational Institute က သုံးသပ်ပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရ ခွင့်ပြုမှသာ တရုတ်အရင်းအနှီးတွေ ဝင်ရောက်လာနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါကြောင့်မို့ တရုတ်ပိုးခါးပတ်လမ်းကြောင်းနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို အသေအချာ ဆန်းစစ်စောင့်ကြည့် လေ့လာရပါလိမ့်မယ်။ မြန်မာပြည်သားတွေအတွက် ကောင်းကျိုးမပေးနိုင်တဲ့ စီမံကိန်းတွေကို ပယ်ချရပါလိမ့်မယ်။ မြစ်ဆုံဆည်လို လက်ခံပြီးမှ ရပ်ဆိုင်းတာမျိုးဟာ အမှုဖြစ်ပြီး လျှော်ကြေးပေးရမယ့်ကိန်း ရောက်လာနိုင်ပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ စီမံကိန်းမှန်သမျှကို လက်မှတ်မထိုးမီ အနုစိတ်ခွဲခြားစိတ်ဖြာပြီး ကောင်းကျိုးဆိုးပြစ်ကို ဖော်ပြသင့်တယ်လို့ ဆိုပါတယ်။
==Unicode===