ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ ဒေသ တချို့ကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ကိုယ်တိုင် ရောက်ရှိနေပါတယ်။ ဒီကနေ့မှာတော့ ဘင်္ဂလားဒေရှ့် မြန်မာ နှစ်နိုင်ငံ တံတား၊ နောက် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေး တိမ်းရှောင်သူတွေကို ပြန်လည် လက်ခံမယ့် တောင်ပြိုလက်ဝဲ လက်ခံရေး စခန်းကို သွားရောက်ခဲ့သလို၊ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ တိမ်းရှောင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် မူဆလင်တွေရဲ့ တိုလာတိုလူ ၊ ရခိုင် ဒေသခံတွေရဲ့ မင်းကြီး ကျေးရွာကို ပြောင်းရွှေ့ဖို့ လုပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မောင်တော ဒေသတွင်းက ကိုယ်တိုင် မြင်တွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းတာမှာ ကိုကျော်ကျော်သိန်းက အခုလို စပြီး ပြောပါတယ်။
ကိုကျော်ကျော်သိန်း။ ။ ဝင်လာတဲ့သူတွေကို လဝက (လူဝင်မှု ကြီးကြပ်ရေး) က နေပြီးတော့ အချက်အလက်တွေတိုက်ပြီးတော့ စစ်ဆေးမယ်။ ရထားတဲ့ အချက်အလက်တွေနဲ့ သူတို့ပြောတဲ့ အချက်အလက်တွေ၊ တခါ NVC card လုပ်ဖို့အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်မယ်။ နောက်ဆုံးအဆင့်ကတော့ E-ID (Electronic ID) လုပ်မယ်၊နောက်ပိုင်းမှာ Smart Card လို့ခေါ်တဲ့ Electronic နဲ့ လုပ်တဲ့ ကဒ်ပြားတွေ လုပ်ဖို့ အဆင့်၊ အဲဒီ အဆင့်အတွက် သူတို့ကို Electronic နည်းနဲ့ သူတို့ကို မှတ်တမ်းတင်တဲ့အဆင့် အဲဒါတွေ အဆင့်ဆင့်လုပ်ပါမယ်။ ပြီးရင် လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတ်မှတ်ပစ္စည်း ၄ မျိုးဖြစ်တဲ့ ယောင်္ကျား၊ မိန်းမ လုံချည်၊ တီရုပ် ၊ စောင် ၊ ဆပ်ပြာ၊ အခင်း အဲဒါတွေပေးပါမယ်။ ပြီးရင် သူတို့ကို နားနေဆောင်မှာတွေ ချထားပါမယ်။ နားနေဆောင်မှာ အနည်းဆုံး ၁ ည၊ ၂ ညထားဖို့ ခန့်မှန်းပါတယ်။ နားနေဆောင်တွေက ၁ ဆောင်ကို အခန်း ၅ ခန်းရှိပြီးတော့ ၊ ၁ ခန်းမှာ လူ ၆၀ ဆန့်ပါတယ်။ အဲဒီတော့ လူ ၄၈၀ လောက်ဆန့်တယ်လို့ ခန့်မှန်းပါတယ်။ အဲဒီကနေပြီးတော့ ၁ ရက်ကို လူ ၁၅၀၀ နှုန်းနဲ့ လှဖိုးခေါင် ကြားစခန်းကို ပို့ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ အားလုံး တွေ့ခဲ့ရပါတယ်။ ဆိုတော့ အဲလူတွေက လှဖိုးခေါင် ကြားစခန်း ရောက်ပြီးတဲ့ အခါကျရင် ၁ လ၊ ၂ လ နေပြီးတဲ့နောက် သူတို့ နေသည့်အိမ်တွေကို Cash for work အလုပ် လုပ်ခြင်းအားဖြင့် ဝင်ငွေရစေတဲ့ နည်းလမ်းနဲ့ အိမ်တွေကိုဆောက်။ အဲလို ဆောက်ဖို့အတွက် လျာထားတဲ့ နေရာပေါ့နော် မောင်တောမှာ ၃၁ နေရာရှိပါတယ်။ မောင်တောမြောက်ပိုင်းမှာ ၂၃ နေရာ၊ တောင်ပိုင်းမှာ ၈ နေရာ ၊ ဘူးသီးတောင်မှာ ၁၁ နေရာ စုစုပေါင်း ၄၂ ရွာ ရထားတယ်လို့ ပြောပါတယ်။ အဲဒါကတော့ တောင်ပြိုလက်ဝဲ ကုန်းလမ်းကနေ ဝင်လာမယ့် ဒုက္ခသည်တွေအတွက် စီစဉ်ထားတဲ့ အစီအစဉ်ပါ။ ရေလမ်းကနေ ဝင်လာမယ့် သူတွေအတွက်ကတော့ ငါးခူရ ပြန်လည်လက်ခံရေးစခန်းရှိပါတယ်။ အဲဒီကိုတော့ ကျနော်တို့ မရောက်ပါဘူး။
မသိင်္ဂ ီထိုက်။ ။ ၂ နိုင်ငံ နယ်စပ်မျဉ်းမှာ နေနေကြတဲ့ ဒုက္ခသည်တွေနဲ့လည်း စကားပြောခွင့်ရခဲ့တယ် ရောက်ခဲ့တယ်ဆိုတော့ ဟိုဘက်မှာ နေနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေလည်းပြောပြပါဦး။
ကိုကျော်ကျော်သိန်း။ ။ ကျနော်တို့က မြန်မာနိုင်ငံဘက်ခြမ်း၊ သူတို့က ခြံစည်းရိုး ဟိုဘက်ခြမ်းကနေပြီးတော့ ကျနော်တို့ သတင်းသမားတွေ ရောက်သွားတဲ့အချိန်မှာ အဲဒီကို စုဝေးပြီးတော့ ရောက်လာပါတယ်။ အများအားဖြင့်တော့ ကလေးတွေ ၊ အသက်ငယ်တဲ့ လူငယ်တွေ ၊ လူလတ်ပိုင်းတွေ လူကြီးတွေတောင် တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေပဲ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီကို ကျနော်တို့ ရောက်သွားပြီးတော့ ကျနော်တို့ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ရိုက်နေတဲ့အချိန်မှာ သူတို့စခန်းခေါင်းဆောင်လို့ပြောလို့ရတဲ့ သတင်းမီဒီယာတွေမှာ အများဆုံးပါနေတဲ့ Dil Mohammed ဆိုတဲ့ ပုဂ္ဂိုလ်တဦးရောက်လာပါတယ်။ သူက ကျနော်တို့ မေးမြန်းတာတွေကို ဒိုင်ခံပြီးတော့ ဖြေကြားပေးပါတယ်။ အဲဒီတော့ ခြုံလိုက်ရင်တော့ အဲဒီလိုအပြန်အလှန် မေးမြန်းတဲ့ အထဲမှာ သူတို့အနေနဲ့ကတော့ ဒီဘက်ကို ပြန်လာဖို့အတွက် စိတ်ချ ယုံကြည်မှုမရှိသေးဘူး။ အဲလို စိတ်ချ ယုံကြည်မှုမရှိတဲ့ အဓိက သူတို့ စိုးရိမ်ချက် အချက် ၃ ချက်ပြောပါတယ်။ အဲဒါကတော့ သူတို့အတွက် လုံခြုံရေးအာမခံတွေ ပေးရမယ်၊ ဒုတိယအချက်အနေနဲ့ကတော့ NVC ကဒ် လုပ်ငန်းစဉ်ကို သူတို့ လုံး၀ လက်မခံပါဘူး။ သူတို့အပြောက သူတို့က ဒီဘက်နိုင်ငံထဲမှာ မွေးတယ်၊ ဒီဘက်မှာကြီးတယ်၊ သူတို့မှာ ၃ ခေါက်ချိုး ကဒ်ပြားလိုမျိုး နိုင်ငံသား ကဒ်ပြားတွေရှိတယ်။ အဲဒါကြောင့် သူတို့က နိုင်ငံသားဖြစ်ပြီးသား ဖြစ်တဲ့အတွက် နိုင်ငံသားပြန်လျှောက်ထားတဲ့ လုပ်ငန်းစဉ်မှာ သူတို့ လုံးဝမလုပ်နိုင်ဘူး။ လုံးဝလက်မခံနိုင်ဘူးလို့ ပြောပါတယ်။ နောက်တချက်ကတော့ သူတို့အခွင့်အရေးတွေကို အပြည့်အ၀ အသိအမှတ်ပြုရမယ် ဆိုတဲ့အချက်ကို ပြောပါတယ်။ အဲဒီ ၃ ချက်က လက်ရှိမှာ အာမခံချက် မရှိတဲ့အတွက် သူတို့အနေနဲ့ ပြန်လာဖို့ လုံး၀ မစဉ်းစားဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ ပြန်မလာချင်တာ မဟုတ်ပါဘူး။ ပြန်လာချင်တယ်လို့ ပြောပါတယ်။ သူတို့ အခုနေရတဲ့နေရာမှာ ဘ၀ အာမခံချက်လည်းမရှိဘူး။ လုံခြုံမှုလည်းမရှိဘူး။ စားရေးသောက်ရေး နေရေးထိုင်ရေး စသည်ဖြင့် အစစအရာရာမှာ အခက်အခဲရှိတယ်။ အဲဒီအတွက် သူတို့က မူရင်းနေရာတွေကို ပြန်လာချင်တယ်။ ဒါပေမယ့် ခုနပြောတဲ့ အချက် ၃ ချက်ရှိပြီဆိုတဲ့ အာမခံချက် သူတို့ မတွေ့ရသေးတာကြောင့် သူတို့ ပြန်မလာချင်သေးဘူးလို့ ပြောပါတယ်။
မသိင်္ဂ ီထိုက်။ ။ မင်းကြီးကျေးရွာသစ်လည်း ကိုကျော်ကျော်သိန်းတို့ ခရီးစဉ်မှာရောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီကျေးရွာအကြောင်းလည်း ပြောပါဦးရှင့်။
ကိုကျော်ကျော်သိန်း။ ။ မင်းကြီးကျေးရွာသစ်ကတော့ နည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် သူကအရင်တုန်းက မင်းကြီး ကျေးရွာရှိပါတယ်။ အခု လက်ရှိ မင်းကြီးကျေးရွာသစ်ကနေပြီးတော့ ၃ မိုင်ပတ်ဝန်းကျင်လောက်မှာ မင်းကြီး ကျေးရွာ အဟောင်းရှိပါတယ်။ အဲဒီကျေးရွာက မြစ်ဘေးမှာရှိတော့ မြစ်တွေတိုက်စားပြီးတော့ ကမ်းပါးတွေပြိုတဲ့အတွက် အဲဒီရွာက ရွာသား ၃၀၀ ကျော်ကို ဒီဘက်ကျေးရွာသစ် တည်ပြီးတော့ ပြောင်းရွှေ့တာလို့ အဲလိုမျိုး ကျနေ်ာ့ကို ဒီစခန်းရဲ့ ကျေးရွာအုပ်ချုပ်မှူးက ပြောပါတယ်။ မင်းကြီးကျေးရွာဟောင်း တုန်းက ကျနော်တို့ မွတ်ဆလင်ဘက်နဲ့ ရခိုင်ဘက်အခြမ်းဆိုပြီး ရှိပါတယ်။ မွတ်ဆလင်ဘက် အခြမ်းက တိုလာတိုလူ လို့ခေါ်ပါတယ်။ ရခိုင်အနေနဲ့ကတော့ မင်းကြီးပေါ့လေ အဲလိုပေးထားပါတယ်။ တိုလာတိုလူ ဆိုတဲ့အမည်က နိုင်ငံတကာ သတင်းမီဒီယာတွေမှာ အတော်လေး ထင်ထင်ရှားရှား ပါဘူးတဲ့ ရွာနာမည်တခုဖြစ်ပါတယ်။ အဲဒီရွာကို တပ်မတော်က ဝင်ရှင်းတဲ့အခါမှာ အဲဒီရွာလည်းပါတယ်။ သေဆုံးတာတွေရှိတယ် အဲဒီရွာမှာ နောက်ဆုံး မွတ်ဆလင်တွေ အကုန်လုံး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်ဆိုတဲ့ အခြေအနေကြီးတခု ဖြစ်ထားဖူးတာကြောင့် တနည်းအားဖြင့် ပြောရရင် အဲဒီရွာမှာ အစုလိုက်အပြုံလိုက် သတ်တာတောင် ရှိတယ်ဆိုပြီး အဲလိုပြောဆိုတာတွေတောင်ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို သီးခြား အတည်ပြုနိုင်တာတော့ မရှိပါဘူး။ အရင်တုန်းက ရွာအဟောင်းကို နိုင်ငံတကာ သတင်းမီဒီယာတွေ မကြာခဏ သွားကြပါတယ်။ အကြီးအကျယ်လည်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ပါဝင်ပါတယ်။
မသိင်္ဂ ီထိုက်။ ။ အခု မင်းကြီးကျေးရွာသစ် ပြောင်းတာက သိပ်မကြာသေးဘူးပေါ့နော်။
ကိုကျော်ကျော်သိန်း။။ မကြာသေးတဲ့အပြင် အခုတွေ့ရတာက တချို့တွေက ဆောက်နေတုန်းပါခင်ဗျ။ ကျေးရွာအုပ်ချုပ်ရေးမှူး ကတော့ တချို့ နေနေပြီလို့ပြောတယ်။ တချို့ကတော့ ပြောင်းဖို့လုပ်နေတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်ကတော့ လူအများကြီး မတွေ့ခဲ့ရပါဘူး မင်းကြီးကျေးရွာသစ်မှာ။ ပြောရမယ်ဆိုရင်တော့ အတော်လေး ခိုင်ခိုင်ခန့်ခန့်နဲ့ ဆောက်ထားတဲ့ပုံတော့ ရှိပါတယ်။ သို့သော် အပြည့်အ၀ လည်ပတ်နေတဲ့ ကျေးရွာတခုအနေအထားတော့ မတွေ့ခဲ့ရပါဘူး။
ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မောင်တော ဒေသတွင်းက ကိုယ်တိုင် မြင်တွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုကျော်ကျော်သိန်းကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းခဲ့တာပါ။
Your browser doesn’t support HTML5