စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကန့်ဘလူ နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ 

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံထားရတဲ့ နေအိမ်တချို့ (ယခင်မှတ်တမ်းရုပ်ပုံ)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတပ်တွေ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့တာကြောင့် ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၁၀ ကျော်နဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၈ ရွာလောက် ဘေးလွတ်ရာ ပြေးရှောင်နေကြရပါတယ်။ စစ်တပ်နယ်မြေရှင်းမှုအတွင်း နေအိမ် စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်လောက်က ကျွန်းလှမြို့နယ် တောင်ယာဆိပ်အုပ်စုထဲက ကျေးရွာ ၄ ရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်က နယ်မြေရှင်းလင်းရေး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ယာဆိပ်အုပ်စုမှာ သရက်တော၊ အောင်ရန်ကင်း၊ မြင်သာဦးနဲ့ တောင်ယာဆိပ် ကျေးရွာတွေပါတဲ့ လေးရွာအုပ်စုဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာ အုပ်စုဖြစ်ပါတယ်။ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအုပ်စုအတွင်းက နေအိမ် ၁၂၈ လုံးနဲ့ စပါးတိုက် ၃၁ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ အင်ငုတ်တိုကျေးရွာ မီးရှို့ခံရပြီးနောက် ဒေသခံတွေက စစ်ဘေးရှောင်တဲတွေ ဆောက်ပြီး နေကြတဲ့ နေရာကိုလည်း စစ်ကြောင်း ဝင်လာပြီး စစ်ဘေးရှောင်တဲတွေကိုပါ မီးရှို့သွားတာဖြစ်တယ်လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။

"တောင်ယာဆိပ်အုပ်စုမှာကတော့ အိမ်အလုံးရေက ၁၂၈ လုံး၊ စပါးတိုက် စပါးကျီပေါ့ အဲ့ဒါက ၃၁ လုံးပါသွားတယ်။ နောက်ထပ်က ပလူသာရွာထိပ်က ညောင်ခါးရှည်ဆိုတဲ့ လယ်တောတိုက်ပေါ့ဗျာ။ အဲ့ဒီမှာ အင်ငုတ်တိုက ရွာမရှိတဲ့ခါကျတော့ ရွာကို မီးရှို့ထားတဲ့ခါကျတော့ စစ်ဘေးရှောင်တဲတွေရှိတယ်အဲ့မှာ အဲ့စစ်ဘေးရှောင်တဲတွေကို ဝင်ပြီးတော့မှ တောင်ယာဆိပ်ကနေ အထွက် နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာပေါ့ အဲ့နားက တဲတွေအကုန်ကို မီးရှို့ထားခဲ့တယ်။"

တောင်ယာဆိပ်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးဝင်‌ရောက် မီးရှို့တဲ့အတွက် အဲ့ဒီအနီးဝန်းကျင်က ကျေးရွာ ၁၂ ရွာထက်မနည်းက ဒေသခံ တစ်သောင်းကျော်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းပြန်ထွက်သွားပြီးချိန် တချို့ ကျေးရွာတွေက ရွာထဲကို ပြန်ဝင်နိုင်ကြပေမယ့် စစ်တပ်စခန်း ဒါမှမဟုတ် ပျူစောထီးရွာတွေနဲ့ နီးတဲ့ ကျေးရွာတွေကတော့ ရွာကို ပြန်မဝင်နိုင်ဘဲ တောထဲမှာပဲ ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်လောက်မှာ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းက ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးပူး‌ပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ကန့်ဘလူ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

"အနောက်ညောင်ဇင်နဲ့ အရှေ့‌ညောင်ဇင်ဆိုပြီးတော့ ၂ ခုရှိတာပေါ့နော။ အနောက်ညောင်ဇင်က ပျူရွာ၊ အဲ့မှာ တပင်ရွာ၊ သင်ပေါင်းကျင်းရွာ၊ အနောက်‌ညောင်ဇင်ရွာ အဲ့ဒါတွေကို အင်အား ၃၀၀ လောက် ဖြန့်ဝင်တယ်။ ဖြန်ဝင်ပြီးတော့ အရှေ့ညောင်ဇင်ရွာကို သူတို့နေ့လယ်ပိုင်းကြီး ဝင်ပြီး မီးရှို့တာပေါ့နော။ အရှေ့ညောင်ဇင်ရွာက တော်လှန်ရေးလုပ်တဲ့ ရွာလည်းမဟုတ်ဘူး သူတို့ဟာသူတို့ အေးအေးနေတဲ့ ရွာပေါ့နော်။ အဲ့ဒါကို သူတို့ အိမ် ၃ လုံးမီးရှို့သွားတယ်။ (ဒေသခံတွေရွာထဲကိုပြန်မဝင်နိုင်သေးတဲ့ ကျေးရွာတွေ) နောက်မဝင်နိုင်သေးတဲ့ ရွာတွေက ဘိုတဲကုန်း သူတို့ကတော့ အဲ့နားမှာ(ပျူရွာ)ကပ်နေတဲ့ ရွာတွေဆိုတော့၊ အရှေ့‌ညောင်ဇင်၊ နောက် မင်းကုန်း၊ ဒါတွေကတော့ သူတို့နဲ ကပ်တဲ့ခါကျတော့ ပြန်မဝင်ရဲကြသေးဘူးပေါ့နော။"

ပျူစောထီးကျေးရွာတွေဖြစ်တဲ့ သင်ပေါင်းကျင်းနဲ့ ညောင်ဇင်လေးကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက် မီးရှို့နေတာကြောင့် ညောင်ဇင်ကြီး၊ မဲသည်၊ အင်းလယ်ကြီး၊ ပေလည်၊ ထိန်တော၊ ကိုင်းရိုး၊ မင်းကုန်း၊ ဘိုကုန်း စတဲ့ ကျေးရွာပေါင်း ၈ ရွာထက်မနည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကြော်ငးတွေ ပြန်ထွက်သွားချိန်မှာ တချို့တွေက ကျေးရွာတွေကို ပြန်ဝင်ကြတာရှိပေမယ့် အများစုကတော့ တောထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းရာသီကာလမို့ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရသူနေမှာ အနွေးထည်နဲ့ ခြုံစောင်တွေလည်း လိုအပ်နေကြပါတယ်။ ဒါ့အပြင် ဆေးဝါးအကူအညီလည်း လိုအပ်နေကြပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။

[Unicode]








