ဗွီအိုအေသတင်းဌာနအတွက် လုပ်ကိုင်ဆောင်ရွက်နေရင်း တိုက်ခိုက်မှုတွေကြောင့် ကွယ်လွန်သွားကြသူ သတင်း သမားတွေကို မေလ ၃ ရက်၊ ကြာသပတေးနေ့က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ဗွီအိုအေက အခမ်းအနား တခုနဲ့ အမှတ်တရ ဂုဏ်ပြုခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ အမေရိကန်မှာ နိုင်ငံရေး သမားတွေက “လုပ်ကြံသတင်း” ဆိုပြီး စွပ်စွဲပြောဆိုတာအပါအဝင် ခြိမ်းခြောက်မှုတွေဟာ တခြားနိုင်ငံတွေကိုပါ ရိုက်ခတ် နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်းတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
ဆိုမာလီယာ အလွတ်ကင်မရာသမား အသက် ၃၁ နှစ်အရွယ် Ali Nur Siad ဟာ ဗွီအိုအေသတင်းထောက်တဦးနဲ့အတူ အလွတ် ကင်မရာသမားတဦးအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေရင်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က မိုဂါဒစ်ရှုး မြို့တော်မှာ ဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း ကွယ်လွန်သွားတာပါ။
အဲဒီ ဗုံးခွဲတိုက်ခိုက်မှုဟာ ဆိုမာလီယာသမိုင်းမှာ ထိခိုက်သေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပါ တယ်။
အဲဒီအချိန်က သူနဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့ ဗွီအိုအေ ဆိုမာလီဘာသာဌာနရဲ့ သတင်းထောက် Abdulkadir Mohamed Abdulle ကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တာပါ။
Radio Free Europe/Radio Liberty RFE/RL သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Sabawoon Kakar နဲ့ Abadullah Hananzai တို့ကတော့ အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်မှာ ဧပြီလ ၃၀ ရက်နေ့က တိုက်ခိုက်မှု တခုမှုအတွင်း သေဆုံး သွားကြတာပါ။
မေလ ၃ ရက်နေ့က ဗွီအိုအေဌာနချုပ်မှာလုပ်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား အတွင်း ဒီ သတင်းထောက်သုံးဦး စလုံးကို အမှတ်တရ ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီအခမ်းအနားကျင်းပတဲ့ပြင်ပမှာ ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက ဒီဖြစ်ရပ် တွေအပါအဝင် မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ပြောပါတယ်။
"ဗွီအိုအေရဲ့ ဒီ ညီအစ်ကိုဌာနပေါ့နော် ညီအစ်ကိုဌာန RFE/RL လို့ခေါ်တဲ့ ဥရောပကို အသံလွှင့်နေတဲ့ ဌာနမှာ အလုပ်လုပ်နေတဲ့ ၊ အာဖဂန်နစ္စတန်ဌာနမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်သုံးယောက်ဆိုလို့ရှိရင် သတင်းရယူရင်း သတင်းကိစ္စတွေ ဆောင်ရွက်နေရင်းနဲ့ မကြာသေးခင်ကပဲ ဗုံးပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးရပါတယ်။ အလားတူပဲ ဗွီအိုအေရဲ့ ဆိုမာလီဌာနက ကျနော်တို့ရဲ့ သတင်းထောက် ရုပ်မြင်သံကြား သတင်းထောက်ဆိုလို့ရှိရင် ဗုံးကွဲပြီးတော့ သေကြေခဲ့ရပါတယ်။ သူ့အတွက်လည်း ကျနော်တို့ အထိမ်းအမှတ်လေးတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံခဲ့ရတဲ့ အစိုးရလက်ထက်မှာ တဖြေးဖြေးနဲ့ သတင်းလွတ်လပ်ခွင့်တွေ အဆင့်မြင့်တက်လာတယ်ဆိုပြီးတော့ ကျေနပ်အားရမှုတွေ တချို့ရှိခဲ့ပေမဲ့ ဒီနှစ်မှာဆိုလို့ရှိရင်တော့ အဆင့် ၆ဆင့်ကျသွားတယ်ဆိုပြီးတော့ ဝမ်းနည်းစရာတွေ့ရပါတယ်။ အထူးသဖြင့်တော့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်နှစ်ယောက်ကို အကွက်ဆင်ဖမ်းဆီးပြီးတော့ ဒီလိုစစ်ဆေးနေတဲ့ ထိန်းသိမ်းထားတဲ့ ကိစ္စမျိုးဟာဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ကိစ္စမှာ နိုင်ငံတကာမှာ အင်မတန်မှ ဆိုးဝါးတဲ့အဖြစ်တခုလို့ ကျနော်တို့ ယူဆရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရအနေနဲ့လည်း သေသေချာချာ ကိုင်တွယ်ပြီးတော့ ဖြေရှင်းပေးသင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။"
အာဖဂန်နစ္စတန်လူထုအတွက် ဘက်မလိုက်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး တင်ပြနေတဲ့ သတင်းထောက် တွေကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းထောက် နှစ်ဦး ကွယ်လွန်သွားတဲ့နေ့က ထုတ်ပြန်ချက်မှာ အမေရိကန် အသံလွှင့်လုပ်ငန်းများ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ညွှန်ကြားရေးမှူးဖြစ်သူ John Lansing က ပြောထားပါတယ်။
“သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်တဲ့ အာဖဂန်နစ္စတန်နဲ့ တခြားဘယ်နေရာမှာမဆို အမှန်တရားကို ရှာဖွေဖော်ထုတ်တဲ့ ကျနော်တို့ရဲ့လုပ်ငန်းကို ဒီလိုဖြစ်ရပ်မျိုးက ရပ်သွားစေမှာမဟုတ်ပါဘူး။ သူတို့လည်း ဒီလိုဆန္ဒရှိမယ်ဆိုတာ ကျနော် သေချာပါ တယ်။”
အမေရိကန်ပြည်ထောင်စုမှာ သတင်းထောက်တွေ ရင်ဆိုင်နေတဲ့ စိုးရိမ်ဖွယ် အခြေအနေအများအပြားကိုလည်း ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့မှာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအများအပြားက ထောက်ပြ ပြောဆိုကြပါတယ်။
လက်ရှိမှာ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လည်း အမေရိကန် အခြေခံဥပဒေမှာ အကာအကွယ်ပေးထားတာကြောင့် အမေရိကန်က သတင်းမီဒီယာဟာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုအရှိဆုံး သတင်းမီဒီယာတွေထဲ ပါဝင်နေဆဲပဲလို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။
ဒါပေမဲ့လည်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က “လုပ်ကြံသတင်း” တွေဆိုပြီး မကြာခန တိုက်ခိုက်ပြောဆိုတာကို တခြား နိုင်ငံ့ ခေါင်းဆောင်တွေကလည်း လိုက်ပြောတာတွေ ရှိလာနေတယ်လို့ ထောက်ပြထားပါတယ်။
အဲဒီနိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဗင်နီဇွဲလားသမ္မတ Nicolas Maduro ၊ ဆီးရီးယား သမ္မတ Bashar al-Assad တို့နဲ့အတူ မြန်မာ နိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5