အမေရိကန် ဘာသာရေးအစီရင်ခံစာ မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုဆို

USCIRF ၂၀၁၆ အစီရင်ခံစာ

သြဂုတ်လ ၁၀ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေးလွတ် လပ်ခွင့် အစီအရင်ခံစာမှာဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ ဥပဒေပြဌာန်းမှုနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အတွင်းဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေကိုဖော်ပြထားတာဖြစ်ပြီးအဲ့ဒီကာလအတွင်းဥပဒေကြောင်းအရဘာသာရေးလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာမျိုးစောင့်ဥပဒေဆိုတဲ့ ဥပဒေလေးရပ်ပြဌာန်းပြီးဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးချိုးဖောက်ခဲ့သလို၊ လက်ရှိအစိုးရသစ်အနေနဲ့လည်းဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာမျိုးမတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဘာသာရေးပုတ်ခတ်စော်ကားမှုကြောင့် အရေးယူတဲ့ ဥပဒေတွေ၊ ဘာသာကူးပြောင်းမှုကြောင့် အရေးယူနိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတွေကိုဒီအစီရင်ခံထဲရွေးထုတ်ဖော်ပြရာမှာ မြန်မာနိုင်ငံလည်းပါဝင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်အတွင်းမျိုးစောင့်ဥပဒေလို့ ခေါ် တဲ့ ဥပဒေ ၄ခုနဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံခဲ့ရသလိုဘာသာရေးကို နိုင်ငံရေးအလို့ငှာ ခုတုံးလုပ်ခဲ့တာမျိုးတွေလည်းရှိတယ်လို့ Triangle အမျိုးသမီးအဖွဲ့က မခင်လေးကပြောပါတယ်။

“ကျမတို့အနေနဲ့ ဒီ ဥပဒေ ၄ ခုနဲ့ ပတ်သက်ပြီးတော့ ပြဌာန်းမယ့်ကိစ္စကို ပြန်လည်ပြီးတော့ စဉ်းစားသင့်ပါတယ်ဆိုပြီးတော့ ကျမတို့ကိုယ်တိုင်တိုက်တွန်းတာတွေ ဆွေးနွေးတာတွေ လွှတ်တော်မှာလည်းလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲဘူးပေါ့။ ဒီဥပဒေတွေကို အခုအချိန်မှာ ပြဌာန်းဖို့မသင့်တော်သေးဘူးလို့ ကျမတို့ဆွေးနွေးပေမယ့် ဆွေးနွေးတဲ့လူတွေက ကျမတို့ ကို အမျိုးသားသစ္စာဖောက်အဖြစ်နဲ့ သမုတ်ခံရတယ်။ ဆိုတော့ လွတ်လပ်ခွင့်မရှိတာကတော့ ကျမတို့ကိုယ်တိုင်တွေ့မို့လို့အတိအကျပဲ။ နောက်သမ္မတ ဦးသိန်းစိန်လက်ထက်မှာတုန်းကတော့ ဘာသာရေးနဲ့ အမျိုးသားရေးတက်ကြွ တဲ့သူတွေကို နိုင်ငံရေးမှာအသုံးချဖို့အတွက် ကြံစည်ပြီးတော့လုပ်ထားတဲ့ဟာဆိုတာ ကျမတို့မှာ တိတိကျကျကြီးရှိတယ်။ နိုင်ငံရေးအတွက်ဆိုတာ ရွေးကောက်ပွဲအတွက်၊ အခြားသောကိစ္စတွေမှာပေါ့နော် လိုရင်လိုသလိုအသုံးချဖို့အတွက် ဂိုဏ်း တဂိုဏ်းကိုမွေးထားသလိုမျိုးပေါ့နော် အဲဒီလို ကျမတို့မြင်တယ် အဲလိုလဲ လုပ်ခဲ့တယ်။”

အစိုးရသစ်လက်ထက်မှာတော့ ဘာသာရေးအကြမ်းဖက်မှုတွေ၊ ပုတ်ခတ်စော်ကားမှုတွေကိုကိုင်တွယ် လိုတဲ့သဘောထားရှိတာမျိုးတော့ တွေ့ရတယ်လို့ မခင်လေးကပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၁၅ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ အစိုးရအာဏာပိုင်တွေရဲ့ မူဝါဒတွေ၊ ကျင့်ထုံးတွေဟာသူ့တို့ကိုယ်သူ့တို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ရခိုင်ပြည်နယ်ကလူနည်းစုမူဆလင်တွေအပေါ်မှာခွဲခြားဆက်ဆံမှုတွေလည်းရှိတယ်လို့လည်းဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေ၊ လူနည်းစု ဘာသာခြားတွေရဲ့ အခွင့်အရေးချိုးဖောက် ခံရမှုတွေနဲ့ ပတ်သက်လို့ Gender Equality အဖွဲ့ကမမေစံပယ်ဖြူကအခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာထက် ကျမအမြင်ကတော့ လူနည်းစု ဘာသာခြားတွေအပေါ်မှာ ထိပါးတဲ့ အပြုအမူ၊ ပြီးတော့ တခြားဘာသာဝင် လူနည်းစု တွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမူမရှိတဲ့ အပြုအမူတွေကို ကျမတို့အများကြီးပဲ တွေ့လာမြင်လာရတဲ့အတွက်ကြောင့် ဒါတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာတွေ အရေးယူတာတွေ မရှိခဲ့တဲ့အတွက်ကြောင့် ကျမတို့ကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ တော်တော်လေး အခြေအနေအရ မကောင်းသေးဘူးလို့ ကျမလည်း အဲဒီလိုထောက်ခံပြောဆိုလိုပါတယ်။”

မျိုးစောင့်ဥပဒေ ၄ခုကို အတည်ပြုပြဌာန်းနိုင်မှုကို၂၀၁၅ခုနှစ် စက်တင်ဘာလက နိုင်ငံအဝှမ်း အောင်ပွဲခံခဲ့တဲ့ မဘသအဖွဲ့နဲ့ ပတ်သက်လို့တော့ အစိုးရသစ်လက်ထက် ဇူလိုင်လ ၁၂ရက်နေ့ကနိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က မဘသဟာတရားဝင်သံဃာ့အဖွဲ့အစည်းမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာအပေါ် မြန်မာ နိုင်ငံ ခြားရေးဝန်ကြီးဌာနဘက်ကတော့ တိတိကျကျ တုန့်ပြန်ချက်မပေးနိုင်သေးဘူးလို့ တာဝန်ရှိသူကပြောပါတယ်။

“ကျနော်တို့တွေကတော့ အဲဒါကို ထုတ်ပြန်မယ်ဆိုရင် အစအဆုံး သေချာဖတ်ပါတယ်။ ကျနော်တို့လုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ကိုက်ညီမူရှိမရှိဆိုတာ ပုံမှန်ကတော့ လိုရင်လိုသလိုမျိုး ဒီသတင်းထုတ်ပြန်တာတွေ လုပ်လေ့လုပ်ထရှိပါတယ်။ သို့သော် ဒီလက်ရှိအစိုးရသစ်လက်ထက်မှာတော့ ကျနော်တို့တွေအပေါ်ကို ဝေဖန်တယ်ဆိုရင် ကျနော်တို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက်ပေါ့နော် constructive သဘောနဲ့ ဝေဖန်တာဟုတ်လားဆိုတာကို ကျနော်တို့နားထောင်ဖို့အတွက် မူဝါဒအသစ်ရှိပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနကအခုလိုထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေဟာသက်ဆိုင်ရာ နိုင်ငံတွေအပေါ် အမေရိကန်အစိုးရရဲ့ မူဝါဒချမှတ်ရာမှာ ထင်ဟပ်ဖော်ပြရလေ့ရှိပါတယ်။ ဒါဟာအမေရိကန်အစိုးရရဲ့ အကူအညီပေးရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိသလို၊ တဘက်မှာအရေးယူမှုတွေလည်း ပါဝင်တတ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် ဘာသာရေးအစီရင်ခံစာ မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုဆို