တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတချို့ သူတို့ပိုင်ဆိုင်ကြောင်း ကုလမှာ ဗီယက်နမ်တင်သွင်း

တောင်တရုတ်ပင်လယ်ပြင်ထဲက ဗီယက်နမ်ထိန်းချုပ်ထားတဲ့ Southwest Cay ကျွန်း (သို့) Pugad ကျွန်းကို ဝေဟင်မှမြင်တွေ့ရစဉ် (ဧပြီ ၂၁၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို သူတို့ ပိုင်ဆိုင်တယ်လို့ ဗီယက်နမ်နိုင်ငံက ကုလသမဂ္ဂကို တင်ပြတောင်းဆို လိုက်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားလိုက်ပါတယ်။ ဒေသတွင်း အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံက အလာတူး တောင်းဆိုပြီး တလအကြာမှာပဲ ဗီယက်နမ်ဘက်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပင်မကုန်းမြေနဲ့ ရေမိုင် ၂၀၀ ထက် ကျော်လွန်တဲ့ ပင်လယ်ပြင်ထဲက ကျွန်းတွေကို ပိုင်ဆိုင်ကြောင်းတင်သွင်းတာဟာ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေး နဲ့ တာဝန်တွေကို ပင်လယ်ရေကြောင်းဆိုင်ရာ မူဘောင်တွေနဲ့အညီ ကျင့်သုံးဖို့ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အခုတကြိမ်ဟာ ဒီနယ်မြေတွေနဲ့ ပတ်သက်ပြီး သူတို့ပိုင်ဖြစ်ကြောင့် ဗီယက်နမ်ဘက်က ၃ ကြိမ်မြောက် တင်သွင်းတာဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာပြောထားပါတယ်။

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို သူတို့ပိုင်နယ်မြေတွေဖြစ်တယ်လို့ ပြောထားပြီး၊ အဲဒီထဲမှာ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဗီယက်နမ် နိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေလည်း ပါဝင်တာဖြစ်ပါတယ်။ ဖိလစ်ပိုင်ဘက်က ပြီးခဲ့တဲ့လက အလားတူတင်သွင်းခဲ့ပေမယ့်လည်း ဗီယက်နမ်ဘက်ကလည်း ဒီကျွန်းစုတွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ကို နှုတ်နဲ့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ပြောကြားခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာဥပဒေအရတော့၊ အဲဒီ Paracel နဲ့ Spratly ကျွန်းစုတွေဟာ ဗီယက်နမ်နိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်နယ်မြေဖြစ်တယ်လို့ ဗီယက်နမ်ဘက်က ထပ်ပြီး အတည်ပြုပြောကြားလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း အဲဒီကျွန်းစုတွေနားမှာ ရေနံနဲ့ သဘာဝဓါတ်ငွေအပြင်၊ ငါးနဲ့ တခြားသဘာဝထွက်ကုန်တွေလည်း အလွန်ပေါပြီး ၊ ရေကြောင်းသွားလာမှုအရလည်း အချက်အချာ မဟာဗျူဟာ ကျတာကြောင့် ဒေသတွင်းနိုင်ငံတွေကြားမှာ သူပိုင် ငါပိုင် အငြင်းပွားနေကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတချို့ သူတို့ပိုင်ဆိုင်ကြောင်း ကုလမှာ ဗီယက်နမ်တင်သွင်း