စစ်အာဏာသိမ်း မြန်မာနိုင်ငံအခြေအနေ အမေရိကန်သံရုံးအကြီးအကဲဟောင်းအမြင်

Your browser doesn’t support HTML5

မြန်မာနိုင်ငံရဲ့ ဒီကနေ့အခြေအနေအပေါ် စိတ်ထိခိုက်ရတဲ့အကြောင်း၊ တနိုင်ငံလုံးမှာ ပဋိပက္ခတွေကို တွေ့နေရတာ သိပ် ဝမ်းနည်းရကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ဟာ လူထုအပေါ် လွဲမှားစွာအကဲဖြတ်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း Priscilla Clap က ဗွီအိုအေကိုပြောပါတယ်။

မေး။ ။ မြန်မာ့အရေးနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်လာသူအနေနဲ့ ဒီကနေ့ မြန်မာနိုင်ငံကို ကြည့်တဲ့အခါမှာ ဘာတွေ့ပါသလဲ၊ ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ပထမဆုံးပြောချင်တာက ကျမ ဒီနေ့တွေ့နေရတာတွေကြောင့် အတော့်ကို စိတ်ထိခိုက်ကြေကွဲရပါတယ်။ ဘာကြောင့်လဲ ဆို ကျမက ဒီနိုင်ငံနဲ့ သိပ်ကိုနီးစပ်ပြီး နိုင်ငံတဝန်း သွားလာခဲ့ဖူးပါတယ်။ အခုတော့ တနိုင်ငံလုံးမှာ ပဋိပက္ခတွေတွေ့နေရတာ သိပ်ကို ဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခကို ဆိုးရွားလွန်းတဲ့၊ အင်မတန်မှ လမ်းလွဲနေတဲ့ စစ်တပ်ကလုပ်တာပါ။ လွန်ခဲ့တဲ့ တနှစ် အာဏာသိမ်းချိန်က သူတို့ဟာ လူထုအပေါ် လွဲမှားစွာ အကဲဖြတ်ခဲ့တယ်လို့ထင်ပါတယ်။ ရှင်းရှင်းပြောရရင် အဲဒါဟာ သိပ်ကိုတုံးတဲ့ လုပ်ရပ်ပါ။ သူတို့ဟာ တိုင်းပြည်မှာ တော်လှန်ရေးတခုပေါ်လာအောင် မီးမွှေးခဲ့ပြီး သူတို့အနိုင်ရမှာမဟုတ်ပါဘူး၊ သူတို့ဟာ အရှုံးဘက်မှာ ရှိနေပါတယ်။ လူထုကို သူတို့ လက်လွှတ်လိုက်ရပါပြီ၊ သူတို့ရဲ့ အနေအထားနဲ့ နိုင်ငံရေးအာဏာကို ဆုံးရှုံးပါလိမ့်မယ်။ လက်ရှိ မြန်မာစစ်ဘက်ကို ပြန်ကယ်နိုင်မယ့်လမ်း ကျမတော့မမြင်ပါဘူး။ စစ်တပ်ဟာ ဦးနှောက်ဆေးခံထားရပြီး ခေါင်းဆောင်ပိုင်းဟာ လူထုနဲ့ အလှမ်းကွာနေပါတယ်။ နေပြည်တော်မှာ ၁၅ နှစ်နီးပါးကြာ တခမ်းတနားနေခဲ့ကြပြီး လူထုနဲ့ ဆက်စပ်မှုမရှိတော့ပါဘူး။ အောက်ခြေကတပ်ဖွဲ့တွေနဲ့တောင် အဆက်အစပ်မရှိပါဘူး။ စစ်တပ်ရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းကြား စီးပွားရေးကွာဟချက်က သိပ်ကိုကြီးမားလွန်းပါတယ်။ လူထုနဲ့ကြားမှာ ကွာဟချက်ထက်တောင်မှ ပိုကြီးမားနိုင်ပါတယ်။ ဘာကြောင့်လဲဆို ဗိုလ်ချုပ်ကြီးတွေဟာ အကျင့်ပျက်ခြစားပြီး သူတို့ကိုယ်သူတို့ ချမ်းသာအောင် လုပ်ခဲ့ကြလို့ပါ။ သူတို့က သိပ်ကို အခွင့်ထူးခံ နေထိုင်ကြပြီး အောက်ခြေလူထုကတော့ စားစရာရဖို့ ကြက်ရက်သလိုရှာနေရပါတယ်။ လူထုဆီကနေ စစ်သားတွေ လုယက်နေကြတာမှာ ဒါက အဓိကအကြောင်းတခုပါ။ သူတို့ကိုယ်တိုင်အတွက် ငွေနဲ့စားစရာ လိုနေလို့ပါပဲ။ ဒါဟာ သိပ်ကို ဆိုးရွား လွန်းတဲ့အခြေအနေပါ။ ဒါကြောင့် လက်ရှိအနေအထားမှာ မြန်မာစစ်တပ်ဟာ သက်ဇိုးရှည်မှာမဟုတ်ဘူးလို့ ကျမခံစားမိပါတယ်။

မေး။ ။ ကျန်တဲ့ မြန်မာလူထု များရာစုကြီးအတွက် လက်ရှိအချိန်မှာ မှောင်မိုက်တဲ့ လိုဏ်ခေါင်းအဆုံး အလင်းရောင်တခုခု ရှိဦးမယ်၊ တနည်းအားဖြင့် မျှော်လင့်ချက်ရှိဦးမယ်လို့ မြင်ပါသလား။

ဖြေ။ ။ လိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို ကျမ တကယ်ပဲမြင်ပါတယ်၊ ဒါပေမယ့် လိုဏ်ခေါင်းက သိပ်ရှည်ပါတယ်၊ အဲဒါ ကျမကို စိုးရိမ်စေတာပါပဲ။ ဘာကြောင့်လဲဆို သိပ်ကြောက်ရွံ့ဖို့ကောင်းတဲ့ အကြမ်းဖက်အခြေအနေကို ကာလအရှည်ကြီး ဖြတ်ကြ ရတဲ့ လူထုပေါ်မှာ သိပ်ကိုအားကောင်းပြီး အနုတ်လက္ခဏာဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ကျန်ခဲ့မှာကြောင့်ပါ။ လူတွေ ပြန်ပြီး နာလန်ထူဖို့ အချိန် အရမ်းကြာပါလိမ့်မယ်။ အခုချိန်မှာကိုပဲ NUG ၊ NUCC ၊ တိုင်းရင်းသားတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေ၊ အတိုက်အခံတွေပါဝင်တဲ့ အဖွဲ့အစည်းတွေက ကြိုးပမ်းအားထုတ်နေကြတာ၊ အထိုက်အလျောက် လွတ်လပ်မှုရခဲ့တဲ့ နှစ်တွေအတွင်း ပေါ်လာခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီး သူတို့လိုချင်တဲ့ အနာဂတ်က ဘယ်လိုပုံမျိုးဆိုတာကို ပြောဆို နေကြတာတွေကို တွေ့ရတာ သိပ်ကျေနပ်မိပါတယ်။ အဲဒါဟာ သိပ်ကိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ပေါ် ထောက်ခံမှု အများကြီးပေးဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ကို အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံနေတဲ့ အပေါ် ကျမအားတက်မိပါတယ်။ တိုင်းပြည်ရဲ့အနာဂတ် ဘယ်လိုပုံမျိုးဖြစ်ချင်သလဲဆိုတာ အတိုက်အခံတွေအားလုံး တညီတညွတ်ထဲ ဆွေးနွေးညှိနှိုင်းပြီး ကျလာဖို့နဲ့ အဲဒီအနာဂတ်ဆီ ရောက်အောင်သွားနိုင်ဖို့ ကျမတို့ ကူညီရပါမယ်။

မေး။ ။ အမေရိကန်အစိုးရကို တိုက်တွန်းထားတဲ့ အချက်တွေထဲမှာ မြန်မာနိုင်ငံတွင်းက အရပ်သားလူထုအတွက် လူသားစာနာမှု အကူအညီတွေပေးပို့ရေး နိုင်ငံတကာကြိုးပမ်းမှုတွေကို အမေရိကန်က ဦးဆောင်ဖို့ဆိုတာလည်း ပါတာတွေ့ရပါတယ်။ အမေရိကန် အစိုးရက အဲဒါကို ကြားပါရဲ့လား။

ဖြေ။ ။ ကြားပါတယ်၊ ပြီးခဲ့တဲ့ရက်ကပဲ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူတွေထဲက ဝါအရင့်ဆုံးတယောက်နဲ့ ကျမတို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဒေါ်လာ သန်း ၅၀၀ နီးပါးတန် လူသားစာနာမှုအကူအညီတွေကို နယ်စပ်ဒေသ ဟိုဘက်ဒီဘက် မှာ လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် ပေးပို့ခဲ့ပြီးပြီလို့ သူကပြောခဲ့ပါတယ်။ အကူအညီတချို့ကတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေအတွက်ပို့ခဲ့ပြီး တချို့ကိုတော့ ထိုင်းနိုင်ငံက ဒုက္ခသည်တွေအတွက် ပေးခဲ့ပါတယ်။ အများစုက မြန်မာပြည်တွင်းအတွက်ပါ။ နယ်စပ်ဟိုဘက်ဒီဘက်က အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေကနေ ပေးခဲ့တာပါ။ ကျမတို့ အကြံပေးနေတာက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ကြားမှာ ညှိနှိုင်းလုပ်ဆောင်ကြဖို့ပါ။ နိုင်ငံတကာဆိုတာက ညှိနှိုင်းလုပ်ဆောင်တာမှာ သိပ်ကောင်းလှတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုညှိနှိုင်းလုပ်ဆောင်တာမျိုးအတွက် အမေရိကန်က ဦးဆောင်မှုအခန်းကဏ္ဍ လိုအပ်ပါတယ်။ ကုလသမဂ္ဂကိုလည်း USAID ကတဆင့် အကူအညီတွေပေးနေပါတယ်။ ဒီလုပ်ငန်းတွေ ကို စပြီး ညှိနှိုင်းလုပ်ဖို့လိုပါတယ်။ လူသားစာနာမှု အကူအညီသာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါနဲ့စပြီး အဲဒီကနေ အတိုက်အခံနဲ့ ပြည်တွင်းပြည်ပကလူထုကို ကူညီပြီးတော့ အနာဂတ်အတွက် စဉ်းစားရေး လုပ်သွားရမှာဖြစ်ပါတယ်။

မေး။ ။ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူက မြန်မာ့အရေးနဲ့ပတ်သက်ပြီး နောက်ဆုံးထုတ်တဲ့ အစီရင်ခံစာထဲမှာ အမေရိကန် အစိုးရ လုပ်စေချင်တာတွေကို အကြံပေးထားတဲ့ထဲမှာ လူသားစာနာမှုအကူအညီအပြင် တခြားအချက်တွေလည်းပါပါတယ်။ ဒါပေမယ့် ကျနော်စဉ်းစားမိတာက မြန်မာနိုင်ငံမှာ အမေရိကန်အတွက် မဟာဗျူဟာမြောက် အကျိုးစီးပွားတခုခု ကျနော် မတွေ့မိပါ ဘူး၊ ရှိတယ်ဆိုရင်လည်း ကျနော့်ကို ပြောပြပါ၊ တဘက်မှာလည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ တရုတ်ရှိနေပါတယ်။ အမေရိကန်ဟာ မြန်မာ့အရေးကြောင့်မို့လို့တော့ တရုတ်နိုင်ငံနဲ့ကြားမှာ မလိုအပ်ဘဲ အငြင်းပွား တင်းမာရတာမျိုး ဖြစ်ချင်မယ်လို့ ကျနော်မထင်ပါဘူး။ ဒီအချက်တွေကို ထည့်စဉ်းစားပြီး မြန်မာ့ အာဏာသိမ်းအကျပ်အတည်းကို ကူညီဖြေရှင်းတာမှာ အမေရိကန် အနေနဲ့ ဘယ်လောက်အားသာချက်များ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ အခြေအနေပေါ်မှာ အမေရိကန်ရဲ့ ချက်ခြင်း သြဇာသက်ရောက်နိုင်မှု ဒါမှမဟုတ် ချက်ခြင်းသက်ရောက်နိုင်မှုက သိပ် နည်းတယ်ဆိုတာ မှန်ပါတယ်။ ဒါဟာ ပထဝီအနေအထားပါ၊ ပထဝီအနေအထား လက်တွေ့အခြေအနေကနေ စရပါမယ်။ ကျမတို့ က ကမ္ဘာ့တဘက်ခြမ်းမှာ ရှိနေတာပါ၊ ဒါကြောင့် ဒေသတွင်းက မဟာမိတ်တွေ၊ လက်တွဲဘက်တွေနဲ့ လုပ်ကိုင်ရပါမယ်။ ကျမတို့က တရုတ်လို နယ်နိမိတ်ချင်း ထိမနေပါဘူး၊ တရုတ်က နယ်စပ်အရှည်ကြီး ထိနေတာပါ။ တရုတ်နဲ့မြန်မာကြား လူမျိုးစုနဲ့ သမိုင်း ကြောင်း ဆက်ဆံရေးကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ တရုတ်က အမြဲရှိနေမှာပါ။ ဒါကို အချက်အလက်တခုအဖြစ် ကျမတို့ အသိ အမှတ်ပြုပါတယ်။ မက္ကဆီကို၊ ကနေဒါနဲ့ ကျမတို့ကြားမှာလည်း အဲဒီလိုဆက်ဆံရေးမျိုး ရှိတာပါပဲ။ တရုတ်နိုင်ငံဟာ ကျမတို့ထက် မြန်မာနိုင်ငံမှာ ပိုကြီးမားတဲ့ ချက်ခြင်းလက်ငင်း အကျိုးစီးပွားရှိပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေဟာ မြန်မာနိုင်ငံ အပေါ် သိပ်ကြီးမားတဲ့ သက်ရောက်မှုရှိတယ်ဆိုတာကိုလည်း သဘောပေါက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆို ဒီတော်လှန်ရေး ဆက်ဖြစ်နေတာ အဲဒါကြောင့်ပါပဲ။ ဒီမျိုးဆက်သစ်နဲ့ ကျမတို့ လက်တွဲလုပ်လာတာ ခုဆို ၂၅ နှစ်ကျော်ပါပြီ။ ၈၈ ကတည်းကပါပဲ။ လွတ်လပ်မှုအောက်မှာ၊ စစ်အာဏာရှင်မဟုတ်တဲ့ အစိုးရတခုလက်အောက်မှာ နေရတဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာ စဉ်းစားနိုင်ဖို့ လုပ်ခဲ့ပါတယ်။ သူတို့ အဲဒါကို နားလည်ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုပါ၊ တရုတ်မဟုတ်ပါဘူး။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံမှာ အမေရိကန်ရှိနေတာထက် ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကို ပိုကြောက်ပါ တယ်။

မေး။ ။ နောက်မေးချင်တဲ့ကိစ္စတခုက အမေရိကန် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေ (NDAA) ထဲမှာပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖြည့်စွက် ပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့အပိုင်းပါ။ မစ္စ Priscilla ရဲ့အမြင်မှာ အဲဒီ NDAA ထဲက မြန်မာနိုင်ငံဆိုင်ရာ ဖြည့်စွက် ပြဌာန်းချက်တွေဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်း အကျပ်အတည်းကို ကူညီဖြေရှင်းတာမှာ ဘယ်လောက် အားကောင်းကောင်းနဲ့ အထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ NDAA ဟာ အမေရိကန်မှာ နှစ်စဉ်ပြဌာန်းတဲ့ အဓိကဥပဒေတခုဖြစ်ပြီး ဒီဇင်ဘာလမှ သမ္မတက လက်မှတ်ထိုး ပြဌာန်းခဲ့ တာကြောင့် အဲဒီဖြည့်စွက် ပြဌာန်းချက်တွေ အသက်ဝင်နေပါပြီ။ ကွန်ဂရက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဝေ့လည် နေတဲ့ ဥပဒေမူကြမ်းအတော်များများက အသက်ဝင်နေတာမဟုတ်ဘဲ စိတ်ကူးလောက်ပါပဲ၊ ဒီတခုကတော့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို တုံ့ပြန်လုပ်ဆောင်တာမှာ မဟာဗျူဟာသစ် ထွက်လာအောင်လုပ်ဖို့လိုတဲ့ အသက်ဝင် နေပြီးသား ပြဌာန်းချက်ပါ။ ကျမတို့ USIP ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေဟာ အချိန်ကိုက်ဖြစ်သွားပါတယ်။ NDAA နဲ့ ဆက်စပ်မယ်လို့ ကျမတို့မသိခဲ့ပါဘူး။ ဒါပေမယ့် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလနှောင်းပိုင်း ဒါမှမဟုတ် မတ်လအစောပိုင်းမှာ သူတို့ရဲ့ မြန်မာ့အရေး မဟာဗျူဟာသစ်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ အစီရင်ခံရပါမယ်။ နိုင်ငံခြားရေးဌာန ကလူတွေ အဲဒီအတွက် ပြင်ဆင်နေကြပြီး ကျမတို့နဲ့ ပြောဆိုဆွေးနွေးနေပါတယ်။ USIP.org ဝက်ဘ်ဆိုက်တ်မှာ ကြည့်လို့ရတဲ့ ကျမတို့ အစီရင်ခံစာထဲမှာ မဟာဗျူဟာသစ် ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ အကြမ်းဖျဉ်းအချက်တွေ ပါဝင်ပါတယ်။ နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ဆက်လုပ်သွားဖို့၊ တရားမဝင် SAC အစိုးရကို တရားဝင်မှုမရအောင် ဆက်ပြီးလုပ်သွားဖို့၊ စစ်တပ်က ကျူးလွန်ထားတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေ ဆက်ပြီး စုဆောင်းသွားပြီး အဲဒါတွေကို နိုင်ငံတကာတရားရုံးတွေမှာ တင်ပြသွားကြမှာပါ။ ဒီနေ့ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ အနာဂတ်မှာ အဖမ်းခံရပြီး နိုင်ငံတကာတရားရုံးတွေမှာ စစ်ဆေးခံရနိုင်တဲ့ အန္တရာယ်ကိုရှောင်ပြီးတော့ နိုင်ငံပြင်ပကိုခရီးသွားဖို့ မဖြစ်နိုင်တာ မဟုတ်ဘူးဆိုရင်တောင် ခက်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို သူတို့လုပ်နေတာက နိုင်ငံတကာဥပဒေအားလုံးကို ပြောင်ကျကျ အံတုစိန်ခေါ်နေတာကြောင့်ပါ။ ဒါကို သူတို့သတိထားမိပုံ မရပါဘူး။ သူတို့ အပြစ်ပေးခံရတဲ့အဆင့် ရောက်မှာမဟုတ် ဘူးလို့ သူတို့ထင်နေပုံရပြီး အဲဒါမမှန်ပါဘူး။ ဆိုတော့ ဒီကြိုးပမ်းမှုအားလုံးက လုပ်ငန်းစဉ်ထဲမှာ ပါဝင်ပါမယ်။ NDAA မှာပါတဲ့ ဖြည့်စွက်ပြဌာန်းချက်တွေကိုကြည့်ရင် ဒီလုပ်ဆောင်ချက်အမျိုးမျိုးကိုလုပ်ဖို့ လိုအပ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပြီး ဒါတွေဟာ အခု စဉ်းစားနေတဲ့ထဲမှာ ပါဝင်ပါတယ်။