[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချဖို့နဲ့ လေယာဉ်ဆီ မရောင်းချဖို့အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေချမှတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ Facebook အပါအဝင် အမေရိကန်အခြေစိုက် လူမှုကွန်ယက်တွေကို အသုံးချပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ဖို့နဲ့ သတင်းမှားတွေ ဖြန့်ဝေဖို့ အသုံးချတာမျိုး ခွင့်မပြုဖို့၊ တားမြစ်ဖို့လည်း နိုင်ငံခြားရေးကော်မတီက တောင်းဆိုထားပါတယ်။ မနေ့က အွန်လိုင်းက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအကြောင်း ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချဖို့နဲ့ လေယာဉ်ဆီ မရောင်းချဖို့အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ Facebook အပါအဝင် အမေရိကန် အခြေစိုက် လူမှုကွန်ယက်တွေကို အသုံးချပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ဖို့နဲ့ သတင်းမှားတွေ ဖြန့်ဝေဖို့ အသုံးချတာမျိုး ခွင့်မပြုဖို့၊ တားမြစ်ဖို့လည်း နိုင်ငံခြားရေးကော်မတီက တောင်းဆိုထားပါတယ်။ မနေ့က အွန်လိုင်းက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအကြောင်း ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆက်လက် ကျုးလွန်နေတယ်လို့ ကော်မတီအဖွဲ့ဝင်တွေက မနေ့က အွန်လိုင်းက ကြားနားပွဲမှာ ပြောဆိုပါတယ်။
မြန်မာစစ်တပ်နဲ့စစ်ကောင်စီအဖွဲ့ဝင်တွေအပြင် ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူဖို့ Burma Act လို့ ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းတရပ်ကို အမေရိကန်လွှတ်တော်မှာ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အဆိုပြုထားပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်ကြာလာတဲ့အချိန် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပိုပြီး တိုးလာတာကို ရှုတ်ချတဲ့ဆုံးဖြတ်ချက်တရပ်လည်း နိုင်ငံခြားရေးကော်မတီက အတည်ပြုထားပါတယ်။ မနေ့က ကြားနာပွဲမှာ မြန်မာနိုင်ငံအခြေအနေကို အံအားသင့် တုန်လှုပ်မိပါတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Gregory Meeks က အွန်လိုင်းက ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။
“အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က အဓိပ္ပါယ်မဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို မြန်မာပြည်သူတွေအပေါ် ကျုးလွန်ခဲ့ပါတယ်။ လူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် လူ ၁,၅၀၀ လောက် အသတ်ခံခဲ့ရပြီး လူပေါင်း ၁၇,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လူ ၄၀၀,၀၀၀ လောက် ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြပါတယ်။ ဒီမိုကရေစီအပေါ် ထိုးနှက်တိုက် ခိုက်မှုတွေ၊ အခြေခံ အခွင့်အရေးအပေါ် ဖိနှိပ်မှုတွေကို ကျနော် အကြီးအကျယ် တုန်လှုပ်ထိတ်လန့်မိပါတယ်။
... ဒီ ကော်မတီအနေနဲ့ အရေးကြီးတဲ့ သတင်းစကားပါးချင်တာက ဒီမိုကရေစီကို သေးသိမ်မှေးမှိန်အောင်လုပ်သူတွေ၊ နိုင်ငံတကာဥပေဒကို ချိုးဖေါက်သူတွေ၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖေါက်မှုတွေကို တာဝန်ခံမှုရှိလာအောင် အရေးယူ လုပ်ဆောင်သွားမယ်ဆိုတာပါ။”
ဒီမိုကရေစီလိုလားတဲ့ လမ်းမပေါ်က ပြည်သူတွေရဲ့ ဆန့်ကျင်ပွဲတွေကို သွေးထွက်သံယိုနှိမ်နင်းတဲ့ ရက်စက်မှုတွေကို မျက်မြင်သက်သေ တွေ့ခဲ့ရတယ်လို့ ပြောဆိုသွားသူကတော့ အမေရိကန်ပြည်ထောင်စု မြောက် Carolina ပြည်နယ်က အောက်လွှတ်တော်အမတ် Kathy Manning ပါ။ ဒီမိုကရေစီတောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဖိနှိပ်မှုတွေအပြင် ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ်မပြုတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကိုလည်း ပြန်လည် တင်ပြသွားပါတယ်။
“မြန်မာစစ်တပ်က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျုးလွန်တာ၊ နှိပ်စက်ညှဉ်းပန်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကျမ အထူးပဲ တုန်လှုပ်အံ့အားသင့်မိပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ အင်မတန်ကြောက်မက်ဖွယ်ရာ ရက်စက်တဲ့လုပ်ရပ်တွေကို စစ်တပ်က ကျုးလွန်နေပါတယ်။”
မနေ့က နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲမှာ Facebook အပါအဝင် အမေရိကန် အခြေစိုက် လူမှုကွန်ယက်တွေကို အသုံးချပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ဖို့နဲ့ သတင်းမှားတွေ ဖြန့်ဝေဖို့ အသုံးချတာမျိုး ခွင့်မပြုဖို့၊ တားမြစ်ဖို့လည်း နိုင်ငံခြားရေးကော်မတီက အမေရိကန် အစိုးရကို တောင်းဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုကပေးမယ့် နိုင်ငံခြား အကူအညီတွေကို အမှန်တကယ်လိုအပ်တဲ့ ပြည်သူတွေဆီကို မရောက်တာမျိုး ဖြစ်မှာစိုးလို့ မလုပ်နိုင်ဘူးဆိုရင် အကူအညီတွေကို ဆိုင်းငံ့ထားဖို့ လိုအပ်မယ်ဆိုပြီး ပြင်ဆင်ချက် ထည့်သွင်းဖို့လည်း ပန်ဆဲလ်ဗေးနီးယားပြည်နယ် အောက် လွှတ်တော်အမတ် Scott Perry က တင်သွင်းပါတယ်။
လက်ဘနွန် နိုင်ငံမှာ Hezbollah အဖွဲ့ကိုတိုက်ဖို့ အမေရိကန်ပြည်ထောင်စုက ပေးခဲ့တဲ့ ဒေါ်လာ သန်းနဲ့ချီတဲ့အကူအညီတွေ Hezbollah ရည်မှန်းသလို မဖြစ်ခဲ့တာ၊ ဆီရီးယားမှာဆိုရင်လည်း သန်းနဲ့ချီတဲ့ အမေရိကန်ရဲ့လူသားချင်းစာနာမှု အကူအညီတွေ၊ Assand အစိုးရလက်ထဲ ရောက်သွားခဲ့တာ၊ ယီမင်မှာဆိုရင်လည်း အီရန်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ Houthis သူပုန်တွေလက်ထဲ ရောက်သွားခဲ့တာတွေကို ဥပမာပေးပါတယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးရင်လည်း လူ့အခွင့်အရေး ချိုးဖေါက်သူတွေလက်ထဲ ရောက်သွားအောင် ပေးလိုက်သလို ဖြစ်မှာကို သူက ထောက်ပြတာပါ။
ဒီလို ပြင်ဆင်ချက်ကို နိုင်ငံခြားရေး ကော်မတီဥက္ကဋ္ဌ Gregory Meeks အပါအဝင် နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင်တော်တော်များများ လက်မခံပါဘူး။ အဓိက ကန့်ကွက်သူတွေထဲမှာ “Burma Unified through Rigorous Military Accountability Act of 2021” လို့ အမည်ပေးထားတဲ့ ၂၀၂၁ ခုနှစ် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ပူးတွဲ အဆိုပြုခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Steve Chabot လည်း ပါဝင်ပါတယ်။
“မြန်မာပြည်သူတွေဟာ အကြပ်အတည်းကို ရင်ဆိုင်နေရတာပါ။ စစ်တပ်နဲ့ ပတ်သက်ပြီး နောက်ထပ် ရေရှည်အတွက် အမြဲတမ်း အဖြေတခု မရမချင်း ကျနော်တို့ရဲ့ ထောက်ခံပံ့ပိုးမှု အခုအချိန်မှာ လိုအပ်နေတာပါ။ အမေရိကန် လွှတ်တော်အနေနဲ့လည်း မြန်မာနိုင်ငံအတွက် အကူအညီတွေပေးနေပြီး အခု ဒီ ဥပဒေကြမ်းထဲမှာ ထည့်သွင်းထားတဲ့ အကူအညီပေးရေးဆိုတာက နောက်ထပ် ထပ်ပြီး သုံးဖို့ တောင်းဆိုတာ မဟုတ်ဘူးဆိုတာ ကျနော် အလေးအနက် ရှင်းပြချင်ပါတယ်။ နောက်ထပ် အကူအညီတွေ ထပ်ပေးဖို့ဆိုတာက နောင် လွှတ်တော် ဘဏ္ဍာငွေ ခွဲတမ်းချထားရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ပါတယ်။”
မြန်မာပြည်သူတွေအတွက် အကူအညီ သေရေရှင်ရေးတမျှ အရေးကြီးတဲ့အချိန်မှာ လူသားချင်းစာနာမှု အကူအညီပေးေး ဆိုင်းငံ့ဖို့ ပြင်ဆင်ချက် ထည့်သွင်းတာကို လက်မခံနိုင်ဘူးလို့ အောက်လွှတ်တော်အမတ် Steve Chabot ငြင်းပယ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်နဲ့ချီ ကြိုးပမ်းခဲ့တရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အတိမ်းအစောင်း မခံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို သွေဖီပြီး မြန်မာစစ်တပ်က ဥပဒေမဲ့ အာဏာသိမ်းယူခဲ့တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ကြေညာချက် ထုတ်ပြန်ထားတာပါ။ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးကို တာဝန်ပေးဖို့ ကုလသမဂ္ဂက ထိရောက်တဲ့ အရေးယူမှုတွေလုပ်အောင် အမေရိကန်က ဖိအားပေးဖို့ စတဲ့အချက်တွေကို အမေရိကန်လွှတ်တော်မှာ အဆိုပြုထားပါတယ်။
Your browser doesn’t support HTML5
==========
[[Zawgyi/Unicode]]
==========