ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသမှာ ဝ၊ မိုင်းလားနဲ့ အစိုးရတပ်တွေ စစ်ရေးပြင်ဆင်တာတွေရှိတာကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေဟာ အထိတ်တလန့်ရှိနေကြပါတယ်။ လွန်ခဲ့တဲ့လက မိုင်းလားဒေသတွင်းကို လာရောက်တပ်စွဲထားတဲ့ ဝတပ်တွေကို ဒီကနေ့ နောက်ဆုံးထားဆုတ်ခွာဖို့အတွက် အစိုးရတပ်မတော်က အကြောင်းကြားထားပြီးဝတပ်ဖွဲ့က ဆုတ်ခွာမပေးရင် တိုက်ပွဲတွေ ဖြစ်ပွားလာမလားဆိုပြီး စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝ၊ မိုင်းလားနဲ့ အစိုးရတပ်အကြားဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
စက်တင်ဘာလ နောက်ဆုံးပတ်မှာ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က မိုင်းလားလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA တပ်စခန်း၃ခုကို သိမ်းယူတပ်စွဲခဲ့တာဖြစ်ပါတယ်။ ဒီလို တပ်စွဲထားတာကို ဒီလ ၂၄ရက်နေ့ နောက်ဆုံးထားရုတ်သိမ်းဖို့အတွက် ဝတပ်ဖွဲ့ကို အစိုးရတပ်မတော် တြိဂံတိုင်းစစ်ဌာနချုပ်က ညွှန်ကြားခဲ့ပြီးနောက် ၂၃ရက်နေ့မှာ မိုင်းလားအဝင်ဂိတ်တွေကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။
လောလော ရှမ်းပြည်နယ်အရှေ့ပိုင်း အထူး၄ ခေါ် မိုင်းလားဒေသတွင်းအခြေအနေကို စောင့်ကြည့် လေ့လာနေသူ ဒေသခံတဦးက အခုလို ပြောပါတယ်။
“အခုဒီ ဝတပ်တွေသိမ်းယူထားတဲ့ မိုင်းခတ် နားက စခန်း ၂ ခုမှာ ပြန်ဆုတ်ပေးဖို့ပေါ့နော် ဝတွေကို ။ မိုင်းလားကလား သူတို့ဆီမှာ ဝင်ပြီးတော့ နေရာယူထားတဲ့ လူအင်အား ၆၀၀ ရှိတဲ့ တပ်မ ၄၆၈ က တပ်တွေကို ပြန်ဆုတ်ပေးဖို့တောင်းဆိုတယ်။ ပြန်မဆုတ်ရင် သဲသဲမဲမဲ အခြေအနေ တင်းတင်းမာမာဖြစ်နေတာပေါ့။ တချို့လည်း တိုက်ပွဲဖြစ်မယ်လို့ ခန့်မှန်းတယ်။ တချို့ကလည်း မဖြစ်ဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းဖျန် ၊ ဆီးလူး ကြား မှာရှိတဲ့ အထူး ၄ က ဂိတ်တွေမှာလည်း standby လုပ်ထားတယ်လေ အထူး၄ က။ မိုင်းဖျန်ဘက်က ဝတပ်ကလည်း ဒီဘက်ကို မတက်နိုင်ဘူး။ သူတို့လည်း ဟိုဘက်ကမှာ standby ရှိတယ်။ဒီအစိုးရ တပ်ဘက်ကလည်း ဝဒေတ ထိတွေ့နေတဲ့ မိုင်းခတ်၊ မိုင်းယန်းအဲဒီနေရာတွေမှာ အင်အားတိုးချဲ့ပြီး ချထားတယ်။”
ဝဒေသနဲ့နီးစပ်တဲ့ မိုင်းခတ်၊ မိုင်းယန်းဖက်က ပြည်သူတွေဟာ ဒေသတွင်း စစ်ပြင်ဆင်မှုတွေကြောင့် အထိတ်တလန့်ရှိနေကြတယ်လို့လည်း ဆက်ပြောပါတယ်။
“အခုဒီ မိုင်းခတ်၊ မိုင်းယန်းဖက်မှာလည်း အခုက နည်းနည်းလုှပ်လှုပ်ဖြစ်နေတယ်။မိုင်းခတ်ကို တပ်မတော်ဘက်ကနေပြီးတော့မှ လက်နက်ကြီးတွေ ၊ အမြောက်တင်ကားတွေ ဒီဘက်ကို တိုးဝင်လာတဲ့ အဲဒီဘက်မှာ ဝနဲ့ မိုင်းလားနဲ့ ဟိုဘက်က မဆုတ်သွားရင် တိုက်ပွဲဖြစ်မယ်ဆိုပြီးတော့ ကောလဟာလတွေ ထွက်နေပြီးတော့ လူထုတွေထွက်ပြေးနေတယ်။ တပ်ကလည်း စစ်အင်အားတွေတိုးချဲ့ပြီးတော့တိုးလာတော့ လူတွေက မိုင်းယန်းဘက်က ပြေးကြတာ မိုင်းယန်း မိုင်းလွေ- ဘက်ပြေးကြတယ်။ မိုင်းခတ်ဘက်တော့မပြေးပါဘူး ဒီမှာကလူတွေက အကုန်လုံး သတိဝီရိယနဲ့ စောင့်ကြည့်နေကြတာပေါ့။”
ပြီးခဲ့တဲ့ ရက်အတွင်းက ဝတပ်ဖွဲ့ တပ်စွဲရာဒေသမှာ အစိုးရစစ်လေယာဉ်တွေ ပျံဝဲတာတွေရှိနေသလို ကျိုင်းတုံနဲ့ မိုင်းဆတ်လေယာဉ်ကွင်းမှာ လေတပ်က အင်အားဖြည့်တင်းနေပြီး မိုင်းလားကို သွားရောက်အလုပ် လုပ်ကိုင်သူတွေ ကျိုင်းတုံမြို့ကို ပြန်လာနေတာတွေ အများအပြားရှိနေတယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။
မိုင်းလားဒေသက ဝတပ်ဖွဲ့တွေ ပြန်ရုတ်သိမ်း မသိမ်းဆိုတဲ့ အခြေအနေကိုတော့ ဝ ဒီမိုကရက်တစ်ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုင်းပေါင်းနပ်က အခုလို သုံးသပ်ပါတယ်။
“အဲဒီဟာကတော့ ကျနော်တို့ ယခင်ကတည်းကနေ နေတဲ့စခန်း သူတို့က ဒီအတိုင်းပဲ ဆက်လက်နေမယ်ဆိုတဲ့အတွက် သူတို့ရဲ့ မြန်မာပြည် ကွန်မြူနစ်ပါတီကတည်းက သူတို့နေလာခဲ့တဲ့ စခန်းပေါ့ဗျာ။ ဒါကြောင့်မို့လို့ သူတို့က ဒီလိုပဲ ဆက်လက်ပြီးတော့ ရပ်တည်နေသွားမယ်ဆိုတဲ့အကြောင်းတော့ ကြားသိရတယ်။ မိုင်းလားနဲ့ သူတို့နဲ့လည်း ဒီလိုသဘောတူညီချက်အတိုင်း နေလာခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ဆက်လက်ပြီးတော့ နေနေမယ်။ ဒီအပေါ်မှာ ဘာမှ ပြဿနာမရှိပါဘူးဆိုတဲ့သဘောအတိုင်း”
စက်တင်ဘာလ နောက်ဆုံးပတ်မှာ ဝတပ်ဖွဲ့က မိုင်းလား စခန်းတွေကို သိမ်းယူခဲ့တဲ့နေရာတွေဟာ ၂၀၀၉ခုနှစ်ကတည်းက ဝတပ်ဖွဲ့တွေ အခြေပြုခဲ့ဖူးသလို စစ်ရေးအရ အရေးပါတဲ့နေရာတွေဖြစ်ကြောင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။မိုင်းလားအဖွဲ့ဖက်ကလည်း ဝတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်စဉ်မှာ မှားယွင်းခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝနဲ့ မိုင်းလားဟာ ၁၉၈၉ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးနောက် အနီးကပ်ဆုံးရှိခဲ့တဲ့ မဟာမိတ်တွေလည်း ဖြစ်ပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဝတပ်ဖွဲ့တွေ ဆုတ်ခွာရေးနဲ့ပတ်သက်ပြီး မိုင်းလားမြို့မှာ ဝ၊ မိုင်းလားနဲ့ အစိုးရတပ်မတော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုချက်မရခဲ့ပါဘူး။
Your browser doesn’t support HTML5