သက္ကယ်ပြင်စခန်းရောက် ဗွီအိုအေသတင်းထောက်

သက္ကယ်ပြင်စခန်းရောက် ဗွီအိုအေသတင်းထောက်

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာ ၆ နှစ်ကျော်ကြာ နေထိုင်နေရတဲ့ မူဆလင်တွေ နေရပ်ရင်းတွေ ပြန်လည် အခြေချနိုင်ရေး မရေမရာ အခြေစိုက်နေပြီး လက်ရှိ နေထိုင်နေရတဲ့ စခန်းတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်လည်း မရှိလို့ စားဝတ်နေရေး မပြေလည်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အစားအသောက်ရဖို့က ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP ရဲ့ ထောက်ပံ့မှုကို အားထားနေကြရပြီး အနာဂတ် အတွက် မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားတွေ့မြင်ရပါတယ်လို့ စစ်တွေမြို့က သက္ကယ်ပြင် ဒုက္ခသည် စခန်းကို ကိုယ်တိုင်ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ပြောပါတယ်။ စခန်းတွင်းက အခြေအနေနဲ့ မူလနေရာတွေမှာ ပြန်လည် အခြေချနိုင်ရေး အလားအလာတွေကို မသိင်္ဂ ီထိုက်က ဆက်သွယ် မေးမြန်းတာမှာ ကိုကျော်ကျော်သိန်းက အခုလို စပြီး ပြောပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းလောက်ကပဲ ကျနော် သက္ကယ်ပြင် IDP ဒုက္ခသည်စခန်းကို ပြန်ရောက်လာတာပါ။ အဲဒီစခန်းမှာ မိသားစု ၁၀၀၀ လူဦးရေ ၆၀၀၀ နီးပါး နေထိုင်နေပါတယ်။ အဲဒီလူတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခြေအနေမှာ အိုးအိမ်မီးလောင်ပြီးတော့ ဆုံးရှုံးသွားသူတွေကို အစိုးရအဖွဲ့အစီအစဉ်နဲ့ အဲဒီမှာ စခန်းလုပ်ပြီးတော့ ထည့်ပေးထားတယ်။ အဓိက လူ ၃ပုံ ၂ ပုံဟာ စစ်တွေမြို့ပေါ်က လူတွေအများစု ၃ ပုံ ၂ ပုံဟာ ဒီရခိုင် စစ်တွေမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်က ဖြစ်တယ်လို့ အဲဒီစခန်းမှာ ကျနော်တို့ကို မေးမြန်းခွင့်ပေးခဲ့တဲ့ စခန်းကော်မတီရဲ့ ခေါင်းဆောင်ကပြောပါတယ်။

မသိင်္ဂ ီထိုက်။ ။ အခုဒီ သက္ကယ်ပြင် မှာ ဒုက္ခသည်တွေ ဘယ်လိုများနေထိုင်ကြရပါသလဲ ဘာတွေမြင်ရပါသလဲ၊ အဆင်ပြေပါသလား။

ကိုကျော်ကျော်သိန်း။ ။ အသက်ရှင်ရုံနေထိုင်စားသောက်နေကြတဲ့ သဘောလို့ သူတို့ပြောပါတယ်။ သူတို့အလုပ်လုပ်ကိုင်ခွင့်မရှိဘူး ၊ လွတ်လွတ်လပ်လပ် သွားလို့လာလို့လည်းမရဘူး။ သူတို့ကို အဓိက ရိက္ခာ ထောက်ပံ့နေတာကတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တလ တကြိမ်ထောက်ပံ့တယ်လို့ ကျနော်တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။ WFP က ထောက်ပံ့တဲ့ နေရာမှာ တလ တကြိမ်မှာ မိသားစုတွေမှာ လူဦးရေ တိုးလာတာနဲ့အမျှ လုံလောက်မှုမရှိဘူး မလုံလောက်ဘူးလို့ပြောပါတယ်။ ဥပမာ အမျိုးသမီးရဲ့ အပြောအရဆိုရင် ပေးတဲ့ ရိက္ခာက ၁၅ ရက်စာပဲ လောက်တယ်၊ နောက် ၁၅ ရက်စာမရဘူး ။ အဲတော့ နောက် ၁၅ ရက်စာကို ချေးဌားပြီးတော့ စားရတယ် နောက်တလ ရိက္ခာရတဲ့အချိန်မှာ ၁၅ ရက်စာချေးထားတာကို ပြန်ဆပ် ၊ နောက် ၁၅ ရက်စား အဲလိုနဲ့ သံသရာလည်ပြီးတော့ သွားနေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဒီစားဖို့သောက်ဖို့တောင် အနိုင်နိုင်ဆိုတော့ ကလေးတွေ ပညာသင်ကြားရေးရော လုပ်နိုင်ပါသလား။ စခန်းထဲမှာ ကျောင်းတွေ ရှိပါသလား။

ကိုကျော်ကျော်သိန်း။ ။ စခန်းထဲမှာ ကျနော်တို့ လိုက်ကြည့်တဲ့နေရာမှာတွေတော့ ကျောင်းတွေမတွေ့ပါဘူး။ ဒါပေမယ့် အစိုးရကနေပြီးတော့ သူတို့ကို ပညာသင်ကြားရေးကိစ္စ ကျမ်းမာရေး စောင့်ရှောက်မှု ကိစ္စ အစိုးရက ထောက်ပံ့တယ်လို့ စခန်းကော်မတီခေါင်းဆောင်က ပြောပါတယ်။

မသိင်္ဂ ီထိုက်။ ။ သူတို့က စခန်းထဲမှာ နေရတာလည်း ၆ နှစ်ကျော်လောက်ရှိလာပြီ ဆိုတော့ ဒီစခန်းထဲကနေ သူတို့ ဘာတွေများမျှော်လင့်နေပါသလဲ။

ကိုကျော်ကျော်သိန်း။ ။ ဒီစခန်းထဲက အားလုံးနီးပါးက စစ်တွေမြို့ပေါ်မှာ နှစ်ပေါင်များစွာ နေလာကြတယ်။ စစ်တွေမြို့မှာပဲ မွေးဖွားကြသူတွေဖြစ်တယ် သူတို့ မိဘ၊ ဘိုးဘွားတွေကလည်း စစ်တွေမြို့မှာပဲ နေလာတယ်။ ဟိုတုန်းက ၃ ခေါက်ချိုးလို့ခေါ်တဲ့ ထုတ်ပေးတဲ့ မှတ်ပုံတင်ကိုင်ဆောင်သူတွေ ဖြစ်တယ်။ ဆိုတော့ တနည်းအားဖြင့်ပြောရရင် သူတို့ကတော့ သူတို့ကိုယ်သူတို့ နိုင်ငံသားပဲ လို့ပြောပါတယ်။ ဒါကြောင့်မု့ိလို့ သူတို့က စခန်းမှာ ၆ နှစ်ကျော် အနာဂတ်လည်းမရှိဘူး ဘာမှလည်း လုပ်ကိုင်စားသောက်လို့လည်းမရဘူး။ ဘာမှလည်းမျှော်လင့်ချက်မရှိတဲ့ အခြေအနေမျိုးမှာ သူတို့ အဓိက လိုလားချက် ၃ ချက်ပြောပါတယ်။ ၁ အချက်ကတော့ သူတို့ နဂိုနေရာတွေမှာ ပြန်နေချင်ပါတယ်။ ၂ အချက်ကတော့ သူတို့ လွတ်လွတ်လပ်လပ် သူများတွေလိုပဲ သွားလာနေထိုင်လုပ်ကိုင်ခွင့် ရချင်ပါတယ်တဲ့ ။ ၃ အချက်ကတော့ သူတို့နိုင်ငံသားအထောက်အထားတွေ ပြန်ရချင်ပါတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့အထောက်အထားတွေ မီးလောင်တာမှာ ပါသွားတဲ့အတွက်ဆိုတော့ အဓိက သူတို့ မျှော်လင့်ချက်၊ လိုလားချက် ၃ ချက်ပြောပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ သူတို့က မူရင်းနေရာတွေ ပြန်ချင်တယ်ဆိုတော့ သူတို့မူရင်းနေရာတွေကရော အရင် သူတို့ ထွက်ပြေးသွားတဲ့အတိုင်း ရှိသေးရဲ့လား။ ။

ကိုကျော်ကျော်သိန်း။ ။ ကျနော်မေးသလောက်က အဲဒီနေရာတွေမှာ နေရာလွတ်ရှိပါတယ် ။ ဒါပေမယ့် အဲဒီနေရာတွေမှာ ကျူးကျော်လို့ ပြောလို့ရတဲ့ တခြားလူတွေက ဝင်ရောက်ပြီးတော့ နေထိုင်တာတွေ ရှိတယ်လို့ ကျနော်မေးမြန်းကြည့်သလောက် သိရပါတယ်။ ဘယ်သူကမှ သိမ်းလိုက်တာလည်းမဟုတ်ဘူး ယူလိုက်တာလည်းမဟုတ်ဘူး။ လွတ်နေတဲ့အတွက် ဝင်နေကြတယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ သူတို့စခန်းထဲကနေပြီးတော့ ထွက်ပြီးတော့ အရင်လို ပြန်နေနိုင်ဖို့ အခြေအနေမျိုးရော ရှိပါသလား ဘယ်အချိန်မှာ စခန်းဖျက်နိုင်မယ် ဆိုတဲ့ တိတိကျကျပေါ့နော် အာဏာပိုင်တွေဘက်က။

ကိုကျော်ကျော်သိန်း။ ။ ဒီစခန်းတွေက ခုနပြောသလိုပဲ ၆ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒီစခန်းတွေကို ပိတ်ဖို့ဆိုပြီးတော့ ကိုဖီအာနန်ရဲ့ ကော်မရှင် အကြံပြုချက်ထဲမှာလည်း အကြံပြုထားတဲ့ စခန်းတွေ ပါပါတယ်။ သက္ကယ်ပြင်စခန်းပါလားဆိုတာကတော့ တိတိကျကျ မပြောနိုင်ပါဘူး။ မျော်လင့်ချက်ရှိသေးလားဆိုတော့ ကျနော်နဲ့ တွေ့ခဲ့တဲ့သူတွေထဲမှာ ခေါင်းရမ်းပြီးတော့ မျော်လင့်ချက်သူတို့ကိုယ်တိုင်မဲ့နေတယ် ဆိုတဲ့ အနေအထားမျိုးသူတို့ပြောကြတာ ကျနော်ကြားမိပါတယ်။ ပြောရရင်တော့ သူတို့ မူလနေရာတွေကို ပြန်ပြီးတော့ သွားနိုင်ဖို့ နေထိုင်နိုင်ဖို့ အလားအလာကတော့ လောလောဆည် နီးနီးကပ်ကပ်ကာလတခုမှာ ဖြစ်နိုင်ခြေ အတော်လေးနည်းတယ်လို့ပဲ ပြောရမှာပါ။

Your browser doesn’t support HTML5

သက္ကယ်ပြင်စခန်းရောက် ဗွီအိုအေသတင်းထောက်